Friday, March 29, 2013

ILO မှဖိတ်ကြားလာသောအလုပ်သမားသမဂ္ဂများ၏ဖိုရမ်တခုသို့uta - eyu မှ ကိုယ်စားလှယ်ရွေးချယ်ခြင်း

ILO မှဖိတ်ကြားလာသောအလုပ်သမားသမဂ္ဂများ၏ဖိုရမ်တခုသို့ UTA - EYU -မှ ဒေါက်တာစပါယ်သိန်းအားကိုယ်စားလှယ်အဖြစ်အလုပ်အမှုဆာင်အဖွဲ့မှယနေ့ရွေးချယ်ပြီးတာဝန်ပေးအပ်ပါသည်။


နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များအောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်

 နိုင်ငံတကာ အခမဲ့ အွန်လိုင်းပညာသင်ကြားရေး ဝဘ်ဆိုဒ်များ
       အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်မှကူးယူဖေါ်ပြပါသည်

➤ Massachusetts Institute of Technology (MIT)/OpenCourseWare

✤ Link: http://is.gd/0pm1n1

➤ Udacity / Free interactive College Classes

✤ Link: http://is.gd/xiFMtf

➤ Open Yale Courses / Freely Downloadable

✤ Link: http://is.gd/74Xwb4

➤ Coursera Free Online Courses

✤ Link : http://is.gd/LIDgMa

➤ ALISON Database / Free Online Diplomas

✤ Link: http://is.gd/cqkuBQ

➤ Khan Academy / Free Online Education

✤ Link : http://is.gd/qpJwVP

➤ Johns Hopkins OpenCourseWare

✤ Link: http://is.gd/YWSx0O

➤ Academic Earth Free Online Courses

✤ Link: http://is.gd/BIZJQz

➤ UC Berkeley Free Online Lectures

✤ Link: http://is.gd/mNyFEM

➤ Open University LearningSpace

✤ Link: http://is.gd/84CXnA

➤ Carnegie Mellon Open Learning Initiative

✤ Link: http://is.gd/ADEBmj

➤ University of Washington Video Lectures

✤ Link: http://is.gd/ePO5Me

➤ Tufts OpenCourseWare

✤ Link: http://is.gd/8ABGyb

➤ UC San Diego Podcast Lectures

✤ Link: http://is.gd/oGOjth

➤ AMSER (Applied Math and Science Education Repository)

✤ Link: http://is.gd/N51Mvh

➤ Utah State OpenCourseWare

✤ Link: http://is.gd/ZRew6t

➤ Free Video Lectures.com

✤ Link: http://is.gd/ObsSL5

➤ How-Stuff-Works / Free Online Science-Related Courses

✤ Link: http://is.gd/XEHory

➤ Wolfram Demonstrations Project

✤ Link: http://is.gd/0vbMWk

➤ Free Science and Video Lectures Online!

✤ Link: http://is.gd/JoOFQg

➤ LearningScience.org

✤ Link: http://is.gd/te9NqS

➤ Science.gov Databases

✤ Link: http://is.gd/g4ZK7B

➤ Connexions - Open-Content Library

✤ Link: http://is.gd/C9Inr5

➤ Sophia Free Online Courses

✤ Link: http://is.gd/JBsj55

➤ Honorable Mention: Peoi.org

✤ Link: http://is.gd/QbtScO

Thursday, March 14, 2013

ပညာနှင့် အခွင့်အလမ်း ( ဇော်မျိုးလှိုင် -ရူပဗေဒဌာန -ဒဂုံတက္ကသိုလ်)

ပညာနှင့် အခွင့်အလမ်း

လက်ရှိအချိန်မှာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့၊ ပညာရေးနိမ့်ပါးနေမှုများကို ပြန်လည်မြှင့်တင်ဖို့ နယ်ပယ်အသီးသီးမှ ပညာရေးဆိုင်ရာပုဂ္ဂိုလ်များ ကြိုးပမ်းနေကြတာကို တွေ့မြင်ကြားသိနေရပါတယ်။ ဒါကြောင့် ပညာရေးပြုပြင်ပြောင်းမှုနဲ့ ပတ်သက်လို့ ကျနော့် အတွေးအမြင်လေး တစ်ခုကို တင်ပြချင် လာပါတယ်။      ပညာရေး နိမ့်ကျနေရတဲ့ အကြောင်းများစွာထဲမှာ ကျောင်းသားများ ကျောင်းစာ ကို စိတ်မဝင်စားကြခြင်းဟာလည်း အဓိကအချက်တစ်ချက် ဖြစ်နေပါတယ်။ ဒီနေ့ တက္ကသိုလ် ကျောင်းသားများဟာ စာသင်ချိန် အများစုမှာ စာသင်ခန်းထဲ မရှိကြပါဘူး။ စာမေးပွဲကြီးအတွက် အမှတ်တိုက်ရိုက်ရမယ့် practical နဲ့ tutoial ချိန်တွေမှာသာ မပျက်မကွက်တက်နေကြပြီး lecture ချိန်တွေမှာ သိပ်မတက်ကြတော့တာ မြင်မကောင်းအောင် ဖြစ်နေပါတယ်။ ကျောင်းတွင်းမှာဆို ကဲင်တင်း(canteen) တွေမှာနဲ့ ကျောင်းပြင်မှာဆို ပန်းခြံတွေ၊ ရုပ်ရှင်ရုံတွေ၊ အပန်းဖြေ ကစားကွင်းတွေမှအစ အအေးခန်း ဧည့်ရိပ်သာများအထိ ရောက်နေကြလေတဲ့ ကျောင်းသား/ သူများအရေးနဲ့ ပတ်သက်ပြီး ကျနော့်ရဲ့ ဆရာများ၊ လုပ်ဖော် ကိုင်ဖက်များ၊ မိတ်ဆွေများ၊ သူငယ်ချင်းများ၊ တပည့်များနဲ့ ကျနော် ဆွေးနွေးဖြစ်ခဲ့၊ ပြောဖြစ်ခဲ့ကြတာလေး တွေကို တင်ပြချင်ပါတယ်။

ပညာရေးပန်းတိုင် (The goal of Study)
နယ်တက္ကသိုလ်တစ်ခုမှာ တာဝန်ထမ်းဆောင်စဉ်က စာတမ်းဖတ်ပွဲ တစ်ခုကနေ တွေးမိလာတဲ့ အကြောင်းအရာ တစ်ခုကို တင်ပြချင်ပါတယ်။ အဲဒီကျောင်းမှာတုန်းက တစ်ပါတ်တစ်ကြိမ် စာတမ်းဖတ်ပွဲရှိပြီး အလှည့်ကျ ဌာနနှစ်ခုက စာတမ်းဖတ်ကြားကြပါတယ်။ တစ်ပါတ်မှာတော့ ဒဿနိကဗေဒဌာန ပါမောက္ခက ရှင်မဟာရဋ္ဌသာရရဲ့ ဆုံးမစာမှာပါတဲ့ “သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ” ဆိုတဲ့ ပညာသင်ကျောင်းသားများ ဆောင်ရန် ရှစ်ချက်ကို ဒဿန အမြင်နဲ့ စာတမ်းဖတ်ပါတယ်။ (ယခုဆောင်းပါးရဲ့ ရည်ရွယ်ချက်က စာတမ်းပါ အချက်များကို ဆွေးနွေးလိုရင်း မဟုတ်တဲ့ အတွက် အသေးစိတ် မတင်ပြ တော့ပါ။) ပြောလိုရင်းက ပါမောက္ခဆရာရဲ့ စာတမ်း အကျဉ်းချုပ် Abstract ထဲက စကားလုံးလေးကို အကြောင်းပြုလို့ ကျနော် အတွေးစတစ်ခု ပေါ်လာပါတယ်။
“ If the students observe  this eight means of knowledge, they can achieve the goal of study.” ဆိုတဲ့ စကားဟာ “အကယ်၍ စာသင်သား ကျောင်းသား/သူများသည် ဤ သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ ရှစ်ချက်ကို လိုက်နာကျင့်သုံးပါက ပညာရှာရာမှာ ထိရောက် ပေါက်မြောက် အောင်မြင်နိုင်မယ်၊ ပညာရေး ပန်းတိုင်ကို အရောက် လှမ်းနိုင်မယ်”လို့ ဆိုတာဖြစ်မယ် ထင်ပါတယ်။ ဒီနေရာမှာ ကျနော် စဉ်းစားမိလာပါတယ်။ “What is the goal of study?” ပေါ့။ ပညာရေး ပန်းတိုင်ဆိုတာဘာလဲပေါ့။ ပါမောက္ခ ဆရာကြီးဆိုလိုတဲ့ ပညာရေးပန်းတိုင်ကတော့ အသိပညာ၊ အတတ်ပညာများ သင်ယူတတ်မြောက်ရေးလို့ ထင်ပါတယ်။ သို့သော် လက်ရှိ ကျနော်တို့ရဲ့ ပညာရေး ပန်းတိုင်ဟာ ဆရာကြီး မျှော်လင့်တဲ့ ပန်တိုင်းဟုတ်ပါရဲ့လား။ လက်ရှိအခြေအနေအရ ဘွဲ့လက်မှတ်တစ်ခု ရရုံ ရခြင်းဟာ ပညာရေး ပန်းတိုင် ဖြစ်နေသလား။ ဘွဲ့လက်မှတ် ရပြီးရင် ပန်းတိုင်ရောက်ပြီလား၊ ပန်းတိုင်ကိုရောက်ရင် ဘာဆုရမှာပါလဲ…….။

ဘွဲ့ရလည်း ဘာလုပ်မှာလဲတဲ့
ယနေ့ခေတ် တက္ကသိုလ်ကျောင်းသားများဟာ စာမေးပွဲကြီးအတွက် အမှတ်ရမယ့် practical နဲ့ tutoial ချိန်တွေမှာသာ မပျက်မကွက်တက်နေကြပြီး lecture ချိန်တွေမှာ သိပ်မတက်ကြတော့တာ ဘာကြောင့်လည်း စဉ်းစားဖို့ လိုလာပါတယ်။ ဘာလို့ မတက်ကြသလဲလို့ဆိုတာကို ကျောင်းသား/သူတွေကိုလည်း မေးကြည့်မိပါတယ်။ မေးကြည့်လိုက်တိုင်း သူတို့ပြန်ဖြေကြတာက “ဘွဲ့ရလည်း ဘာလုပ်ရမှာလဲ”တဲ့။ “အချိန်တန်တော့လည်း မိဘ လက်ငုတ်လက်ရင်း လုပ်ရင်လုပ်၊ မလုပ်လည်း တစ်ခြားအလုပ်တစ်ခုခု လုပ်ရတာပါပဲ” တဲ့။ “ဘာအလုပ်အကိုင်အခွင့်အလမ်းမှ မရှိတာ ဘာလို့ ကြိုးစားသင်နေစရာ လိုသလဲ”တဲ့။ သူတို့ပြန်ပြောတာ အဖြေမှန် မဟုတ်ပေမယ့် ကျနော်တို့ တစ်ခုတော့ စဉ်းစား ဖို့လိုလာပါပြီ သတိထားမိလိုက်ပါတယ်။
သူတို့အတွက်ကတော့ သူတို့သင်ယူနေရတဲ့ ဘာသာရပ်တွေက ပြင်ပမှာ တိုက်ရိုက်အသုံးချနိုင်မှု မရှိဘူးလို့ မြင်နေ ကြပါတယ်။
ကျနော်တို့နိုင်ငံဟာ လက်ရှိ အနေအထားမှာ LDC (Least developing country) ဖြစ်နေကာ တိုးတက် လာတဲ့ လူဦးရေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတို့ အချိုးမမျှ ဖြစ်နေလျှက်ပါ။ အလုပ်လက်မဲ့ အရေအတွက်ကလည်း အင်မတန် များပြားနေပါတယ်။ တစ်ချိန်က ဘွဲ့ရရင် အလုပ်ရဖို့သေချာသလောက် ရှိပေမယ့် ဒီနေ့ခေတ်မှာ လက်ရှိလူဦးရေနဲ့ လက်ရှိ အလုပ်အကိုင် အခွင့်အလမ်းများအရ ဘွဲ့တစ်ခု ရရုံနဲ့ အလုပ်အကိုင် ရရှိနိုင်ဖို့ဆိုတာ မလွယ်လှပါ။ အပ်မပြောနဲ့ လူ့ပြည်က ထွန်တုံးနဲ့ ဗြဟ္မာ့ပြည်က ထွန်တုံး ထိဖို့မဖြစ်နိုင်သလို ဘွဲ့ရများ အလုပ်ရဖို့ဟာ  ခက်ခဲနေပါတယ်။ သူတို့အတွက် ဘာအနာဂါတ်မှ မမြင်ရတော့ စာအပေါ်မှာ ကြိုးစားသင်ယူလိုစိတ် မပြင်းပြတော့တာ မဆန်းဘူးဖြစ်နေပါတယ်။
ပညာသင်ကြားရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က အလုပ်အကိုင် အခွင့်အလမ်းတစ်ခုတည်း မဟုတ်ပါ။   ဘွဲ့တစ်ခုအတွက် သင်ကြားပို့ချနေတဲ့ သင်ရိုးများဟာ တိုက်ရိုက်အသုံးချဖို့ သက်သက် မဟုတ်ပါ။ အသုံးချလို့ မရတိုင်း အလဟဿ၊ အဟောသိကံလည်း ဖြစ်မသွားပါ။ နိုင်ငံတကာမှာလည်း ဘွဲ့ရတိုင်း အလုပ်ရဖို့ဆိုတာ မသေချာပါ။ ကျောင်းသင်စာတိုင်းဟာ ထမင်းစားလက်မှတ်အတွက် သင်နေတာ မဟုတ်ပါ။ လူ့လောက၊ လူ့အသိုင်းအဝိုင်းမှာ သဟဇာတ မျှမျှနဲ့ နေထိုင် စားသောက်ကာ ဘဝမှာ နေပျော်သူ၊ လောကကို အကျိုးပြုနိုင်သူ၊ လူတောာ်လူကောင်း၊  လူလိမ္မာ လူယဉ်ကျေးများ၊ သို့မဟုတ်ခဲ့ရင်တောင်မှ လောကကို ဒုက္ခမပေးသူတွေ မွေးထုတ်ဖို့ ဖြစ်ပါတယ်။

ရွေးချယ်ခွင့်
ဆင်းရဲတွင်းနက်နေတဲ့ ကျနော်တို့နိုင်ငံမှာ ကျောင်းသားများ လိုချင်တာက အသက်မွေး ဝမ်းကျောင်းပညာလား၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေမှာ သင်နေတဲ့ ပညာရပ်တွေလား စဉ်းစားရပါမယ်။ လက်ရှိအခြေအနေအရ သူတို့ မှာ ရွေးချယ်ခွင့် အင်မတန် နည်းနေပါတယ်။ ဆယ်တန်း(တက္ကသိုလ်ဝင်တန်း) အောင်တာနဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်ကြ၊ အမှတ်ကောင်း သူများက ဆေးတို့၊ ရေကြောင်းတို့ UFLတို့ စတဲ့ ထမင်းစားလက်မှတ် ကောင်းကောင်းတွေ ရွေးကြ။ (ခုတော့ COE ဆိုတာကြီးပါ ပါလာတာပေါ့)။ အတန်အသင့် အမှတ်ရသူတွေက  GTC/GTU တွေတက်ကြပေါ့။ တချို့လည်း စိုက်ပျိုးရေးတို့၊ သစ်တောတို့ပေါ့။ အဲဒီအောက်က ကျောင်းသားတွေကတော့ မကောင်းကျောင်းပို့၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် တက်ကြစေသတည်းပေါ့။ ဒီကြားထဲ ရှိပါသေးတယ်၊ ဆယ်တန်းမှာ သိပ္ပံတွဲယူခဲ့သူတွေက တက္ကသိုလ်ရောက်မှ ပထဝီဝင်တဲ့၊ သမိုင်းတဲ့၊ Ecoတဲ့။ သူတို့ ရတဲ့အမှတ်နဲ့ ခွဲလိုက်တာတဲ့ဗျာ။ ဒီတော့ ဝါသနာပါပါ မပါပါ ရောက်ရာမေဂျာမှာ သင်ချင်တာသင်၊ အချိန်တိုင်လို့ တစ်တန်းအောင် အဖေ မဆူ အမေ မဆူ တော်ရောပေါ့။

အခွင့်အလမ်းသာ မြင်နေရရင်
ဥပမာအနေနဲ့ နှိုင်းယှဉ်ကြည့်တော့ စင်္ကာပူနိုင်ငံက polytechnic ကျောင်းတွေလို diploma လက်မှတ်အဆင့်ကတောင် ကျောင်းဆင်းတာနဲ့ အလုပ်ရဖို့သေချာနေပေမယ့် မြန်မာပြည်က Bechlorဘွဲ့မဆိုထားနဲ့ Masterဘွဲ့ရ တစ်ယောက်တောင် အလုပ်ရဖို့ မသေချာ ဖြစ်နေပါတယ်။ နောက် မြန်မာကျောင်းသားတွေနဲ့စာလိုက်ရင် စင်္ကာပူက ကျောင်းသားတွေရဲ့ စာကြိုးစားပုံပါ။ စင်္ကာပူကျောင်းသားက သူတို့ တကယ်မတတ်ရင် လုပ်ငန်းခွင်မှာ အဆင်မပြေနိုင်တာ သိနေတော့ မကြိုးစားလို့ မဖြစ်ပါ။ အလုပ်အကိုင် အခွင့်အလမ်းသာ ကောင်းကောင်းရှိနေရင် မြန်မာကျောင်းသားများဟာလည်း ရှင်မဟာ ရဋ္ဌသာရရဲ့ လမ်းညွှန်ချက်(၈)လုံးသာမက (၁၆)လုံးဖြစ်ရင်တောင် သူတို့ မဖြစ်မနေ ကျားကုတ်ကျားခဲ ကြိုးစားမှာ အမှန်ဖြစ်ပါတယ်။
ခု ကျနော်တို့ဆီမှာတော့ အသက်မွေး ပညာသင်ကျောင်းတွေကလည်း နည်းနေ၊ ရှိနေတဲ့ GTC/GTU လို ကျောင်းဆင်း၊ BTechတွေ၊ BEတွေ၊ ဆေးကျောင်းဆင်း MBBSတွေ နောက် ဝိဇ္ဇာသိပ္ပံထွက် မဟာသိပ္ပံ၊ မဟာဝိဇ္ဇာတွေအတွက်တောင် အလုပ်အကိုင် မရရှိဖြစ်နေတော့ ပြောရခက်နေပါတယ်။ ကျောင်းဆင်းတာနဲ့ အလုပ်အကိုင် အခွင့်အလမ်းသာ မြင်နေရရင် ကျောင်းသားကလည်း သင်ယူရာမှာ မပေါ့မလျော့ ကြိုးစားမှာ သေချာပါတယ်။ ဆရာဆရာမတွေ ဘက်က ကြိုးကြိုးစားစား မသင်ကြားပေးဘူးဆိုရင်တောင် ကျောင်းသားက မသင်တဲ့ဆရာကို အတိုင်အတောတွေ ဖြစ်လာမှာပါ။ ခုတော့ ဆရာမသင်လေ ကျောင်းသားကြိုက်လေ၊ စာနည်းလေ ကျောင်းသားကြိုက်လေ၊ “Spot ပေးတဲ့ ဆရာ တို့ဆရာ” ဖြစ်လို့နေပါတယ်။ တက္ကသိုလ် ကျောင်းသား/သူများက lecture တန်းသာ မှန်မှန်မတက်ပေမယ့် tution ကိုတော့ မဖြစ်မနေလောက် တက်နေကြရပြန်ပါတယ်။

နောက်ဆုံးကျောင်း
တက္ကသိုလ်ဆိုတာ လုပ်ငန်းခွင် မဝင်ခင် နောက်ဆုံးကျောင်းပါ။ ဒါကြောင့် လောကမှာ၊ ဘဝမှာ ဖြတ်သန်းရမယ့်၊ ရင်ဆိုင်ရမယ့် အခက်အခဲတွေ အတွက် စာတွေ့ လက်တွေ့ လေ့ကျင့် ပေးတဲ့ နေရာအမှန် ဖြစ်နေရမှာပါ။ အသိပညာ အတတ်ပညာ အမှန်တကယ် တတ်မြောက်ဖို့က အင်မတန် အရေးကြီးလှပါတယ်။ ပညာသင်ရတဲ့ ရည်ရွယ်ချက် အမျိုးမျိုးထဲမှာ ဘဝမှာ စား၊ ဝတ်၊ နေရေး အခက်အခဲမရှိ လွယ်ကူစွာ ရပ်တည်ဖြစ်သန်းဖို့ဆိုတဲ့ ရည်ရွယ်ချက်လည်း ရှိကြမှာ အမှန်ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံမှာ အသက်မွေးသင် ပညာရပ် (Vocational Education) များ ထွန်းကားရေးဟာလည်း ကျောင်းသားတစ်ဦးချင်းအတွက် အင်မတန် အရေးကြီးသလို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်လည်း အင်မတန် အရေးကြီးလှပါတယ်။

ဝိဇ္ဇာသိပ္ပံတက္ကသိုလ်
ဒီနေ့ ကျနော်တို့ မြန်မာနိင်ငံက ပညာရေးဝန်ကြီးဌာနလက်အောက်က ပညာရေးတက္ကသိုလ်ကလွဲလို့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေ က အဓိကထားသင်ကြားတာက အသက်မွေးပညာ မဟုတ်ဘူးဆိုတာ အားလုံးအသိပင် ဖြစ်ပါတယ်။  ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တွေက သင်ကြားနေတာတွေက လူတစ်ယောက် အထူးသဖြင့် နိုင်ငံသား တစ်ယောက် သိသင့်သိအပ်တဲ့ အသိပညာ၊ အတွေးအခေါ် အယူအဆ၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ အားကစား၊ နိုင်ငံ့သမိုင်းနဲ့ ကမ္ဘ္ဘ္ဘာ့သမိုင်း၊ အခြေခံ ပထဝီဝင်၊ သဘာဝ သိပ္ပံပညာနယ်ပယ် စတဲ့ လူမှုဝန်းကျင်မှ နေ့စဉ်ကြုံတွေ့ ဖြတ်သန်းကြရမယ့် အခြေခံ သဘောတရား အသိပညာများသာ ဖြစ်ပါတယ်။  ဝိဇ္ဇာသိပ္ပံ ပညာရပ်များဟာ နိုင်ငံသားတစ်ယောက် အနေနဲ့ သိသင့်သိအပ်တဲ့ အကြောင်းအရာတွေကို သိဖို့နဲ့ (brain storming) ဆိုတဲ့ ဦးနှောက် အသိဥာဏ် ဖွံ့ဖြိုးရင့်သန်စေကာ ယဉ်ကျေးတဲ့ တိုးတက်တဲ့ လူအဖွဲ့အစည်း၊ နေပျော်တဲ့ လူမှုပတ်ဝန်းကျင် ဖန်တီးရေးအတွက် အဓိက ကျလှပါတယ်။ ဝိဇ္ဇာသိပ္ပံပညာရပ်များဟာ လောကကြီးမှာ အကြောင်းနဲ့ အကျိုး၊ အကောင်းနဲ့ အဆိုး၊ အမှားနဲ့ အမှန် ဝေဖန်ပိုင်းခြားနိုင်ဖို့ ဆင်ခြင်တုံတရားကို ဖွံ့ဖြိုးစေဖို့ အဓိကရည်ရွယ်ပါတယ်။ ဒီပညာရပ်များဟာ လူသားတိုင်း နိုင်ငံသားတိုင်း မသိမဖြစ် မသင်မဖြစ် အရေးကြီးလှပါတယ်။ (လက်ရှိ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များရဲ့ ပညာရေး ရေချိန် မမီဖြစ်နေခြင်းမှာ သီးသန့်ဆွေးနွေးရမည့် ကိစ္စဖြစ်၍ ချန်လှပ်ထားခဲ့ပါသည်)

အသက်မွေးသင် ပညာ (Vocational Education)
အသက်မွေးဝမ်းကျောင်း ပညာရပ်များကတော့ ဒါလုပ်လျှင် ဒါဖြစ်ဟု ပုံသေနည်း အနည်းငယ်ဆန်ပေမယ့် မိမိဘဝ ရှင်သန်ရပ်တည်ရေးအတွက် မတတ်မဖြစ် တတ်အပ်သော ပညာရပ်များ ဖြစ်နေပြန်ပါတယ်။ ဒီအတွက် အနာဂါတ်ပညာရေး ဖော်ဆောင်ရာမှာ အခြေခံပညာ အဆင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးလျှင်၊ အသက်မွေးပညာအဆင့် (diploma သင်တန်းများ) တက်ရောက်လိုသူများအတွက် အဆင်ပြေအောင် စီမံ အကောင်ထည်ဖော်ဖို့ လိုအပ်မယ်လို့ ထင်မြင်မိပါတယ်။ ထို့နောက် အသက်မွေးပညာ သင်ကြားပြီးသူများ (စားဝတ်နေရေး အာမခံချက် ရရှိပြီးနောက်) အသိပညာများ သင်ကြားရာ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များသို့ ဆက်လက်၍ တက်ရောက် သင်ယူနိုင်ရန် စီမံ ဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်။ အသက်မွေးပညာ သင်ရန်မလိုသူ(ဥစ္စာဓန ပြည့်စုံသူ)များအတွက်ကတော့ ၎င်းတို့ ဆန္ဒအရ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များသို့ တိုက်ရိုက် တက်ကြရန်ဖြစ်ပါတယ်။
သို့သော်လည်း လက်ရှိ ကျနော်တို့နိုင်ငံ အနေအထားအရ  အများစုသောတိုင်းသူပြည်သားများဟာ အသိပညာထက် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ အတတ်ပညာကို အလျှင်စလို လိုအပ်နေတယ်ဆိုတာ အများအသိပင် ဖြစ်ပါတယ်။

အလုပ်လက်မဲ့ ပြဿနာ
ယနေ့ ကမ္ဘာပေါ်တွင် အလုပ်လက်မဲ့ ၁၉၇သန်း ရှိတယ်လို့  UN ရဲ့ထုတ်ပြန်ချက်အရ (နယူးယောက်၊ ဇန် ၂၂)သိရပါတယ်။  ဒီအရေအတွက်ဟာ  ထပ်မံတိုးတက်လာဖွယ်ရှိကြောင်း ကမ္ဘာကုလသမဂ္ဂလက်အောက်ခံ  အလုပ်သမား အဖွဲ့အစည်း (ILO)က ထုတ်ပြန်ခဲ့ပါတယ်။ ၁၃ရာခိုင်းနှုန်းသော အလုပ်လက်မဲ့များဟာ ၂၄နှစ်အောက် အလုပ်လုပ်နိုင် သည့် လူငယ်များ ဖြစ်ကြကြောင်းလည်း ILOက သုံးသပ်ထုတ်ပြန်ထားပါတယ်။ ၂၀၁၂ အတွင်း အလုပ်လက်မဲ့ ဦးရေ လေးသန်း ထပ်တိုးလာပြီး ၂၀၁၃တွင် အလုပ်လက်မဲ့ ဦးရေမှာ ၅ဒဿမ၁ သန်းထိ ထပ်ပြီးတိုးလာဦးမည်ဟုလည်း ခန့်မှန်းချက်များ ထုတ်ပြန်ထားပြန်ပါတယ်။
ကျနော်တို့ နိုင်ငံမှာရော အလုပ်လက်မဲ့ အရေတွက် ဘယ်လောက်များနေပြီလဲ။ ဒီ ၁၉၇သန်းသော အလုပ်လက်မဲ့ထဲမှာ ကျနော်တို့ မြန်မာနိုင်ငံသားများ ဘယ်လောက် ပါနေပါသလဲ။ ဒီပြဿနာကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အနေနဲ့ ဘယ်လိုဖြေရှင်းဖို့ စီစဉ်နေကြပါသလဲ။ 
ILO အစီရင်ခံစာက သက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးသည့် သင်တန်းကျောင်းများအတွက် အစိုးရများ အနေဖြင့် ပိုက်ဆံ ပိုပြီးသုံးကြရန် နှင့် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ  ရှာဖွေ ပေးပါရန် အကြံပေးထားပါသတဲ့။ လက်ရှိကျနော်တို့ နိုင်ငံမှာ အသက်မွေးပညာသင်ကျောင်းများ လိုအပ်သလေက် မရှိသေးသလို အမျိုးအစားအာဖြင့်လည်း စုံလင်ဖို့လိုနေတယ်လို့ ထင်မြင်မိပါတယ်။ ခုချိန်မှာ အသက်မွေးသင်ကျောင်းများ ထပ်မံတိုးချဲ့ဖို့ အပြင် ကျောင်းဆင်းများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်ဖို့ အင်မတန် အရေးကြီးပါလိမ့်မယ်။

တပည့်မကောင်း ဆရာ့ခေါင်းဆိုလျှင်
ကျနော်တို့ မြန်မာ့လူ့အသိုင်းအဝိုင်းမှာ ပြောလေ့ ရှိတာတစ်ခုက ပထမအရွယ်မှာ ပညာရှာပြီး ဒုတိယအရွယ်မှာ ဥစ္စာရှာဖို့ ဖြစ်ပါတယ်။ ပညာကို ရှာတဲ့ တစ်ဆင့်ပြီးလျှင် သူတို့ ဥစ္စာရှာဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ အလုပ်အကိုင် အခွင့်အလမ်းဆိုတာ စကားပြောလာပါတယ်။ ပညာသင်ကြားရေးက သက်ဆိုင်ရာ အခြေခံ ပညာအဆင့်နဲ့ အဆင့်မြင့်ပညာအဆင့်(တက္ကသိုလ်များ)ရှိ ဆရာဆရာမများတာဝန်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးက ဘယ်သူ့အပေါ်မှမူတည်ပါသလဲ။ အဓိကကတော့ ကာယကံရှင်ပဲလို့ လွယ်လွယ်ပြောလို့ ရနိုင်ပေမယ့် သားသမီးမကောင်း မိဘခေါင်း၊ တပည့်မကောင်း ဆရာ့ခေါင်းလို့ ပြောလေ့ရှိတော့ နိုင်ငံသားမကောင်း ဘယ်သူ့ခေါင်းပါလဲလို့ တစ်ဆက်တည်း တွေးမိပြန်ပါတယ်။

ဘွဲ့ရမောင်မယ်များရဲ့ အလုပ်အကိုင် အခွင့်အလမ်း
            ဒီနေ့ အဘက်ဘက်က ပြုပြင်ပြောင်းလဲမှုတွေ၊ အတွေးအခေါ်အယူအဆ အသစ်တွေ၊ ခံယူချက် ယုံကြည်ချက် မျှော်လင့်ချက် အသစ်တွေနဲ့ ချီတက်နေဆဲကာလမှာ နိုင်ငံရဲ့ ရင်နှစ်သည်းချာ သားရတနာ၊ တက္ကသိုလ်ဘွဲ့ရ လူငယ်မောင်မယ်များရဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးမှာလည်း နိုင်ငံတော်အစိုးရမှာ အဓိက တာဝန်ရှိတယ်လို့ ပြောရပါမယ်။
            ဒါကြောင့် အနာဂါတ်ကာလ ပညာရေး ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်ရာမှာ လက်ရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ အများအပြား ဖွင့်လှစ်ထားသလို အသက်မွေးဝမ်းကျောင်း ပညာသင် တက္ကသိုလ် အမျိုးမျိုးကိုလည်း အဓိကထား များများစားစား ဖွင့်လှစ်သင်ကြားရေးဟာ အလွန်ပင်အရေးကြီးလှပါတယ်။ နောက် သင်ကြားပို့ချရမှာလည်း ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် မဟုတ်ဘဲ သင်ထောက်ကူ ပစ္စည်း ပြည့်ပြည့်စုံစုံ၊ စာကြည့်တိုက်ကောင်းကောင်းနဲ့ အမှန်တကယ် နားလည်တတ်ကျွမ်းတဲ့ ဆရာ/ဆရာမ အင်းအားကောင်းကောင်းဖြင့် စာတွေ့၊ လက်တွေ့  ထိရောက်အောင်မြင်စွာ သင်ကြားပေးဖို့ လိုပါတယ်။  လက်တွေ့လုပ်ငန်းခွင် ရောက်တဲ့အချိန်မှာ လုပ်ငန်းတာဝန်များကို အဆင်ပြေချောမွေ့စွာ ထမ်းဆောင်နိုင်မယ့် လုပ်သားကောင်းတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင် ဘွဲ့ရမောင်မယ်တွေ မွေးထုတ်ဖို့ အလွန်ပင် အရေးကြီးလှပါတယ်။  ထိုထိုသော ကျောင်းများမှ ထွက်ပေါ်လာသော ဘွဲ့ရမောင်မယ်များရဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် “ပညာရေးဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် ကြီး”ဆိုတာကို အပြောမဟုတ် အလုပ်နဲ့ သက်သေထူကာ အထူးအလေးထား ကြိုးပမ်းတည်ဆောက်ကြပါလို့ တိုက်တွန်း တင်ပြ လိုက်ရပါတယ်။
                                                                                                                             ဇော်မျိုးလှိုင်
                                                                                                                            ရူပဗေဒဌာန
                                                                                                                           ဒဂုံတက္ကသိုလ်

Thursday, March 7, 2013

တစ်လုံးတစ်ခဲသော ဆုငွေ-ဇော်မျိုးလှိုင်(ရူပဗေဒဌာန ၊ဒဂုံတက္ကသိုလ်)

တစ်လုံးတစ်ခဲသော  ဆုငွေ-ဇော်မျိုးလှိုင်(ရူပဗေဒဌာန ၊ဒဂုံတက္ကသိုလ်)

ချဉ်ငန်စပ်တို့ ပညာရေး လောကက ပေါက်တတ်ကရ ဖြစ်ရပ်ဆန်းများကတော့ ပြောမဆုံးပေါင် တောသုံးထောင်ဗျ၊ ခုလည်း ချဉ်ငန်စပ် တစ်ယောက် အမြင်အမှန်ကပ်အောင် မနေနိုင် မထိုင်နိုင် ပြောရပေဦးတော့မယ်။ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ ပညာရေး ဝန်ကြီးဌာန၊ အမှတ်(၃) အခြေခံဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီး) က ထုတ်ပြန်တဲ့ “စာအမှတ်၊ ဌာနခွဲ(၃)/ ၀၇၆၄/ဝထ-ကောင်း(ထူး) ၁၃”၊ ရက်စွဲက ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ၊ ၁၅ရက်က“အမှာစာ” ဆိုတာကြီးပေါ့ဗျာ။
အကြောင်းအရာက “ဝန်ထမ်းကောင်းဆုတံဆိပ်များအတွက် တစ်လုံးတခဲတည်းသော ဆုငွေများ လာရောက်ထုတ်ယူရန် ကိစ္စ” တဲ့ဗျ။ ရည်ွှန်းချက်က “ပညာရေးဝန်ကြီးဌာန၊ဝန်ကြီးရုံး၏ (၂၈-၁-၂၀၁၃) ရက်စွဲပါ စာအမှတ်၊ ၁၁ ခွဲ(၃)(ဂ)၂၀၁၃ (၅၁၆) လို့ရေးထားသဗျ။
          စာကိုယ် အပိုဒ်(၁)မှာ “အထက်အကြောင်းအရာပါ ကိစ္စနှင့် ပတ်သက်၍ အထက်ရည်ညွှန်းပါ စာအရ အမှတ်(၃) အခြေခံပညာဦးစီးဌာနနှင့် လက်အောက်ရှိ ပညာရေး ဝန်ထမ်းများထဲမှ ၂၀၁၃ ခုနှစ်အတွက် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းခြင်း ခံရသူများ၏ တစ်လုံးတစ်ခဲသော ချီးမြှင့်ငွေများကို  အောက်ပါအတိုင်း ထုတ်ပေးမည်ဖြစ်ပါ၍ သတ်မှတ်ရက်အတိုင်း လာရောက်ထုတ်ယူပါရန် အကြောင်းကြားပါသည်”လို့ ရေးထားသဗျာ။
အပိုဒ်(၂)မှာတော့ “ကာယကံရှင်များက မိမိကိုယ်တိုင် ပူးတွဲ ဖော်ပြပါ လိုအပ်ချက်များနှင့်အတူ လာရောက် ထုတ်ရန်နဲ့ (၄-၁-၂၀၁၃)ရက် နောက်ပိုင်း ကွယ်လွန်သူများ၏ ဆုငွေများကို တရားဝင် အမွေဆက်ခံခွင့် ရှိသူများက ရပ်ကွက်ထောက်ခံချက်၊ သေစာရင်း မိတ္တူများနှင့်အတူ လာရောက်ထုတ်ယူရန် ဖြစ်သည်”တဲ့။
          အပိုဒ်(၂) (က)မှာ အမျိုးသားမှတ်ပုံတင် မူရင်းနဲ့ (ခ)မှာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးနှင့် မြို့နယ်ပညာရေးမှူးတို့၏ ထောက်ချက်မူရင်း (မူလတန်းကျောင်းများကို မြို့နယ် ပညာရေးမှူးက ထောက်ခံပေးရန်) လို့ပါပါတယ်။ အောက်မှာတော့ ချီးမြှင့်ငွေ ထုတ်ပေးမယ့် နေရာ၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ထုတ်ပေးမယ့် ရက်စွဲနဲ့ ထုတ်ယူရန် ဆရာဆရာမ အမည်၊ ရာထူး၊ ကျောင်း စတာတွေပါပါတယ်။
          ဒီစာကို လက်မှတ်ထိုး ထုတ်ပြန်ထားသူကတော့ ဦးမြင့်စိန် [မြင့်စိန်၊ လက်ထောက် ညွှန်ကြားရေးမှူး(စီမံ)] ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား) လို့ တွေ့ရပါတယ်။
မိတ္တူကိုမှာတော့ - ရုံးအဖွဲ့မှူး၊ ပညာရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ နေပြည်တော်လည်း ပါသလို့ စုံလို့စုံလို့ ပါပါသဗျ။
ဟုတ်ကဲ့ စာထဲပါတဲ့ အချက်တွေ အရင်ပြောနေရတာနဲ့ စာဖတ်သူများတောင် စိတ်ရှည်ပါတော့မလား မသိဘူး။ တောင်းပန်ပါတယ်ဗျာ စိတ်ရှည်ရှည်လေးနဲ့ ဆက်ဖတ်ပေးပါဦးခင်ဗျာ။
ဒီ ဝန်ထမ်းကောင်းဆုတံဆိပ်များအတွက် တစ်လုံးတစ်ခဲတည်းသော ဆုငွေများကို ထုတ်ယူခွင့်ရရှိသူများကတော့  လုပ်သက်(၃၀) ပြည့်ပြီးတဲ့ ဆရာကြီး ဆရာမကြီးတွေတဲ့ဗျ။
ချဉ်ငန်စပ်ရဲ့ အသိ ဆရာကြီး၊ ဆရာမကြီး အချို့လည်း ဆုရမယ့် အထဲမှာ ပါသဗျ။ ချဉ်ငန်စပ်တို့ ဆရာကြီး၊ ဆရာမကြီးများ ခင်ဗျာ နှစ်သုံးဆယ်လုံးလုံး တိုင်းပြည်အတွက် မဝရေစာစားပြီး လုပ်ခဲ့ရတာလေဗျာ။ ခုလိုတစ်လုံးတခဲသော ဆုငွေများ ထုတ်ပေးမယ်ဆိုတော့ ဝမ်းသာလုံးတောင် ဆို့လို့ဗျာ။ တပည့်မရှား တစ်ပြားမရှိ၊ ပီတိစား ခါးချည့် နေခဲ့ရတာလေဗျာ။ အခြားဝန်ကြီးဌာနက ဝန်ထမ်းတွေဆို နေအိမ်လိုင်းခန်းလည်း ရ၊ ရုံးသွားရင်လည်း ဖယ်ရီနဲ့ဗျ။ ကျောင်းဆရာဆရာမဆိုတာ လိုင်းခန်းလည်း မရှိ။ ဖယ်ရီလည်း မရှိ။ သွားရတဲ့ကျောင်းတွေကလည်း အခြားဝန်ထမ်းတွေလို လမ်းမတန်းနဲ့လည်း မနီး၊ မှတ်တိုင်နီးနီးလည်း မဟုတ်။ ရပ်ကွက်တွေရဲ့အလယ်ကကျောင်းတွေ၊ မြို့စွန်ကကျောင်းတွေကို ရောက်ဖို့ဆိုတာ ကုန်းတစ်တန် ရေတစ်တန်ဗျ။ လိုင်းကား အဆင့်ဆင့်အပြင် ဆိုက်ကား တောင်ပါလိုက်သေး။ (ဒါက ရန်ကုန်မြို့က ဆရာဆရာမ အကြောင်းနည်းနည်းလောက်နော်။ နယ်ကဆရာဆရာမများရဲ့ ဒုက္ခတွေဆို ပြောမဆုံးပေါင် တောသုံးထောင်ပါ ဆိုနေမှ။)
ဝန်ထမ်းချင်းတူရင်တောင် ကျောင်းဆရာ၊ ဆရာမဆိုတာ လစာကနည်း၊ အခြားဝန်ထမ်းတွေလို ရုံးချိန်အတွင်း ဂွင်(ခွင်) ကလည်း မရှိ။ ရတဲ့လခကလည်း စားဖို့သောက်ဖို့ နေဖို့ထိုင်ဖို့လောက်တောင် မလောက်င။ ဘဝလောကဓံကို ခါးစည်းခံစားရင်း ဝါသနာကို အခြေခံလို့ စေတနာနဲ့ လုပ်ခဲ့ရတာလေဗျာ။ နားရမယ့် အချိန်လေးမှာလည်း ကိုယ့်ဝမ်းနာကိုယ်သာ သိသမို့ မနားနိုင်ပါ။ အသက်အရွယ်ကို မထောက်၊ ဂုဏ်သိက္ခာဆိုတာ ဘေးချိတ်။ ကျောင်းသားများက တစ်ကြိမ်မက နှစ်ကြိမ်သင်ချင်လို့ အိမ်ခေါ်ကြတော့ မောင်ကြီးခေါ်ရာ လိုက်ရပြန်သပေါ့။ ဒီလိုဆိုပြန်တော့ ပြောဆို ဝေဖန်နေ လိုက်ကြတာ ရစရာမရှိ။ (ကိုယ့်လောကမှာ နှစ်ကြိမ် မခေါ်ခေါ်အောင် လုပ်သူများကလည်း ရှိနေတော့ ပြောရတာ အားမရှိလှ)။ ခိုးကြောင့်ခိုးဝှက်လုပ်စားနေရပုံများ သမ္မတကြီးဆိုတာက ကျောင်းဆရာများ ဘဝအကြောင်း သိမှ သိပါလေစ
အခြားဌာနက ဝန်ထမ်းကြီးငယ်တွေ အကြောင်းမဲ့ ပြေလည်နေတာကိုတော့ ဝေဖန်ရေးနဲ့လေကန်ရေးသမားများက သူ့ရှေးဘုန်းရှေးကံမို့ ရကြတယ်လို့ ထင်နေလားမသိ၊ ဘာမှ အသံမထွက်ကြပေမယ့် ကျောင်းဆရာ၊ ဆရာမများရဲ့ ကျူရှင်ကိစ္စကတော့  အသံကျယ်သမှ သိပ်ကို ကျယ်လှသဗျာ။ တကယ်တော့ ကျောင်းဆရာဆိုတာ ဝန်ထမ်းလောကမှာ နောက်ဆုံး စာရိတ္တခံတပ်ပါ။ တစ်ခြားခံတပ်တွေ ပြိုတာ ကြာလှပေါ့။ ထားပါတော့ဗျာ ဒီကိစ္စတွေက အနာဂါတ် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးလုပ်ပြီးရင် ကျွဲကူးရေပါကိစ္စတွေပါ။ သူ့အလိုလို ရှင်းသွားမှာပါ။
ဘာပဲဖြစ်ဖြစ် ခုတော့ ကိုယ့်ဆရာကြီး၊ ဆရာမကြီးတွေကို လုပ်သက်(၃၀) ပြည့်လို့ ဝန်ထမ်းကောင်းဆုတံဆိပ်တွေ  ချီးမြှင့်တော့မှာပဲလေ၊ အားလုံးဝမ်းသာစရာပေါ့။ လုပ်သက် (၃၀) မပြည့်သေးတဲ့သူ ဆရာ၊ ဆရာမများကတောင် မုဒိတာပွားလို့။ ဆရာကြီး ဆရာမကြီးများခင်ဗျာ မှတ်ပုံတင်တွေ ဘာတွေ အသိမ်းလွန်နေတာတွေ ပြန်ရှာကြရတာပေါ့။ မှတ်ပုံတင်ဆိုတာ ကျောင်းဆရာလောကအဖို့ သိပ်အသုံးလိုတာမှ မဟုတ်တာလေ။ ခရီးဝေးကလည်း မသွားဖြစ်။ ဟိုနားဒီနားလောက်တော့ ဝန်ထမ်းကဒ်နဲ့ပဲပေါ့။ ဘုရားဖူးခရီးဆိုတာက ရတဲ့လခနဲ့ လားလားမှ မဆိုင်၊ စဉ်းစားစရာမဟုတ်လို့လည်း စဉ်းတောင် မစဉ်းစားဝံ့။ နောက်မှတ်ပုံတင်သုံးဖို့ ဘဏ်ဆိုတဲ့နေရာကြီးကလည်း ကျောင်းဆရာ ဘဝနဲ့က ဘုန်းကြီးနဲ့ဘီးလို ကမ္ဘာမကျေ ရန်သူတွေ မဟုတ်ပါလား။ ထားပါတော့လေ။
နောက် (၄-၁-၂၀၁၃)ရက် နောက်ပိုင်း ကွယ်လွန်သူများအတွက် ဆုငွေများကို တရားဝင် အမွေဆက်ခံခွင့် ရှိသူများက ရပ်ကွက်ထောက်ခံချက်၊ သေစာရင်း မိတ္တူများနှင့်အတူ လာရောက်ထုတ်ယူရန် ဖြစ်သည် ဆိုလေတော့ ကျန်ရစ်သူ မိသားစုဝင်များက ကျေးဇူးရှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုသူများထံ အခစားဝင်ရပြန်သပေါ့။ သေစာရင်းမိတ္တူများလည်း ကူးရသေး။ နောက်တစ်ချက် မြို့နယ် ပညာရေးမှူးဆီသွား ထောက်ခံစာ ယူကြရပြန်တာပေါ့။
ဒီလိုနဲ့ပဲ ဆရာကြီးဆရာမကြီးများမှာ တစ်လုံးတစ်ခဲသော ဆုငွေများ ထုတ်ယူဖို့ ဝမ်းသာအားရ ပြင်ဆင်ကြရတာပေါ့နော်။ ဆရာမကြီး တစ်ယောက်ဆို ချီးမြှင့်ငွေ သွားမထုတ်ခင် စလင်းဘက် အိတ်အသစ်ကြီးတောင် ဝယ်သွားလိုက်သေး။ ရမယ့် ချီးမြှင့်ငွေတွေ အပြန်ကြရင် ထည့်လာဖို့ပေါ့နော်။ နောက်ဆရာမကြီး တစ်ယောက်ဆို လိုင်းကားမစီးတော့ဘူးဆိုပြီး တစ်သက်နဲ့တစ်ကိုယ် ဖင်ဝဲပေါက်မလားတောင် မပြောတတ်။ တက္ကစီ(taxi)နဲ့ အခန့်သားသွား လေရဲ့။ တစ်ယောက်ချင်းသွားကြသူတွေ ရှိသလို အုပ်စုဖွဲ့၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းကြီး(U60)တွေ ပျော်ပျော်ပါးပါး စုပေါင်းကာ သွားကြတာလည်း ရှိသပေါ့လေ။ ဒီလိုနဲ့ တစ်လုံးတခဲသော ခုငွေ ထုတ်ရမယ့် အမှတ်(၃) အခြေခံပညာဦးစီးဌာနမှာ ၅ထိပ်စည်းတွေ တစ်ပုံကြီးပေါ့နော်။
၂၇-၂-၂၀၁၃နေ့ (ဗုဒ္ဓဟူးနေ့) နေ့လယ် (၁၂)နာရီထိုးတော့ ဆုငွေတွေ စထုတ်ပေးပြီပေါ့။ အနှစ်(၃၀)လုံးလုံး လုပ်ခဲ့ရတဲ့ ဆုလဒ် မျှော်လင့်တကြီးစောင့်စားခဲ့ရတဲ့ ဆုလဒ်လေ။ တပည့်မရှား တစ်ပြားမရှိ ပီတိစားလို့ အားမရှိခဲ့ရပေမယ့် ခုတော့  တစ်လုံးတစ်ခဲသော ဆုငွေ နဲ့ အားရှိတော့မပေါ့လေ။ တစ်လုံးတစ်ခဲသော ဆုငွေ ဆိုတာ ဘယ်လောက်တောင် များပါလိမ့်….။

ရလာတဲ့ စာအိတ်ကို ဖွင့်ကြည့်လိုက်ကြတော့ တစ်လုံးတစ်ခဲသော ဆုငွေ……………. (၃၀၀၀)ကျပ်……..

မှားများနေလားလို့ အချင်းချင်း ပြန်စစ်ပြန်တိုက်တော့လည်း လူတိုင်း အားလုံး ကိုယ်စီ သုံးထောင်။

နှစ်သုံးဆယ် သုံးထောင်ကျပ်

တစ်နှစ်ကို တစ်ရာကျပ်တဲ့လား ……………

သူတို့ပြောတော့ တစ်လုံးတစ်ခဲသော ဆုငွေဆို…………..

အင်း လမ်းစရိတ်တောင် မကျေ……..။ အိမ်ကို ဘယ်လိုမျက်ခွက်နဲ့ ပြန်ရပါ့နော်………………..။
                                                                                                         
                                                                                                   ဇော်မျိုးလှိုင်
                                                                                                   ရူပဗေဒဌာန
                                                                                                 ဒဂုံတက္ကသိုလ်

Monday, March 4, 2013

ကျွန်တော်တို့ဆက်ညံ့ကြဦးမှာလား။ ဒေါက်တာသန်းလွင်ဦး (နိုင်ငံတကာဆက်ဆံရေးပညာ)


ပြည် Bi-Monthly Journal, Vol – 1, Number – 3  တွင်ဖော်ပြခဲ့သောဆောင်းပါးဖြစ်ပါသည်။
 
ကျွန်တော်တို့ဆက်ညံ့ကြဦးမှာလား။
ဒေါက်တာသန်းလွင်ဦး (နိုင်ငံတကာဆက်ဆံရေးပညာ)
အမှန်ကတော့ ကျွန်တော်ကစာရေးဆရာတစ်ယောက်မဟုတ်ပါ။ သာမန်တက္ကသိုလ်ဆရာတစ်ဦးသာဖြစ်ပါတယ်။ စာလည်းမရေးတတ်ပါဘူး။ မရေးတတ်ဘဲနဲ့ဘာလို့ရေးရသလဲလို့မေးစရာရှိပါတယ်။ မရေးဘဲနေလို့မရနိုင်လောက်တဲ့ အကြောင်းတရားတွေ မြင်နေ၊ တွေ့နေ၊ ကြားနေရလို့ပါ။ အားလုံးသိရှိပြီးဖြစ်ကြတဲ့အတိုင်း ယနေ့မြန်မာနိုင်ငံတစ် နံတစ်လျားမှာ ဘယ်နေရာဘဲကြည့်လိုက်ကြည့်လိုက် စိတ်အေးချမ်းသာဖြစ်စေမယ့် အရာတွေထက်၊ ပြသနာတွေ၊ စိတ်မချမ်းသာစရာတွေ၊ စိတ်ဆင်းရဲစရာတွေက ပိုမိုများပြားနေပါတယ်။ ရခိုင်ပြည်နယ်ပဋိပက္ခ၊ ကချင် ပဋိပက္ခ၊ လက်ပတောင်းတောင်ပဋိပက္ခ စတာတွေနဲ့ဟာ အကိုင်အတွယ်မတတ်ရင် မပါးနပ်ရင် မြန်မာနိုင်ငံကို အာဖရိကက ဆိုမာလီ၊ မာလီ စတဲ့ နိုင်ငံတွေရဲ့ အခြေအနေတွေဆီကို ဆွဲခေါ်သွားနိုင်တဲ့အခြေအနေတွေပါ။ နောက်ပြီး မကြာခင်က ရန်ကုန်က မြို့နယ်တစ်ခုမှာ နယ်ခံမဟုတ်တဲ့လူတစ်စုက ဘယ်ကရောက်လာမှန်းမသိဘဲ လူမျိုးရေးဘာသာရေး အဓိက ရုဏ်တစ်ခုကိုဖန်တီးပုံဖေါ်ဖို့ စနစ်တကျကြိုးစားလာတာကို တွေ့လာရပါတယ်။ တာဝန်ရှိသူတွေနဲ့ အမြင်ကျယ်တဲ့ ပြည်သူတွေရဲ့ အချိန်မှီဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့လို့သာ ပြသနာဟာမကြီး ထွားခဲ့ပါဘူး။ အကယ်၍သာ အချိန်မှီမထိန်းချုပ်နိုင်ခဲ့ဘူဆိုရင်တော့ ကျွန်တော်တို့နိုင်ငံနဲ့ပြည်သူများရဲ့ အနာဂတ်ဟာ တွေးမိရင်ချောက်ချားစရာ အလွန်ကောင်းလှပါတယ်။ အဲ့ဒါကြောင့် နိုင်ငံသားကောင်းတစ်ယောက် အနေနဲ့ ကိုယ်သိသလောက် တတ်သလောက် လေးတွေကို ရိုးသားတဲ့ပြည်သူတွေဆီ မျှဝေပေးဘို့ အခြေအနေ အချိန်အခါက တောင်းဆိုနေပြီးလို့ ယူဆမိတဲ့အတွက် ဒီဆောင်းပါးလေးကိုရေးလိုက်တာပါ။

Strong State နဲ့ Fail State
ပညာရှင်ရဲ့ လေ့လာဖေါ်ထုတ်ချက်များအရ နိုင်ငံတစ်နိုင်ငံရဲ့ ဒီမိုကရေစီပြုပြောင်းလဲမှုများကို ပြုလုပ်တဲ့ နေရာမှာ အားကောင်းနိုင်ငံ (Strong State) တွေက အားနည်းနိုင်ငံ (Weak State), ကျရှုံးနိုင်ငံ (Fail State) နဲ့ ပြိုကွဲနိုင်ငံ (Collapse State) တို့ထက် အောင်မြင်နိုင်ခြေများတယ်လိုဆိုထားပါတယ်။ ဒါဆို ကျွန်တော်တို့မြန်မာနိုင်ငံကရော မည်သည့်နိုင်ငံအမျိုးအစားမှာပါဝင်နေလည်းဆိုတာကို ပြည်သူများအနေဖြင့် ယေဘုယျအားဖြင့်လေ့လာသိရှိထားဖို့ အထူးလိုအပ်လှပါတယ်။ 
နိုင်ငံရေးသိပ္ပံ သီအိုရီတွေမှာ နိုင်ငံတွေကို ၄င်းတို့ရဲ့စွမ်းဆောင်ရည်ပေါ်မူတည်ပြီး အားကောင်းနိုင်ငံ (Strong State), အားနည်းနိုင်ငံ (Weak State), ကျရှုံးနိုင်ငံ (Fail State) နဲ့ ပြိုကွဲနိုင်ငံ (Collapse State) အမျိုးအစား များခွဲခြားထားပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ ၄င်းပြည်သူတွေရဲ့လိုအပ်ချက် (သို့မဟုတ်) ၄င်းပြည်တွင်းရဲ့လိုအပ်ချက်ကို မည်သည့်အတိုင်းအတာအထိဖြည့်ဆည်းပေးနိုင်သလဲ၊ နိုင်ငံတကာရေးရာမှာ ကမ္ဘာ့မိသားစုဝင်နိုင်ငံ တစ်နိုင်ငံရဲ့ တာဝန်ဝတ္တရားတွေကို ဘယ်လောက်ထိကျေပွန်နိုင်သလဲဆိုတဲ့ စံနှုန်းတွေနဲ့တိုင်းတာပြီး နိုင်ငံရဲ့အဆင့်အတန်းကို သတ်မှတ်ပါတယ်။ တစ်နည်းအားဖြင့် ပြည်တွင်းစွမ်းဆောင်ရည်စံနှုန်းနှင့် ပြည်ပစွမ်းဆောင်ရည်စံနှုန်း နှစ်ခုပေါ်မှာ အခြေခံသတ်မှတ်ခြင်းဖြစ်ပါတယ်။ အားကောင်းနိုင်ငံ (Strong State)  တွေရဲ့ပြည်တွင်းစွမ်းဆောင်ရည်စံနှုန်းများ သတ်မှတ်ရာတွင် ပြည်သူတွေရဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့ -
(၁)        ပညာရေးနှင့် ပြည်သူ့ကျန်မာရေးစောင့်ရှောက်မှုကို ပြည့်ပြည့်၀၀ထောက်ပံ့ပေးနိုင်မှု၊
(၂)        ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် နိုင်ငံတော်ကလုံလောက်တဲ့အစီအမံများရှိမှု၊
(၃)        သက်ဆိုင်ရာကဏ္ဍအလိုက်အကျိုးစီးပွားပေါ်အခြေခံတဲ့ အသင်းအပင်းအဖွဲ့အစည်းများ (Interest Groups) နဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းများ (Civil Societies) များ လုံလောက်တဲ့အင်အားနှင့် ခိုင်မာစွာရပ်တည်လည်ပတ်နိုင်ခြင်း၊
(၄)        အစိုးရအဖွဲ့အစည်းများနှင့် အစိုးရဗျူရိုကရေစီယန္တရားများ ချောမွေ့လျင်မြန်စွာလည်ပတ်နိုင်ခြင်း၊
(၅)        အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုများမရှိသလောက်နည်းပါးခြင်း၊
(၆)        ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရှိခြင်း၊
(၇)        ထိရောက်တဲ့ အခွန်ကောက်ခံမှုစနစ်ရှိခြင်း၊
(၈)        နိုင်ငံရေးပါတီများ ရင့်ကျက်ခိုင်မာမှုရှိခြင်း၊
(၉)        ဆူပူအကြမ်းဖက်မှုနှင့် လူမျိုးရေးနှင့်ဘာသာရေးပေါ်အခြေခံတဲ့ ပဋိပက္ခများ (Communal Violence) ဖြစ်ပွားမှုလွန်စွာနည်းပါးခြင်း စတဲ့စံနှုန်းများကိုအခြေခံပြီးသတ်မှတ်ပါတယ်။

Friday, March 1, 2013

အမေရိကန်နိုင်ငံအခြေစိုက်၊ နိုင်ငံတကာအလုပ်သမားများ စည်းလုံးညီညွှတ်ရေးအဖွဲ့ မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်းဒါရိုက်တာဖြစ်သူ ROBERT Z. PAJKOVSKI နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ တက္ကသိုလ် ဆရာ၊ဆရာမများအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်အချို့ ရင်းရင်းနှီးနှီးတွေ့ဆုံ

Responsible persons of UNIVERSITY TEACHERS ASSOCIATION (East Yangon University) met with ROBERT Z. PAJKOVSKI, Country Program Director of American centre for international labor solidarity (ACILS) in 28-2-2013(Thursday) from 2:00 PM to 3:30 PM at the Strand Condominium in Mahabandula garden street of Rangoon.The discussion during the meeting were the difficulties being faced UTA of Myanmar and the prospect of assistants to UTA which will be given by ACILS and cooperation between UTA and ACILS.PAJKOVSKI said, Myanmar is pioneer country South East Asia to allow UTA as official organization. This was mainly due to the positive aspect of Myanmar democratization process. So he was so proud of it.His second trip to Myanmar is expected next May. ACILS is currently residing in Bangkok its sea branch office. အမေရိကန်နိုင်ငံအခြေစိုက်၊ နိုင်ငံတကာအလုပ်သမားများ စည်းလုံးညီညွှတ်ရေးအဖွဲ့မြန်မာနိုင်ငံဆိုင်ရာ စီမံကိန်းဒါရိုက်တာဖြစ်သူ ROBERT Z. PAJKOVSKI နှင့် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ တက္ကသိုလ် ဆရာ၊ဆရာမများအသင်း အလုပ်အမှုဆောင်အဖွဲ့ဝင်အချို့ တို့သည် ရန်ကုန်မြို့ မဟာဗန္ဒုလ ပန်းခြံလမ်းရှိ Strand Condominiun တွင် ၂၈၊ ၂၊ ၂၀၁၃ ရက်နေ့ နေ့လယ် ၂ နာရီအချိန်မှ ၃နာရီ မိနစ် ၅၀ ကြာအထိ တစ်နာရီခွဲကြာချစ်ကြည်ရင်းနှီးစွာတွေ့ဆုံခဲ့ပါသည်။အဆိုပါတွေ့ဆုံကြရာတွင်မြန်မာနိုင်ငံရှိတက္ကသိုလ်ဆရာ၊ဆရာမအသင်းများဖွဲ့စည်းတည်ထောင်ပုံ၊ဆောင်ရွက်ချက်အခြေအနေများ၊နိုင်ငံတကာအလုပ်သမားအဖွဲ့အစည်းများနှင့်တက္ကသိုလ်ဆရာဆရာမအသင်းအဖွဲ့များအကြားအပြန်အလှန်ချစ်ကြည်ရင်းနှီးစွာဆက်ဆံနိုင်မှုအခြေအနေများကိုဆွေးနွေးခဲ့ကြောင်းသိရသည်။PAJKOVSKIကပြောကြားရာတွင်မြန်မာနိုင်ငံမှတက္ကသိုလ်ဆရာ၊ဆရာမအသင်းများသည်အရှေ့တောင်အာရှနိုင်ငံများတွင်ပထမဦးစွာဖွဲ့စည်းခွင့်ရခဲ့သောအသင်းများဖြစ်သောကြောင့်မိမိအနေဖြင့်များစွာဂုဏ်ယူပါကြောင်း၊မြန်မာနိုင်ငံ၏ဒီမိုကရေစီနိုင်ငံအသွင်ကူးပြောင်းရေးဖြစ်စဉ်သည်ကောင်းမွန်တိုးတက်သောအသွင်ကိုဆောင်နေပါသည်ဟုပြောကြားလိုကြောင်း၊မြန်မာနိုင်ငံသို့နောက်တစ်ကြိမ်လာရောက်ပါကလည်းတွေ့ဆုံလိုပါကြောင်းစသည်ဖြင့်ပြောကြားခဲ့ကြောင်းသိရပါသည်။PAJKOVSKI သည်ထိုင်းနိုင်ငံဗန်ကောက်မြို့တွင်ရုံးခွဲဖွင့်လှစ်ထားပြီး၊လာမည့် မေလတွင် မြန်မာနိုင်ငံသို့လာရောက်ဖွယ်ရှိကြောင်းသိရသည်။
Twitter Bird Gadget