မေမေ့ ချစ်သမီး
ကျွန်မ၏ သမီးလေးမှာ အသက် ငါးနှစ်ကျော်သည်ဆိုရုံ
သူငယ်တန်း ကျောင်းသူ။ စကားပြောတတ်စ အရွယ်ကပင် အရာရာ စူးစမ်းမေးမြန်းသူ။ မိုးကောင်းကင်
အပြာရောင်။ ညိုဝါရောင် မြေပြင်နှင့် စိမ်းစိုနေသော သစ်ပင်၊ မြက်ပင် အားလုံးကို စိတ်ဝင်စားသူ။
ကျွန်မတို့ ခြံထောင့် သရက်ပင်တွင် အသိုက်ဆောက်နေသော စာကလေးများမှသည် ရေအိုင်စပ်ရှိ
ဖားလောင်းကလေးများအထိ စိတ်ဝင်စားသူလေးပင်။
ယခုနှစ်မှကျောင်းစတက်ရသူဖြစ်သော်လည်းကျောင်းသို့သွားရန်
မတွန့်ဆုတ်ကျောင်းပျော်သူလေးဖြစ်သည်။အက္ခရာစာလုံးများ၊ဂဏန်းသင်္ချာများကိုစိတ်ဝင်စားလွန်းလှသည်။
ပုံပြင်လေးများ၊ ရုပ်စုံကာတွန်းများကို လူကြီးတစ်ယောက် ဖတ်ပြမှ နားထောင်ရသည်ကို စိတ်မရှည်တော့။
ပုံပြင်စာအုပ်လေးကိုင်ကာ လူကြီးများ အလုပ်အားသည်ကို ထိုင်စောင့်မနေချင်။ ရုပ်စုံကာတွန်းလေးများကို
အရုပ်သာကြည့်နေရခြင်းကိုလည်းအားမရတော့။စာမြန်မြန် ဖတ်တတ်ချင်လှပြီဟု ကြွေးကြော်နေတတ်သည်။
ဇွဲကြီးလှသည့် ကလေးမကလေးမှာ သင်ပုန်းကြီးဖတ်စာ
က-ကြီးမှ ဓ- အောက်ခြိုက်အထိ ရေးစဉ် အခက်အခဲမရှိ။န-ငယ်ရောက်သည်နှင့်ပြဿနာတက်တော့သည်။ညာလှည့်ရမည့်န-ငယ်ကို ရေးလိုက်တိုင်း ဘယ်ဘက်သို့သာပြောင်းပြန်ဖြစ်နေတော့သည်။တစ်မျက်နှာရေးပြီးသည်အထိမမှန်သေး။သူ့လက်ကလေးကိုကိုင်ကာရေးပေးသည်ကိုလည်းလက်မခံလို။သူ့ရှေ့မှ ဖြေးဖြေးချင်း
ရေးပြသည်ကို လိုက်ရေးရင်း ဘာကိုဝမ်းနည်းသည်မသိ။ ရှိုက်ကြီးတငင် ငိုတော့သည်။ ကလေးကို
ကြည့်ရသည်မှာ ပင်ပန်းလွန်းလှသည်။ အိပ်ရန်ပြောသည်ကိုလည်း ခေါင်းခါရင်း၊ မျက်ရည်များနှင့်
ငိုရင်း၊ န-ငယ် . . န-ငယ်နှင့်နှုတ်မှတဖွဖွ ဆိုရင်း အလှည့်မှန်သွားသော န-ငယ် တစ်မျက်နှာပြည့်မှ
အိပ်ပျော်သွားတော့သည်။
တစ်ညနေ ကျောင်းမှ ချွေးသံရွဲရွဲနှင့် ပြန်လာစဉ်
မိခင်ဖြစ်သူကို ဖက်ကာ ထူးထူးဆန်းဆန်း စကားဆိုသည်။
“မေမေ . .သမီးကို ဘာဖြစ်လို့ ရုပ်ချောချောလေး
မမွေးထားတာလဲ . .” တဲ့။
စကားတတ်လှသော နှုတ်ခမ်းပါးလေး။ အရာရာကို သိချင်၊
လေ့လာချင်သော မျက်ဝန်းနက် ကလေးများနှင့်အသားညိုညိုကလေးမလေးမှာမိခင်၏မျက်စေ့ထဲဝယ်ချစ်စရာ ကောင်းလှသည်။ မေမေ့အတွက်တော့ သမီးငယ်လေးမှာ ကမ္ဘာပေါ်တွင် အချောဆုံးမိန်းကလေး။
ချစ်စရာ အကောင်းဆုံး အရုပ်ကလေးပင်။ ထိုအဖြေကို သူကလေးက မကျေနပ်။ နှုတ်ခမ်းပါးလေးများကို
တင်းတင်းစေ့ရင်း သူမတို့ အတန်းထဲရှိ မိန်းကလေးများအားလုံးသမီးလေးထက်ရုပ်ချောသည်ဟုသာပြောပြန်သည်။စိတ်ရှုပ်နေသော မျက်နှာလေးမှာ သနားစဖွယ်။
သမီးလေးကို ပွေ့ဖက်ထားရင်း၊ သူမ၏ ဆံပင်နက်နက်လေးများကို
ပွတ်သပ်ပေးရင်း မေးမိသည်။
“သမီးလေးကို ရုပ်ဆိုးတယ်လို့ ဘယ်သူပြောလဲ။”
ဟုမေးတော့
“သမီးဘာသာ ခံစားရတာ။ သူတို့က သမီးထက် အသားပိုဖြူတယ်။
ပိုချမ်းသာတယ်” တဲ့။ ငိုမဲ့မဲ့ မျက်နှာလေးမှာ မျက်ရည်များ ၀ိုင်းလျှက်။
“မေမေ့သမီးလေးက အသားညိုတာပါ။ ကပ္ပလီမလေး တွေလို
မဲချိတ်နေလို့လား ..။ ပြောလေ ကလေးရဲ့။”
သမီးငယ်လေးက ဆံပင်လေးတွေပါ ၀ဲသွားအောင် ခေါင်းခါပါသည်။
“မေမေနော် ..။ သမီးသူတို့လောက်တော့ အသားမမဲပါဘူးနော်။”
သူမကို ကပ္ပလီမလေးများ နှင့် နှိုင်းယှဉ်၍ မခံမရပ်နိုင်
ဖြစ်ပုံရသည်။
“အေးလေ . . အဲလို မဲတူနေတဲ့ ကပ္ပလီမလေးတွေကလည်း
သူတို့ မေမေတွေ အတွက်တော့ အချောဆုံး၊ အလှဆုံး ချောကလက် နတ်သမီးလေးတွေပေါ့ သမီးရဲ့။
ဗျိုင်းမကြီးကလည်း သူ့သမီးလေး အလှဆုံး။ ကျီးကန်းမကြီးကလည်း သူ့သမီးလေး အချောဆုံးလို့
ပြောမှာပဲ။”
သမီးကလေး၏ မျက်နှာ ပြုံးယောင်သမ်းလာသည်။
“သမီးလေးရယ် . . ချောတာ၊ လှတာ၊ မိဘချမ်းသာတယ်
ဆိုတာတွေက အတိတ်ကံနဲ့ အများကြီး ဆိုင်တယ်။ အဲတာတွေကို ပြင်ဆင်ဖို့ဆိုတာ မလွယ်လှဘူးလေ
..။”
သမီးလေး၏ မျက်နှာလေးမှာ နေထိသော ပန်းပွင့်လေးကဲ့သို့
ပြန်ညှိုးသွားရှာသည်။ ပြီးမှ စိတ်အားလျှော့သော လေသံလေးဖြင့် မေးသည်။
“ဒါဆို သမီး ဘယ်တော့မှ ရုပ်ချောလာမှာလဲ။
နောင်ဘ၀မှလား ဟင်. .” တဲ့။
သူကလေး၏ မျက်နှာလေးကို လက်ဖ၀ါးနှစ်ခုဖြင့်ကိုင်၍
စေ့စေ့ကြည့်ရင်း နှစ်သိမ့်ရသည်။
“ဘယ်ဟုတ်ပါ့မလဲ သမီးရယ်။ လူ့လောကမှာ ရုပ်ချောဖို့ထက်
စိတ်ထားလှဖို့က အဓိကလေ။ သမီးလေး စိတ်ထားကြည်ကြည်လင်လင်နဲ့ သူတစ်ပါးကို ကူညီမယ်။ စိတ်ဓါတ်လေး
လှမယ်ဆိုရင် သမီးလေး ခုထက် ပိုချောလာမှာ။ ပြီးတော့ သမီးပြုပြင်ပြောင်းလဲဖို့ မလွယ်ကူတဲ့
ကိစ္စတွေကို ၀မ်းနည်း၊ အားငယ်နေမယ့်အစား သမီးကြိုးစားလို့ ရတဲ့အရာတွေရှိတယ် ..။”
မျက်လုံးနက်နက်လေးများ တောက်ပလာပြီး စိတ်အားထက်သန်စွာ
အလောတကြီး မေးပါသည်။
“အဲဒါ ဘာလဲ မေမေ..” တဲ့။
မိခင်၏ရင်တွင်းမှ စီးဆင်းလာသော မေတ္တာတရားတို့ဖြင့်
သမီးလေး၏ အနာဂါတ် လှပစေချင်သည်။ လောကအတွက် တန်ဖိုးရှိသူလေး ဖြစ်စေချင်လှသည်။ မိမိကိုယ်မိမိ
ယုံကြည်စိတ်ဖြင့် ဘ၀ကိုတည်ဆောက်နိုင်သူလေး။ဆင်ခြင်တုံတရားဖြင့် လူသားတို့အပေါ် စာနာ၊
နားလည်သူလေး။မေတ္တာ၊ အကြင်နာတရားတို့ဖြင့် ပတ်ဝန်းကျင်ကို ကူညီ၊ စောင့်ရှောက်နိုင်သူလေး
ဖြစ်စေချင်လှပါသည်။
သမီးလေး၏ မျက်ဝန်းနက်ကလေးများထဲသို့ စူးစိုက်စွာကြည့်ရင်း
မိခင်၏နှလုံးသားမှ ထွက်ပေါ်လာသော စေတနာတို့အား သမီးကလေး ခံစားသိရှိစေရန် . .
“သမီး စာကြိုးစားပေါ့။ တစ်နေ့ သမီးပညာတွေ
အများကြီးတတ်လာမယ်။ ပြီးတော့ လူတွေ အပေါ်မှာ စာနာပြီး ကူညီနိုင်အောင် ကြိုးစားပေါ့။
ဒါဆိုရင် သမီးကို လူချစ်၊ လူခင် ပေါများလာမယ်လေ။ ရုပ်ရည်တို့ စည်းစိမ်ဥစ္စာတို့ ဆိုတာ
အချိန်အတိုင်းအတာ တစ်ခုပါပဲ။ ပျောက်ကွယ်သွားနိုင်တယ်လေ။”
သမီးလေးက မိခင်ကို ဖက်ထားရင်း သေချာစွာ နားထောင်နေသည်။
“ပညာတတ်ပြီး သူတစ်ပါးအပေါ် စာနာစိတ်နဲ့ ကူညီတတ်သူတွေရဲ့
အမည်ဟာ နှစ်ပေါင်းများစွာ ကျော်လွန်အောင် ကောင်းသတင်းနဲ့ ကျော်ကြားနိုင်ပါတယ်လေ။ သမီး
.. မာသာထရီဇာကို သိတယ်မဟုတ်လား။ မေမေ ပြောပြဘူးတယ်လေ။”
သမီးလေးက ခေါင်းငြိမ့်ပြီး သူမ သိကြောင်း
ထောက်ခံသည်။
“သူ . .ဘယ်မှာ ချောလို့လဲ သမီးရယ်။ ဒါပေမယ့်
သူ့ရဲ့ မေတ္တာ၊ ဂရုဏာတွေဟာ သူသေသွားတဲ့တိုင်ကမ္ဘာပေါ်ကလူတွေရဲ့နှလုံးသားမှာကျန်ရှိနေတုန်းပဲလေ။လူသားတွေ ကောင်းကျိုးအတွက် တီထွင်ခဲ့တဲ့ သိပ္ပံပညာရှင်တွေရော . .။ အဲလိုပေါ့ သမီးရယ်။
လောကမှာ ရုပ်ချောဖို့ထက်၊ ငွေကြေးဥစ္စာ ရှိဖို့ထက် အရေးကြီးတဲ့ အရာတွေ အများကြီးပါ။
ခုချိန်မှာ သမီး စာကြိုးစားလို့ အတန်းထဲမှာ ထူးချွန်ရင် ရုပ်ချောတဲ့၊ ချမ်းသာတဲ့ သမီးသူငယ်ချင်းတွေက
သမီးကို အထင်ကြီး အားကျရမှာပေါ့ .. မဟုတ်ဘူးလား။”
စကားအဆုံးမှာတော့ စိတ်အားထက်သန်မှုများနဲ့
လက်ဖြာနေသော မျက်ဝန်းလေးများဖြင့် သမီးလေးက ပြုံးပြီး ခေါင်းငြိမ့်ပါသည်။ မိခင်၏ အသည်းနှလုံးမှ
လာသော စကားတို့သည် သူကလေး၏ နှလုံးသားတွင်း စီးဝင်သွားရော့ထင့်။
“သမီး ဒီနေ့ကစပြီး အစွမ်းကုန် ကြိုးစားပါ့မယ်။
အတန်းထဲက လူတွေ . .။ မဟုတ်သေးဘူး၊ နည်းသေးတယ်။ တစ်ကျောင်းလုံးကလူတွေ . .။ မဟုတ်သေးဘူး
မေမေ။ ပိုပြီးများတဲ့လူတွေ။ အို . . တစ်ကမ္ဘာလုံးက လူတွေ လေးစားအားကျရတဲ့ မေမေ့သမီး
ဖြစ်အောင် ကြိုးစားပါ့မယ် . .” တဲ့။
ချစ်သောသမီးလေး လူလားမြောက်၊ အရွယ်ရောက်လာချိန်မှာ
တန်ဖိုးရှိသော မိန်းကလေး။ တည်ကြည်သော စိတ်ထားနှင့် နှလုံးသားနူးညံ့သူလေး။ ကိုယ်ချင်းစာတရားနှင့်
မျှဝေသူ ဆိုသော်လည်း ကိုယ်ကျင့်တရားနှင့် ဂုဏ်သိက္ခာကို ထိမ်းသိမ်းစောင့်ရှောက်နိုင်သူလေး
ဖြစ်ပါစေလို့ ..။
ရှင်းသန့်လွင်
Happy Time Journal
ဖေဖော်ဝါရီလ၊ ၂၀၁၃
No comments:
Post a Comment