ပညာအလင်းရောင် ကူညီထွန်းပြောင်စေသည် ဆိုရာတွင်
. .
ကျွန်မ ဂုဏ်ထူးတန်း(ဒုတိယနှစ်) တက္ကသိုလ်
ကျောင်းသူဘ၀၊ ၂၀၀၂ ခုနှစ်။ အတန်းတင် စာမေးပွဲဖြေပြီးချိန်၊ ကျောင်းပိတ်ချိန်တိုင်း
ကျောင်းစရိတ်ရရန် အချိန်ပိုင်းအလုပ်တစ်ခုခု လုပ်လေ့ရှိပါသည်။ တစ်နေ့ ကျွန်မအလုပ်နေရာသို့
တက္ကသိုလ် မှ ဆရာမ (၂) ယောက်လိုက်လာပါသည်။ ကျွန်မအား ပါမောက္ခ ခေါ်ခိုင်းသည်ဆိုကာ ကျောင်းသို့
လိုက်သွားရသည်။ ဘာကြောင့်ခေါ်သည် မပြော။ ရင်တထိတ်ထိတ်ဖြင့် ကျောင်းသို့ရောက်သော် အဖြေကား
နိုင်ငံခြား တက္ကသိုလ်တစ်ခုမှ ပညာသင်ဆုခေါ်ကြောင်း သိရသည်။ တက္ကသိုလ်မှ ဘာသာရပ်တိုင်း
တွင် ဒုတိယနှစ် (ဂုဏ်ထူးတန်း)မှ အမှတ်အများဆုံး ရရှိသူများအား လျှောက်လွှာခေါ်ကြောင်း
သိရပါသည်။ တက္ကသိုလ်ကျောင်းသူဘ၀တွင် ကျွန်မ အမျှော်လင့်ဆုံးဆု . .အလိုချင်ဆုံး အခွင့်အရေးတစ်ခုဖြစ်ပါသည်။
ထိုမျှော်လင့်ချက်ကြောင့် တက္ကသိုလ်စတက်ချိန်မှ ယခုတက်နေသော ဂုဏ်ထူးတန်း(ဒုတိယနှစ်)
ရောက်သည်အထိ အစွမ်းကုန် ကြိုးစားခဲ့ပါသည်။ ပျော်ရွှင်၊ ကြေနပ်ဝမ်းမြောက်မှုများစွာနှင့်
လိုအပ်သော ကိုယ်ရေးရာဇ၀င်များဖြည့်ပြီး တက်ကြွသော ခြေလှမ်းများဖြင့် မိဘများအား ဝေမျှသော
အိမ်အပြန်လမ်း။ ထက်သန်သော မျှော်လင့်ချက်ရောင်ခြည်များဖြင့် နေ့သစ်များကိုနိုးထခဲ့သော်လည်း
. . ။ ထိုဆုကို ကျွန်မ မရခဲ့ပါ . .။ ကျွန်မထက် ပို၍ထူးချွန်သော တခြားဘာသာရပ်မှ ကျောင်းသူတစ်ဦး
ရရှိသွားပါသည်။
ဝမ်းနည်းစိတ်များဖြင့်သာ ဖြေသိမ့်ခဲ့ရပါသည်။ သေချာမှုတစ်ခုကား ကျွန်မပိုပြီး ကြိုးစားရပါဦးမည်။
ဝမ်းနည်းစိတ်များဖြင့်သာ ဖြေသိမ့်ခဲ့ရပါသည်။ သေချာမှုတစ်ခုကား ကျွန်မပိုပြီး ကြိုးစားရပါဦးမည်။
သာမာန်ဝန်ထမ်းမိသားစုမှ
သမီးကြီးဖြစ်သော ကျွန်မအတွက် ပညာရေးခရီးလမ်းမှာ ကြမ်းလှပါသည်။ အခက်အခဲ အတားအဆီးပေါင်းများစွာ၊
သည်းခံရခြင်းများစွာ၊ စိတ်ခံစားမှုများစွာ မပြည့်စုံမှုများစွာ အရင်းတည်၍ သိပ္ပံ (ဂုဏ်ထူးဘွဲ့)၊
မဟာသိပ္ပံဘွဲ့၊ မဟာသုတေသနဘွဲ့ . . တစ်ထစ်ခြင်း၊
တစ်လှမ်းခြင်း လှမ်းတက်ခဲ့ရသော ကျွန်မ၏ လှေခါးထစ်များ။ မောပန်းလှပါသည်။ သို့သော် ဇွဲမလျှော့ပါ။
ခြေကုန်လက်ပမ်းကျလှပါသည်။ သို့သော် ကြိုးစားမှု၊ ၀ီရိယများ ပိုထည့်ကာ ကျွန်မ၏ ပန်းတိုင်မရောက်မခြင်း
အကောင်းဆုံးဖြစ်အောင် ကြိုးစားနေရင်း . . ။
တက္ကသိုလ်မှ သရုပ်ပြဆရာမရာထူးများ ခေါ်သော်လည်း
ကံအကြောင်းမတိုက်ဆိုင်စွာ ကျွန်မ ဆရာမ မဖြစ်ခဲ့ပါ . .။ တက္ကသိုလ်စတက်သည့် ပထမနှစ်မှစ၍အလုပ်ခေါ်သည့်
အချိန်အထိ နှစ်စဉ် အတန်းတိုင်း ထိပ်ဆုံးမှ အောင်မြင်ခဲ့သော်လည်း . . အောင်မြင်အောင်ကြိုးစားခဲ့သော်လည်း
ကျွန်မ တက္ကသိုလ်ဆရာမတစ်ဦး ဖြစ်ခွင့်မရခဲ့ပါ . .။ မျှော်လင့်စိတ်ကူးယဉ်ထားသော ဘ၀နှင့်
လက်တွေ့ တွေ့ကြုံရခြင်းများ ခြားနားလှပါသည်။ ဖြေသိမ့်နိုင်အောင် ကြိုးစားခဲ့ရပါသည်။
ပါရဂူသုတေသန
ပထမနှစ်၊ ဒုတိယနှစ်။ ငွေကြေးအခက်အခဲများစွာနှင့် လုံးခြာလိုက်နေခဲ့သည်။ မိုးလင်းသည်နှင့်
အိမ်မှထွက် ကျောင်းစရိတ်ရရန် ကျူရှင်သင် . . ထိုမှ ကျောင်းရှိ ဓါတ်ခွဲခန်းသို့ပြေး
. .ညနေ နောက်တစ်ချိန် ကျူရှင်သင် . . ။ နိုဘယ်လ်ဆု ရရန် မျှော်လင့်ချက်မဟုတ်သော်လည်း
ကျွန်မပြုလုပ်နေသော ပါရဂူသုတေသန၏ ရလဒ်များ ကောင်းမွန်စေချင်ပါသည်။ မိမိ၏ ငွေကြေးအင်အား
တတ်စွမ်းသမျှဖြင့် အကောင်းဆုံးဖြစ်စေချင်ပါသည်။ ထို့ကြောင့် အရင်းအနှီးစိုက်ထုတ်ရမှုများမှာလည်း
ကျွန်မ တတ်စွမ်းသမျှ လက်ကုန် ..။ ကျွန်မ ပြုလုပ်နေသော သုတေသနလုပ်ငန်းများထဲတွင် စိတ်ရော၊
ကိုယ်ပါနှစ်လျှက် . .။ ဘ၀၏ခက်ခဲ ခါးသီးမှုများအားလုံး၊ သုတေသနပြုလုပ်ခြင်း လုပ်ငန်းများတွင်
ကြုံတွေ့နေရသော အခက်အခဲများအားလုံးကို ရင်ဆိုင်ရုန်းကန်ခဲ့ရပါသည်။
တစ်နေ့
. . ကျွန်မတို့ အိမ်နားရှိ စာအုပ်အဟောင်းဆိုင်မှ လကျော်နေပြီဖြစ်သော ပြည်မြန်မာ ဂျာနယ်တစ်စောင်တွင်
“သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းနှင့် ပတ်သက်သော သုတေသနလုပ်ငန်းများ အား အကူအညီပေးရန်”
ဆိုသည့် ခေါင်းစဉ်နှင့် ဆောင်းပါးသတင်းတိုတစ်ခုကို ကျွန်မ၏ မိခင်က ဖတ်မိသည်။ ကျွန်မအား
ဆက်သွယ်စုံစမ်းကြည့်ရန် တိုက်တွန်းသည်။
ထိုဂျာနယ်တိုက်သို့
ဖုန်းဆက်စုံစမ်းကြည့်ရာ အခန့်သင့်ပင် ဆောင်းပါးရေးသူနှင့် စကားပြောရသည်။ ဆောင်းပါးရေးသူထံမှ
ထပ်မံဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ရရှိခဲ့ပါသည်။ တစ်စုံတစ်ခု စတင်မိလျှင် အဆုံးထိတိုင်
သိချင်တတ်သော၊ အဆုံးထိတိုင် ကြိုးစားကြည့်ချင်သော စိတ်များဖြင့် သုတေသနလုပ်ငန်းများ
ကူညီမည့် အဖွဲ့အစည်းထံသို့ ဆက်သွယ်စုံစမ်းကြည့်ရာ . . နောက်တစ်ရက်တွင် ၄င်းအဖွဲ့သို့
ကျွန်မကိုယ်တိုင် လာရောက်တွေ့ဆုံရန် အကြောင်းပြန်ပါသည်။
ထိုအချိန်ကား
၂၀၀၉ခုနှစ်၊ ဇူလိုင်လ။ ပေးထားသော လိပ်စာအတိုင်း ဘတ်စ်ကား တဆင့်၊ ကုန်းကြောင်းတစ်ဆင့်
စမ်းတ၀ါးဝါးဖြင့် ပါးစပ်ပါ ရွာရောက် နှလုံးမူကာ သွားနေရသည်။ တွေ့ပါပြီ။ ကျွန်မ သွားလိုသော
နေရာ . .။ ခမ်းနားကြီးကျယ်သော အဆောက်အဦးကြီးကို ရင်သပ်ရှုမော မြင်ရသည်။ ကြည်လင်နေသော
မှန်တံခါးမကြီးကို ဖွင့်လိုက်ရာ ရုပ်ရှင်များတွင်သာ မြင်ဘူးသော သားနားသော အဆင်အပြင်များဖြင့်
ဧည့်ခန်းမဆောင်ကြီး၊ လှပသော ၀န်ထမ်းအမျိုးသမီးငယ်လေးများ။ ပထမဆုံး ကျွန်မကိုယ်ကျွန်မ
အားငယ်စိတ်ဖြင့် ၀မ်းနည်းမိသည်။ ကျွန်မလာခဲ့မိတာ မှားပြီလားဟု တွေးမိပါသည်။ မိုးတွင်းမို့
မိုးရေများ စိုရွှဲနေသော၊ ပျက်တချို့ ကွက်တချို့ သနပ်ခါးများ။ အတတ်နိုင်ဆုံး သပ်ရပ်အောင်
ဝတ်ဆင်ခဲ့သောလည်း တန်ဖိုးမကြီးသည့် သာမာန် အ၀တ်အထည်များ။ ၀ဲတက်လာသော မျက်ရည်များကို
အားတင်းရင်း ဒေါင်းပျိုမလေးများ အလယ်မှ ကျီးတစ်ကောင်ကဲ့သို့ ခံစားရပါသည်။ သို့သော်
ပညာဟူသော မိတ်ဆွေက ရဲရင့်စေခဲ့ပါသည်။
ကျွန်မ
တွေ့ဆုံရမည့် တာဝန်ရှိသူ လူကြီးမှာ အစည်းအဝေးခန်းတွင်း ရောက်နေသောကြောင့် စောင့်ဆိုင်းရန်
ဝန်ထမ်းအမျိုးသမီးလေးများမှ ပြောပါသည်။ သူမတို့ ဧည့်ခံသော ကော်ဖီပူပူကား ရင်တွင်းမှ
စိုးရိမ်စိတ်များဖြင့် အေးစက်နေသော ကျွန်မ၏ခြေလက်များကို မနွေးထွေးနိုင်ပါ။
ထို့နောက်
တာဝန်ရှိသူနှင့် တွေ့ရန် ကျွန်မအားခေါ်သွားပြီး အခန်းတံခါးတစ်ခုကို ဖွင့်လိုက်ရာ .
.။ နူးညံ့လှပသော ကော်ဇောကြီးကို စတင်မြင်ရပါသည်။ ဖိနပ်ချွတ်ရမည်လား . ။ စီးရမည်လား။
ကျွန်မ မဝေခွဲနိုင်ပါ။ လိုက်ပို့သူ ဖိနပ်မချွတ်သည်တွေ့မှ ဆက်ပြီး စီးဝံ့ပါသည်။ အရာအားလုံး
ကျွန်မအတွက် အဆန်းတကျယ်များသာဖြစ်သည်။ ယခင်က ကျွန်မ မြင်ဖူးသမျှ အခမ်းနားဆုံးကား ကျွန်မတို့ဌာနမှ
ပါမောက္ခ (ဌာနမှူး)၏ အခန်းဖြစ်သည်။ တစ်သက်နှင့်တစ်ကိုယ်
မြန်မာပြည်တွင် ယခုကဲ့သို့ ခမ်းနားသော နေရာသို့ ကျွန်မလာရလိမ့်မည် မတွေးစဖူး။ နိုင်ငံခြားသို့
ပညာတော်သင်သွားမှသာ ဤသို့သော နေရာမျိုးသို့ ရောက်မည်ဟု ထင်မိခဲ့သည်။
ကျွန်မတွေ့ဆုံရမည့်
အဖွဲ့အစည်းမှ တာဝန်ရှိ လူကြီးမှာ ကျွန်မ တွေးထင်ထားသည်က အသက်ကြီးကြီး လူကြီးတစ်ယောက်
ဖြစ်သည်။ သို့သော် တကယ်တမ်းတွေ့သောအခါ လူလတ်ပိုင်းမျှသာဖြစ်သည်။ ရာထူးကြီးသော၊ ပိုက်ဆံရှိသော၊
ဂုဏ်သရေရှိ လူကြီးမင်းများကို စကားပြောရန် ၀န်လေးတတ်သော စိတ်အခံရှိသော်လည်း ကျွန်မ၏
လာရင်းကိစ္စကို လိုရင်းတိုရှင်း ပြောပြရပါသည်။ ထိုဆရာမှ ကျွန်မပြုလုပ်နေသော ပါရဂူဘွဲ့အကြောင်း
မေးပါသည်။ ၄င်းတို့ အဖွဲ့အစည်း၏ ရည်ရွယ်ချက်သည်ကား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရန် ဖြစ်ကြောင်း၊
သို့သော် ကျွန်မ အနေဖြင့် ပါရဂူဘွဲ့အတွက် ပညာသင်ဆု လျှောက်ထားကြည့်ရန် အကြံပေးပါသည်။
ကျွန်မ ပညာသင်ဆု လျှောက်လွှာအပေါ်မူတည်၍ ဆုံးဖြတ်မည်ဖြစ်သည်။ သူတို့ အဖွဲ့အစည်းတွင် ထိုသို့
ပါရဂူဘွဲ့ပညာသင်ဆု တစ်ခါမှ မပေးဘူးသေးပါ။ ကျွန်မ ရရှိခဲ့သော ဘွဲ့များနှင့် ပြုလုပ်နေဆဲဖြစ်သော
သုတေသနများ အကြောင်းရေးသားရန် မှာကြားလိုက်ပါသည်။
အလာလမ်းတွင် စိုးရိမ်စိတ်များဖြင့် လာခဲ့ရသော်လည်း၊
အပြန်လမ်းတွင် တက်ကြွသော ခြေလှမ်းများဖြင့်။ ကျွန်မ ကြိုးစားကြည့်ပါဦးမည်။ ကျွန်မ၏
ပါမောက္ခ ဆရာ၊ ကျမ်းကြီးကြပ်သူ ဆရာများနှင့် တိုင်ပင်ကာ ကျွန်မပြုလုပ်နေသော သုတေသနကျမ်းအကြောင်း
အကျဉ်းချုပ် ရေးသားပြီး ကိုယ်ရေးအချက်အလက်များ၊ ရရှိခဲ့သော အမှတ်စာရင်းများ (သရုပ်ပြဆရာမ
အလုပ်မရခဲ့သည့်အတွက် ကြိုးစားခဲ့သမျှ အချီးအနှီး ဖြစ်ကုန်ပြီဟု ယူဆခဲ့သော) နှင့် သုတေသအတွက်
ခန့်မှန်း ကုန်ကျစရိတ်များ ကို အသပ်ရပ်ဆုံး ကြိုးစား၍ ပြင်ဆင်ကာ ထိုအဖွဲ့အစည်းသို့
တင်ပြခဲ့ပါသည်။
နောက်တစ်ပတ်ခန့်ကြာသောအခါ ကျွန်မအား အဖွဲ့အကြီးအကဲမှ
ပညာသင်ဆုပေးရန် ဆုံးဖြတ်ကြောင်း အကြောင်းကြားလာပါသည်။ ကျွန်မ၏ ပျော်ရွှင်မှုများကို တိုင်းတာရန်
စကားလုံးများ ရှာမတွေ့ခဲ့ပါ။ ကျွန်မရရှိမည့် ပညာသင်ဆုကြေးသည် တစ်လ ငွေကျပ် တစ်သိန်းကျော်
ဖြစ်ပါသည်။ သာမာန်လူတန်းစားဖြစ်သော၊ ခက်ခဲစွာပင်ပန်းစွာ ပညာသင်စရိတ် ရှာနေရသော၊ ပြည့်စုံကောင်းမွန်သည့်
ပါရဂူဘွဲ့ကျမ်းပြုစုလိုသော ကျွန်မအတွက် အတိုင်းအတာ တစ်ခုအထိ ပြေလည်သွားစေခဲ့သော ငွေကြေးပမာဏဖြစ်သည်။
ကျွန်မအား ထိုအဖွဲ့အစည်းမှ မည်သို့သော စည်းမျဉ်းများနှင့်မှ ချုပ်နှောင်မထားပါ။ ပညာသင်ဆုကြေးငွေ
တစ်နှစ်စာ ရယူနေစဉ်ကာလအတွင်း စာမေးပွဲများ အောင်မြင်ရန်နှင့် တက္ကသိုလ်၏ စည်းမျဉ်းစည်းကမ်းများ
လိုက်နာရန်သာ ၀န်ခံကတိလက်မှတ် ထိုးခိုင်းပါသည်။ ထိုအဖွဲ့အစည်းမှ ပေးအပ်သော ပညာသင်ဆုကြေးကြောင့်
ကျွန်မ၏ ပါရဂူ (သုတေသန) တတိယနှစ် တစ်နှစ်တာလုံး စိတ်ချမ်းသာစွာ သုတေသနလုပ်ငန်းများ
လုပ်ဆောင်နိုင်ခဲ့ပါသည်။
ပါရဂူ စတုတÄနှစ်တွင်လည်း ပညာသင်ဆုငွေ တစ်နှစ်စာ
ထပ်မံ၍ ချီးမြှင့်ခဲ့ပါသည်။ ထို့ကြောင့် ကျွန်မစိတ်တိုင်းကျ သုတေသနစမ်းသပ်ချက်များ
ပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ ယနေ့အထိ တိုင်အောင် ထိုအဖွဲ့အစည်းအား ကျွန်မကိုယ်တိုင်၊
ကျွန်မ၏မိသားစု ဆွေမျိုးများ၊ ဌာနမှ ပါမောက္ခ အပါအ၀င် ကျမ်းကြီးကြပ်သူ ဆရာများ အားလုံးက
ကျေးဇူးတင်နေဆဲ ဖြစ်ပါသည်။ ဤပညာသင်ဆုကြောင့် ကျွန်မ၏ ပါရဂူသုတေသန အောင်မြင်ပြီးမြောက်ခဲ့ရပါသည်။
ဘ၀တစ်လျှောက်လုံး စိတ်ကျေနပ်၊ ဂုဏ်ယူနိုင်သော ပါရဂူဘွဲ့ကျမ်း ပြုစုနိုင်ခဲ့ပါသည်။ ပညာသင်ဆုသာ
မရခဲ့လျှင် ကျွန်မစိတ်တိုင်းကျ သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်မည်မဟုတ်ပါ။ ပါရဂူဘွဲ့
အောင်မြင်ပြီးမြောက်ရန်လည်း မသေချာပါ။
ကျွန်မအား ပညာသင်ဆု ချီးမြှင့်ခဲ့သော အဖွဲ့အစည်းသည်
မြန်မာပြည်ရှိ ထင်ရှားသော လုပ်ငန်းစုမှ အဖွဲ့ခွဲတစ်ခု ဖြစ်ပါသည်။ ၂၀၀၉-၂၀၁၀ခုနှစ် နှင့် ၂၀၁၀-၂၀၁၁ ခုနှစ် (၂) နှစ်တိုင်
သုတေသနလုပ်ငန်းများ အောင်မြင်သည်အထိ ငွေကြေး ထောက်ပံ့ခဲ့သော်လည်း ကျွန်မနာမည်၊ သင်ယူနေသော
ဘာသာရပ်နှင့် တက္ကသိုလ်တို့ကို မည်သည့် စာမျက်နှာများပေါ်မျှ မတင်ခဲ့ပါ။ ကျွန်မ၏ ပညာရေးခရီးလမ်း
ဖြောင့်တန်းစေလိုသော စေတနာသက်သက်ဖြင့် ကူညီခဲ့ခြင်းဖြစ်ပါသည်။
ယခုနှစ်များအတွင်း စေတနာရှင်များမှ ပညာသင်ဆုများ
ချီးမြှင့်ကြောင်း သတင်းစာ၊ ဂျာနယ် များတွင် မကြာခဏဖတ်ရှုရပါသည်။ ပညာခရီးလမ်း ဖြောင့်တန်းစေလိုသော
မေတ္တာများကိုလည်း လေးစားရပါသည်။ စေတနာရှင်များအား ကျွန်မ၏ ဆန္ဒတစ်ခုတင်ပြလိုပါသည်။ ငွေပမာဏအနည်းငယ်ဖြင့်
ဆုအရေအတွက် အများအပြားချီးမြှင့်မည့်အစား အမှန်တကယ်ငွေကြေး လိုအပ်နေသော ပညာထူးချွန်သူ
အရေအတွက်အနည်းငယ်ကို ငွေကြေးပမာဏထိုက်တန်စွာ ချီးမြှင့်စေလိုပါသည်။ ချို့တဲ့နွမ်းပါးသူများအား
ပညာသင်ထောက်ပံ့ကြေး ပေးအပ်သည် ဆိုသည့်အစား ထူးချွန်သည့်ကျောင်းသားများအား ပညာသင်ဆု
ချီးမြှင့်သည်ဟု ပြောဆိုသုံးနှုန်းစေလိုပါသည်။ နိုင်ငံတကာပညာသင် ကျောင်းသားတိုင်း မက်မောရသည့်
စကော်လားရှစ် ပညာသင်ဆုများကဲ့သို့ ငွေကြေးအရ၊ ဂုဏ်သိက္ခာအရ တန်ဖိုးမြင့်မားစေချင်ပါသည်။
သာမာန်လူတန်းစား မိသားစုများမှမွေးဖွားလာသော
ကျွန်မတို့သည် ငွေကြေးမချမ်းသာသော်လည်း ရိုးသားစွာ၊ စိတ်ဓါတ်ခိုင်မာစွာဖြင့် ထူးချွန်အောင်
ကြိုးစားလာသူများ၊ ထူးချွန်အောင် ကြိုးစားနေသူများ ဖြစ်ပါသည်။ ကျွန်မတို့၏ ရည်မှန်းချက်များကို
တောက်ပလာအောင် ကူညီ ပေးသူများအား အစဉ်အမြဲ နှလုံးသားထဲမှ လေးစား၊ ကျေးဇူးတင်နေမည် ဖြစ်ပါသည်။
ဆုချီးမြှင့်မည့် လူကြီးမင်းများ အနေဖြင့်လည်း ကျွန်မတို့၏ ထူးချွန်မှုကို အသိအမှတ်ပြုစေချင်ပါသည်။
ကျွန်မအား ပညာသင်ဆုချီးမြှင့်ပေးခဲ့သည့်အဖွဲ့အစည်းနှင့်
ပညာအလင်းရောင် ရှင်သန်တောက်ပ စေရန် ကူညီနေသူများ အားလုံးကို ကျေးဇူးတင်စွာဖြင့် .
. .။
ရှင်းသန့်လွင်
7
days News Journal
၂၀၁၂၊
မေလ၊ ၃ရက်
(အတွဲ-၁၁၊
အမှတ်-၃)
No comments:
Post a Comment