Sunday, February 10, 2013

ကျွမ်းကျင်မှု သင်ကြားရေး (ကိုအော)



ကျွမ်းကျင်မှု သင်ကြားရေး (ကိုအော)
တက္ကသိုလ်ပညာရေးဟူသည် ကျွမ်းကျင်မှုရှိအောင် ပို့ချလေ့ကျင့်ပေးရသော ပညာရေးလည်း မည်၏  ဟု ယူဆပါသည်။ မည်သည့် ကျွမ်းကျင်မှုစွမ်းရည်များ skill များကို ပို့ချလေ့ကျင့်ရမည်နည်း ဟုလည်း မေးစရာရှိလာပါသည်။ ထိုကျွမ်းကျင်မှု စွမ်းရည်များကို သီးခြား သတ်သတ် ပို့ချလေ့ကျင့်ရမည်လား ဘယ်လိုသင်ရမှာလဲ ဟုလည်း မေးစရာရှိပါသည်။ တက္ကသိုလ်ဆရာ ပညာရှင်များပီပီ ချင့်ချိန် ဆောင်ရွက်ရန် ဟုသာ စကားလက်ဆောင် ပေးလိုပါသည်။
ကျောင်းသားကျောင်းသူတို့တွင်  ကိုယ်ပိုင် goal, aim,hope, ambition, scheme, plan  များရှိတတ်ကြပါသည်။ မရှိသေးလည်း မကွဲပြားသေးလည်း တိကျပြတ်သားစေရန် လမ်းပြပေးသင့်ပါသည်။ ထို vision တို့ကို လက်တွေ့ mission, creation,  ဖြင့် အကောင်အထည် ဖော်ကြရာတွင် အသုံးချနိုင်မည့်  ကျွမ်းကျင်မှုစွမ်းရည်များကို လေ့ကျင့် ပေးသင့်ပါသည်။ ကျွမ်းကျင်မှု စွမ်းရည်များအနက် ကောင်းနိုးရာရာ ရွေးထုတ်၍ ညွှန်းဆိုလိုပါသည်။
၁။      critical thinking skill  ဝေဖန်ပိုင်းခြားသုံးသပ်နိုင်သောစွမ်းရည်
မည်သည့်အခြေအနေကိုမဆို ပုံသဏ္ဌာန်နှင့်အတွင်းသရုပ်၊ အကြောင်းနှင့်အကျိုး၊ အကောင်းနှင့်အဆိုး၊  အဖြစ်နှင့်အပျက်တို့ကို ခွဲခြမ်းစိတ်ဖြာ ဝေဖန်ပိုင်းခြား လေ့လာသုံးသပ် သိရှိနိုင်သော စွမ်းရည် ရှိအောင် လေ့ကျင့်ပေးသင့်ပါသည်။
၂။      decision making skill  ဆုံးဖြတ်နိုင်စွမ်းသော ကျွမ်းကျင်မှု
         မည်သည့်အခြေအနေကိုမဆို မှန်မှား၊ သင့်မသင့်၊ ကောင်းမကောင်း ၊ ဆောင်ရန်ရှောင်ရန်တို့ကို ကိုယ်ပိုင်ဥာဏ်ဖြင့် စိစစ်ဆုံးဖြတ် ဆောင်ရွက်သည့် စွမ်းရည် ရှိအောင် လေ့ကျင့်ပေးသင့်ပါသည်။
၃။      problem solving skill  ပြသနာဖြေရှင်းနိုင်စွမ်းသော ကျွမ်းကျင်မှု
         မည်သည့်အခြေအနေကိုမဆို အကြောင်းရင်းမြစ်၊ ဖြစ်ပွားပုံ၊ အကျိုးအပြစ်တို့ကို  စိစစ်လေ့လာ၍ ပြေလည် ပြီးမြောက် ငြိမ်းအေးသည်အထိ ရင်ဆိုင် ဖြေရှင်း ကျော်လွှား  ဆောင်ရွက်သည့် စွမ်းရည် ရှိအောင် လေ့ကျင့်ပေးသင့်ပါသည်။
၎။      creative skill  တီထွင်ကြံဆနိုင်စွမ်းသော ကျွမ်းကျင်မှု
         မည်သည့်အခြေအနေကိုမဆို ရုပ်ပိုင်း စိတ်ပိုင်း သဘာဝပိုင်း အနေအထားပိုင်း ဖွဲ့စည်းပုံ၊ အသုံးဝင်ပုံ၊ ဖြစ်တည်ပုံ၊ အကျိုးပေးပုံတို့ကို စနစ်တကျ လေ့လာ၍ အမှန်ဆုံး အမြန်ဆုံး နည်းလမ်းသစ် ဖော်ထုတ် အသုံးချသည့် ကြံဆနိုင်စွမ်း တီထွင်နိုင်စွမ်း အကောင်အထည်ဖော်နိုင်သည့် စွမ်းရည် ရှိအောင် လေ့ကျင့်ပေးသင့်ပါသည်။
၅။      synthesis skill  ပေါင်းစပ်နိုင်စွမ်းသော ကျွမ်းကျင်မှု
         မည်သည့်အခြေအနေကိုမဆို ဆက်နွယ်မှု၊ မျိုးတူပေါင်းစည်းမှု၊ မျိုးကွဲပေါင်းစည်းမှု၊ ပေါင်းယှက်ဖြစ်တည်မှုကို လေ့လာ၍ ဆက်စပ် ဆင်ခြင်ကာ thesis, antithesis, synthesis စနစ်ဖြင့် ပေါင်းစပ်ဆောင်ရွက်နိုင်သည့် စွမ်းရည် ရှိအောင် လေ့ကျင့်ပေးသင့်ပါသည်။
၆။      analytical skill  ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းသော ကျွမ်းကျင်မှု
         မည်သည့်အခြေအနေကိုမဆို ပြင်ပဖွဲ့စည်းပုံ၊ အတွင်းဖွဲ့စည်းပုံ၊ အကျိုးအပြစ်၊ ပြုမူလှုပ်ရှားပုံ၊ ဖြစ်ပျက်ပုံ၊ အနေအထားတို့ကို အမှန်အတိုင်း ပကတိအတိုင်း ရှုမြင်ပြီး ဓမ္မဒိဋ္ဌာန်ကျကျ အဆင့်ဆင့် ခွဲခြမ်းစိတ်ဖြာ ရှုမြင်သိရှိနိုင်သည့် စွမ်းရည် ရှိအောင် လေ့ကျင့်ပေးသင့်ပါသည်။
၇။      self-study skill  ကိုယ်တိုင်လေ့လာနိုင်စွမ်းသော ကျွမ်းကျင်မှု
         မည်သည့်အခြေအနေကိုမဆို မိမိကိုယ်သာကိုးကွယ်ရာ ဟူသော စိတ်ထား၍ ကိုယ်ပိုင်ဥာဏ် ကိုယ်တိုင်ဝီရိယဖြင့် ကြိုးပမ်း လေ့လာ ဆောင်ရွက်နိုင်သည့် စွမ်းရည် ရှိအောင် လေ့ကျင့်ပေးသင့်ပါသည်။
၈။      communication skill  ပြောဆိုဆက်သွယ်နိုင်စွမ်းသော ကျွမ်းကျင်မှု
         မည်သည့်အခြေအနေကိုမဆို နားလည်သိမြင် ကျွမ်းဝင်ပေါင်းစည်းအောင် ဦးစွာဆောင်ရွက်ပြီး တိတိကျကျ ရှင်းရှင်းလင်းလင်း ပြေပြေပြစ်ပြစ် ကျစ်ကျစ်လျစ်လျစ် ထိထိရောက်ရောက် ပြောဆို ပေါင်းသင်း ဆက်သွယ်နိုင်သည့် စွမ်းရည် ရှိအောင် လေ့ကျင့်ပေးသင့်ပါသည်။
၉။      consideration skill  စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်နိုင်စွမ်းသော ကျွမ်းကျင်မှု
         မည်သည့်အခြေအနေကိုမဆို အေးငြိမ်းတည်ကြည်သည့်စိတ်ထား၍ စိုးရိမ်မှု၊ ကြောက်လန့်မှု၊ အားငယ်မှု၊ စိတ်ပျံ့လွင့်မှု၊ စိတ်အားလျော့မှု၊ စိတ်မ၀င်စားမှု စသည့် အားနည်းချက်များမရှိစေဘဲ စိတ်ဓာတ် ရင့်ကျက် တည်ငြိမ်စွာ ထားနိုင်သည့် စွမ်းရည် ရှိအောင် လေ့ကျင့်ပေးသင့်ပါသည်။
၁၀။    control skill  ထိန်းသိမ်းနိုင်စွမ်းသော ကျွမ်းကျင်မှု
         မည်သည့်အခြေအနေကိုမဆို သည်းခံ စောင့်ဆိုင်းခြင်း၊ အဖြစ်မှန်စုံစမ်းခြင်း၊ လမ်းမှန်ရွေးချယ်ခြင်း၊ ဘေးထွက် ဆိုးမဖြစ်စေခြင်း၊ သင့်လျော်သလို နှလုံးသွင်းခြင်း၊ မမေ့မလျော့သော သတိမြဲခြင်း စသည့် စိတ်ထား များဖြင့် မိမိကိုယ်ကို လည်းကောင်း မိမိပတ်ဝန်းကျင်ကို လည်းကောင်း ထိန်းသိမ်းနိုင်သည့် စွမ်းရည် ရှိအောင် လေ့ကျင့် ပေးသင့်ပါသည်။
၁။    leadership skill  ခေါင်းဆောင်နိုင်စွမ်းသော ကျွမ်းကျင်မ
         မည်သည့်အခြေအနေကိုမဆို မိမိသာလျင် မိမိဘ၀၏ ပဲ့ကိုင်မာလိန်မှူးဖြစ်သည် ဟူသောစိတ်ထား၍ မိမိကြမ္မာ မိမိဖန်တီးနိုင်စွမ်းဖြင့် အားငယ်စိတ်၊ သူတစ်ပါးအားကိုးစိတ်တို့ကို ဖယ်ရှားပြီး မိမိကိုယ်ကိုလည်းကောင်း မိမိ ပတ်ဝန်းကျင်ကို လည်းကောင်း လမ်းပြ ဦးဆောင်နိုင်သည့် စွမ်းရည် ရှိအောင် လေ့ကျင့်ပေးသင့်ပါသည်။
၁၂။    management skill  စီမံခန့်ခွဲနိုင်စွမ်းသော ကျွမ်းကျင်မှု
         မည်သည့်အခြေအနေကိုမဆို PDCA စနစ်ဖြင့် စီစဉ်ဆောင်ရွက်ရန်လိုပါသည်။ P=plan စီမံချက်ချခြင်း D=do လုပ်ဆောင်ခြင်း C= check ပြန်လည် ဆန်းစစ်ခြင်း A= action အကောင်အထည်ဖော်ခြင်းတို့ဖြစ်ပါသည်။  ဤစနစ်ဖြင့် ဆောင်ရွက်ပြီး မိမိကိုယ်ကိုလည်းကောင်း မိမိပတ်ဝန်းကျင်ကို လည်းကောင်း စနစ်တကျ ထိထိရောက်ရောက် ပြည့်ပြည့်စုံစုံ စီမံခန့်ခွဲနိုင်သည့် စွမ်းရည် ရှိအောင် လေ့ကျင့်ပေးသင့်ပါသည်။
(ကျန်ရှိသေးပါက ဖြည့်စွက်ကြပါရန်)
21th century teacher များ၏ တာဝန်မှာ စာသင်သားများကို ကျွမ်းကျင်မှုစွမ်းရည် ပြည့်ဝအောင် ပို့ချ လေ့ကျင့်ပေးခြင်း ဟု ဆိုပါသည်။ သင်ကြားမှု သင်ယူမှု တိုးတက်လာသည့် နည်းစနစ်များကို လက်တွေ့ အသုံးချပြီး အရည်အသွေးပြည့် လူ့စွမ်းအား အရင်းအမြစ်များ မွေးထုတ်သွားကြပါစို့။
(EYU, Quality and Skills ဟု ကြွေးကြော်နိုင်ပါစေ။)
ကိုအော


No comments:

Post a Comment

Twitter Bird Gadget