Monday, March 4, 2013

ကျွန်တော်တို့ဆက်ညံ့ကြဦးမှာလား။ ဒေါက်တာသန်းလွင်ဦး (နိုင်ငံတကာဆက်ဆံရေးပညာ)


ပြည် Bi-Monthly Journal, Vol – 1, Number – 3  တွင်ဖော်ပြခဲ့သောဆောင်းပါးဖြစ်ပါသည်။
 
ကျွန်တော်တို့ဆက်ညံ့ကြဦးမှာလား။
ဒေါက်တာသန်းလွင်ဦး (နိုင်ငံတကာဆက်ဆံရေးပညာ)
အမှန်ကတော့ ကျွန်တော်ကစာရေးဆရာတစ်ယောက်မဟုတ်ပါ။ သာမန်တက္ကသိုလ်ဆရာတစ်ဦးသာဖြစ်ပါတယ်။ စာလည်းမရေးတတ်ပါဘူး။ မရေးတတ်ဘဲနဲ့ဘာလို့ရေးရသလဲလို့မေးစရာရှိပါတယ်။ မရေးဘဲနေလို့မရနိုင်လောက်တဲ့ အကြောင်းတရားတွေ မြင်နေ၊ တွေ့နေ၊ ကြားနေရလို့ပါ။ အားလုံးသိရှိပြီးဖြစ်ကြတဲ့အတိုင်း ယနေ့မြန်မာနိုင်ငံတစ် နံတစ်လျားမှာ ဘယ်နေရာဘဲကြည့်လိုက်ကြည့်လိုက် စိတ်အေးချမ်းသာဖြစ်စေမယ့် အရာတွေထက်၊ ပြသနာတွေ၊ စိတ်မချမ်းသာစရာတွေ၊ စိတ်ဆင်းရဲစရာတွေက ပိုမိုများပြားနေပါတယ်။ ရခိုင်ပြည်နယ်ပဋိပက္ခ၊ ကချင် ပဋိပက္ခ၊ လက်ပတောင်းတောင်ပဋိပက္ခ စတာတွေနဲ့ဟာ အကိုင်အတွယ်မတတ်ရင် မပါးနပ်ရင် မြန်မာနိုင်ငံကို အာဖရိကက ဆိုမာလီ၊ မာလီ စတဲ့ နိုင်ငံတွေရဲ့ အခြေအနေတွေဆီကို ဆွဲခေါ်သွားနိုင်တဲ့အခြေအနေတွေပါ။ နောက်ပြီး မကြာခင်က ရန်ကုန်က မြို့နယ်တစ်ခုမှာ နယ်ခံမဟုတ်တဲ့လူတစ်စုက ဘယ်ကရောက်လာမှန်းမသိဘဲ လူမျိုးရေးဘာသာရေး အဓိက ရုဏ်တစ်ခုကိုဖန်တီးပုံဖေါ်ဖို့ စနစ်တကျကြိုးစားလာတာကို တွေ့လာရပါတယ်။ တာဝန်ရှိသူတွေနဲ့ အမြင်ကျယ်တဲ့ ပြည်သူတွေရဲ့ အချိန်မှီဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့လို့သာ ပြသနာဟာမကြီး ထွားခဲ့ပါဘူး။ အကယ်၍သာ အချိန်မှီမထိန်းချုပ်နိုင်ခဲ့ဘူဆိုရင်တော့ ကျွန်တော်တို့နိုင်ငံနဲ့ပြည်သူများရဲ့ အနာဂတ်ဟာ တွေးမိရင်ချောက်ချားစရာ အလွန်ကောင်းလှပါတယ်။ အဲ့ဒါကြောင့် နိုင်ငံသားကောင်းတစ်ယောက် အနေနဲ့ ကိုယ်သိသလောက် တတ်သလောက် လေးတွေကို ရိုးသားတဲ့ပြည်သူတွေဆီ မျှဝေပေးဘို့ အခြေအနေ အချိန်အခါက တောင်းဆိုနေပြီးလို့ ယူဆမိတဲ့အတွက် ဒီဆောင်းပါးလေးကိုရေးလိုက်တာပါ။

Strong State နဲ့ Fail State
ပညာရှင်ရဲ့ လေ့လာဖေါ်ထုတ်ချက်များအရ နိုင်ငံတစ်နိုင်ငံရဲ့ ဒီမိုကရေစီပြုပြောင်းလဲမှုများကို ပြုလုပ်တဲ့ နေရာမှာ အားကောင်းနိုင်ငံ (Strong State) တွေက အားနည်းနိုင်ငံ (Weak State), ကျရှုံးနိုင်ငံ (Fail State) နဲ့ ပြိုကွဲနိုင်ငံ (Collapse State) တို့ထက် အောင်မြင်နိုင်ခြေများတယ်လိုဆိုထားပါတယ်။ ဒါဆို ကျွန်တော်တို့မြန်မာနိုင်ငံကရော မည်သည့်နိုင်ငံအမျိုးအစားမှာပါဝင်နေလည်းဆိုတာကို ပြည်သူများအနေဖြင့် ယေဘုယျအားဖြင့်လေ့လာသိရှိထားဖို့ အထူးလိုအပ်လှပါတယ်။ 
နိုင်ငံရေးသိပ္ပံ သီအိုရီတွေမှာ နိုင်ငံတွေကို ၄င်းတို့ရဲ့စွမ်းဆောင်ရည်ပေါ်မူတည်ပြီး အားကောင်းနိုင်ငံ (Strong State), အားနည်းနိုင်ငံ (Weak State), ကျရှုံးနိုင်ငံ (Fail State) နဲ့ ပြိုကွဲနိုင်ငံ (Collapse State) အမျိုးအစား များခွဲခြားထားပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ ၄င်းပြည်သူတွေရဲ့လိုအပ်ချက် (သို့မဟုတ်) ၄င်းပြည်တွင်းရဲ့လိုအပ်ချက်ကို မည်သည့်အတိုင်းအတာအထိဖြည့်ဆည်းပေးနိုင်သလဲ၊ နိုင်ငံတကာရေးရာမှာ ကမ္ဘာ့မိသားစုဝင်နိုင်ငံ တစ်နိုင်ငံရဲ့ တာဝန်ဝတ္တရားတွေကို ဘယ်လောက်ထိကျေပွန်နိုင်သလဲဆိုတဲ့ စံနှုန်းတွေနဲ့တိုင်းတာပြီး နိုင်ငံရဲ့အဆင့်အတန်းကို သတ်မှတ်ပါတယ်။ တစ်နည်းအားဖြင့် ပြည်တွင်းစွမ်းဆောင်ရည်စံနှုန်းနှင့် ပြည်ပစွမ်းဆောင်ရည်စံနှုန်း နှစ်ခုပေါ်မှာ အခြေခံသတ်မှတ်ခြင်းဖြစ်ပါတယ်။ အားကောင်းနိုင်ငံ (Strong State)  တွေရဲ့ပြည်တွင်းစွမ်းဆောင်ရည်စံနှုန်းများ သတ်မှတ်ရာတွင် ပြည်သူတွေရဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့ -
(၁)        ပညာရေးနှင့် ပြည်သူ့ကျန်မာရေးစောင့်ရှောက်မှုကို ပြည့်ပြည့်၀၀ထောက်ပံ့ပေးနိုင်မှု၊
(၂)        ပြည်သူတွေရဲ့ စားဝတ်နေရေးအတွက် နိုင်ငံတော်ကလုံလောက်တဲ့အစီအမံများရှိမှု၊
(၃)        သက်ဆိုင်ရာကဏ္ဍအလိုက်အကျိုးစီးပွားပေါ်အခြေခံတဲ့ အသင်းအပင်းအဖွဲ့အစည်းများ (Interest Groups) နဲ့ အရပ်ဖက်လူမှုအဖွဲ့အစည်းများ (Civil Societies) များ လုံလောက်တဲ့အင်အားနှင့် ခိုင်မာစွာရပ်တည်လည်ပတ်နိုင်ခြင်း၊
(၄)        အစိုးရအဖွဲ့အစည်းများနှင့် အစိုးရဗျူရိုကရေစီယန္တရားများ ချောမွေ့လျင်မြန်စွာလည်ပတ်နိုင်ခြင်း၊
(၅)        အဂတိလိုက်စားမှုနှင့် အကျင့်ပျက်ခြစားမှုများမရှိသလောက်နည်းပါးခြင်း၊
(၆)        ပြည်တွင်းတည်ငြိမ်အေးချမ်းမှုရှိခြင်း၊
(၇)        ထိရောက်တဲ့ အခွန်ကောက်ခံမှုစနစ်ရှိခြင်း၊
(၈)        နိုင်ငံရေးပါတီများ ရင့်ကျက်ခိုင်မာမှုရှိခြင်း၊
(၉)        ဆူပူအကြမ်းဖက်မှုနှင့် လူမျိုးရေးနှင့်ဘာသာရေးပေါ်အခြေခံတဲ့ ပဋိပက္ခများ (Communal Violence) ဖြစ်ပွားမှုလွန်စွာနည်းပါးခြင်း စတဲ့စံနှုန်းများကိုအခြေခံပြီးသတ်မှတ်ပါတယ်။

ပြည်ပစွမ်းစွမ်းဆောင်ရည်စံနှုန်းများကတော့
(၁)        ကုလသမဂ္ဂအပါအ၀င် အာဆီယံ၊ အီးယူ စတဲ့မိမိသက်ဆိုင်ရာဒေသတွင်း အဖွဲ့အစည်းတွေမှာ ၄င်းပါဝင်ရသောအခန်းကဏ္ဍများတွင် တာဝန်ကျေပွန်မှုရှိခြင်း၊
 (၂)       အဆိုပါနိုင်ငံကိုအကြောင်းပြုပြီး သက်ဆိုင်ရာနိုင်ငံတကာအဖွဲ့အစည်းများအား အကျိုးဖြစ်ထွန်းနိုင်မှု၊
(၃)      နိုင်ငံတကာဘဏ္ဍာရေးအဖွဲ့အစည်းများနှင့် ဆက်ဆံရာတွင် ကတိတည်ကြည်မှုရှိခြင်း၊ အကူအညီ အထောက်အပံများပေးနိုင်ခြင်း
(၄)      နိုင်ငံတကာအရေးအရာများတွင် ဂုဏ်သိက္ခာရှိရှိဖြင့်တက်ကြွစွာပါဝင်နိုင်ခြင်း စတာတွေဖြစ်ပါတယ်။ အဆိုပါစံနှုန်းများရဲ့ဆန့်ကျင်ဖက်စံနှုန်းများ ပိုင်ဆိုင်ထားသည့်နိုင်ငံများသည် အားနည်းနိုင်ငံ၊ ကျရှုံးနိုင်ငံနှင့်ပြိုကွဲနိုင်ငံ များအုပ်စုတွင်ပါဝင်ပါတယ်။ ဒိန်းမတ်၊ နော်ဝေ၊ ဆွစ်ဇာလန်၊ သြစတေးလျ စတဲ့နိုင်ငံတွေဟာ အားကောင်းနိုင်ငံ အမျိုးအစားမှာထည့်သွင်းသတ်မှတ်နိုင်ပါတယ်။ အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုမှဦးစီးပြီး မကြာခင်က ပြုလုပ်ခဲ့တဲ့စစ်တမ်းတစ်ခုမှာ ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာပေါ်တွင်နေပျော်ဖွယ်အကောင်းဆုံးနိုင်ငံအဖြစ် ဆွစ်ဇာလန် နိုင်ငံကိုသတ်မှတ်ခဲ့ပါတယ်။ အားနည်းနိုင်ငံတွေအဖြစ် အာဖဂန်နစ္စတန်၊ အလ်ဘေးနီးယား၊ ဘော့စနီးယား၊ ကွန်ဂို ဒီမိုကရက်တစ်သမ္မတနိုင်ငံ (ယခင်ဇိုင်ယာနိုင်ငံ)၊ ဟေတီ၊ ဆီရာလီယွန် စတဲ့နိုင်ငံတွေကို သတ်မှတ်နိုင်ပါတယ်။  

မြန်မာကဘယ်အုပ်စုထဲမှာလဲ
အဲ့သည်စံနှုန်းတွေကို အခြေခံပြီး ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံဟာ ဘယ်နိုင်ငံအမျိုးအစားမှာပါသလဲ ဆိုတာ အဂတိတရားကင်းကင်းနဲ့ ရိုးသားစွာလက်တွေ့ကျကျ ဆန်းစစ်ကြည့်ရမယ်ဆိုရင်တော့ ကျွန်တော်တို့နိုင်ငံဟာ အားကောင်းနိုင်ငံ (Strong State) အမျိုးအစားမှာမပါတာတော့ လက်ခံရမှာပါ။ မြန်မာနိုင်ငံက ဘွဲ့ရတွေကို အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ ကမ္ဘောဒီးယားနိုင်ငံလိုနိုင်ငံတွေကတောင်အသိအမှတ်မပြုတော့တဲ့အခြေအနေ၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုရင်လည်း ပိုက်ဆံရှိတဲ့ရေပေါ်ဆီလူတန်းစားတွေက ထိုင်း၊ စင်္ကာပူ၊ အိန္ဒိယ စတဲ့နိုင်ငံကိုထွက်ပြီး ဆေးကုသခံနေချိန်မှာ သာမန်ပြည်သူတွေက အရက်ပျံ၊ ပတ်တီးတောင် မထောက်ပံ့ပေးနိုင်ဘဲ ဆရာဝန်ကအစ အပေါက်စောင့်အဆုံး လူနာတွေကို ငါးစိမ်းသည်သာသာဆက်ဆံမှုတွေနဲ့ ၀န်ဆောင်မှုပေးနေတဲ့ ပြည်သူ့ဆေးရုံတွေရဲ့ အခြေအနေ၊ နိုင်ငံရဲ့ဓနဥစ္စာကလည်း လက်တစ်ဆုပ်စာအာဏာပိုင်တွေနဲ့ ခေတ်ပျက်သူဌေးလူနည်းစုလက်ထဲမှာသာ ရှိပြီး ပြည်သူအများစုက ဆင်ရဲတွင်းနက်နေတဲ့အခြေအနေ၊ ကမ္ဘာပေါ်တွင်အဂတိလိုက်စားမှု တတိယအများဆုံးရှိ နေတဲ့အခြေအနေ၊ ရခိုင်ပြည်နယ်အရေးအခင်း၊ ကချင်ပဋိပက္ခနဲ့ လက်ပတောင်းတောင်အကြမ်းဖက်မှု စတာတွေနဲ့ ပြည်သူတွေရဲ့လုံခြုံမှုကိုခြိမ်းခြောက်နေလျက်ရှိပြီး တည်းငြိမ်အေးချမ်းမှုအားနည်းနေတဲ့နိုင်ငံ စတဲ့အချက်အလက်အ ကြောင်းတရားများက မြန်မာနိုင်ငံဟာအာနည်းနိုင်ငံအဆင့်ထက်ကိုကျော်လွန်ပြီး ကျရှုံးနိုင်ငံ (Fail State) အဆင့်ကို ရောက်ရှိနေတယ်ဆိုတာ မီးမောင်းထိုးပြ နေလျက်ရှိပါတယ်။ 

ဘာဆက်လုပ်ကြမှာလဲ။
ဒီတော့ ကျွန်တော်တို့နိုင်ငံအတွက်ဘာဆက်လုပ်ရမလဲ။ ရှေ့ဘဲဆက်တိုးရမှာလား။ ဒါမှမဟုတ်၊ နောက်ဘဲ ဆုတ်ရမှာလား။ အမှန်တော့၊ တိုင်ပြည်ကိုတကယ်ချစ်မြတ်နိုးသူတိုင်း နောက်ဆုတ်စရာမလိုပါဘူး။ နောက်ပြန်ဆုတ် မယ့်အန္တရာယ်ကနေမဖြစ်မနေတားမြစ်ရန် နိုင်ငံသားတိုင်းမှာတာဝန်အပြည့်အ၀ရှိပါတယ်။ အင်္ဂလိပ်စကားပုံတစ်ခုကြား ဖူးပါတယ်။ အဲ့ဒါကတော့ “the best time to plant a tree is twenty years ago, but second best time is now” တဲ့။ ဆိုလိုတာကတော့ သစ်ပင်တစ်ပင်စိုက်ဖို့အတွက် လွန်ခဲ့သောနှစ်နှစ်ဆယ်ကအကောင်းဆုံးအချိန်ဖြစ်ခဲ့ပေမယ့်၊ ဒုတိယ အကောင်းဆုံးအချိန်ကတော့ယခုပါဘဲတဲ့။ ကျွန်တော်တို့ အချိန်မနှောင်းသေးပါဘူး။ လက်ရှိပစ္စုပန်ကို မှန်မှန်ကန်ကန် သုံးသပ်ပြီး မှန်ကန်တဲ့မူဝါဒတွေ၊ မဟာဗျူဟာ၊ နည်းဗျူဟာတွေချမှတ်ပြီး ချီတက်သွားကြမယ်ဆိုရင် ကျွန်တော်တို့ ပြည်သူတွေအားလုံးလိုချင်နေတဲ့ပန်းတိုင်ဟာ မကြာခင်မှာမလွဲမသွေရောက်ရှိလာမှာပါ။ သာဓကပြရရင် တရုတ်နိုင်ငံ ဟာ ၁၉၇၈ ခုနှစ်ကျမှ ပြုပြင်ပြောင်းလဲရေးကိုပြုလုပ်ခဲ့တာပါ။ ဆယ်စုနှစ်နှစ်ခုလောက်ကိုဖြတ်ကျော်ပြီး ၂၀၀၀ ပြည့်နှစ် ၀န်းကျင်မှာတော့ တရုတ်ဟာ အာရှမှာစီးပွားရေးကျားတစ်ကောင်ဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ အမေရိကန် အပါအ၀င် ကမ္ဘာ့နိုင်ငံအများအပြားက တရုတ်နိုင်ငံရဲ့တိုးတက်မှုကို သတိနဲ့စောင့်ကြည့်နေရတဲ့အနေအထားမှာ ရောက်ရှိနေပါပြီ။ စင်္ကာပူနိုင်ငံဟာလည်း ၁၉၅၆ ခုနှစ်အထိ တံငါရွာအဆင့်လောက်ပဲရှိနေရာက ယနေ့အချိန်တွင် စင်္ကာပူနိုင်ငံသားများရဲ့ လူတစ်ဦးချင်းဝင်ငွေ ဟာကမ္ဘာမှာအများဆုံးစာရင်ကိုဝင်နေပြီဖြစ်ပါတယ်။ သောက်ရေတောင် ပြည်ပကနေတင်သွင်းပြီးသောက်နေရတဲ့ စင်္ကာပူနဲ့ယှဉ်ရင် ကျွန်တော်တို့နိုင်ငံက နှိုင်းလို့မရအောင်ကို အလားအလာများစွာကောင်းမွန်ပါတယ်။ လိုနေတာက ပြည်သူတွေရဲ့ မှန်ကန်တဲ့အသိ (mindset) လေးတစ်ခုပါဘဲ။
ဒီနေ့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီအသွင်ပြောင်းမှုမှာ ကြုံတွေ့နေရတဲ့၊ နောင်အနာဂတ်မှာ ကြုံတွေ့လာနိုင်မဲ့ စိန်ခေါ်မှုတွေကိုကျော်ဖြတ်ပြီး အောင်အောင်မြင်မြင်အကောင်အထည်ဖေါ်နိုင်ခဲ့မယ်ဆိုပါက ကမ္ဘာနိုင်ငံရေးဖတ်စာအုပ် မှာ နိုင်ငံတကာမှနိုင်ငံရေးခေါင်းဆောင်များ၊ နိုင်ငံရေးသုခမိန်များက စံထားလေ့လာရမယ့် ဦဆောင်ပုံစံ (Pioneer Model) တစ်ခု ဖြစ်လာပါလိမ့်မယ်။ ယခုအခြေအနေတောင်မှ အချို့သောနိုင်ငံခေါင်းဆောင်များဟာ မြန်မာ နိုင်ငံ၏ဒီမိုကရေစီပြောင်းလဲရေးလုပ်ငန်းစဉ်များကို ချီးကျူးပြောဆိုမှုများပြုခဲ့ရာ နိုင်ငံသားတစ်ယောက်အနေဖြင့်များစွာ ဂုဏ်ယူမိပါတယ်။ တောင်ကိုရီးယားသမ္မတ လီမြောင်ဘတ်ဟာ မြန်မာနိုင်ငံကိုလာရောက်လည်ပတ်ပြီးမကြာမီ မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင်များအား မြန်မာနိုင်ငံကိုအတုယူပြီး နိုင်ငံကိုပြုပြင်ပြောင်းလဲမှုများပြုလုပ်ရန် တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ထို့အတူ အမေရိကန်သမ္မတဘာရတ်အိုဘားမားကလည်း မြန်မာနိုင်ငံ၏ပြောင်းလဲမှု များကိုနမူနာယူရန် ကမ္ဘာတစ်လွှားမှအခြားသော အာဏာရှင်နိုင်ငံအစိုးရများကို တိုက်တွန်းခဲ့ကြောင်းဖတ်ရှုမှတ်သားခဲ့ ရပါတယ်။ ထိုပြင် နိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုများကို အမေရိကန်ပြည်ထောင်စုအပါအ၀င် ကမ္ဘာနိုင်ငံများက အသိ အမှတ်ပြုလာတဲ့အတွက် နိုင်ငံရဲ့အမျိုးသားရေးလက္ခဏာ (National Identity) ဟာမြင့်မားလာပြီး နိုင်ငံရဲ့ နိုင်ငံတကာ ဆက်ဆံရေးအခင်းအကျင်းများတွင်လည်း အပြုသဘောဆောင်တဲ့ ပြောင်းလဲမှုများဖြစ်ပေါ်နေလျက်ရှိပါတယ်။ အရပ် စကားနဲ့ပြောရရင်တော့ မြန်မာနိုင်ငံဟာ နိုင်ငံတကာမှာပြန်လည်ဝင်ဆံ့ခဲ့ပါတယ်။

ညံ့ကြအုံးမှာလား
သို့သော် မြန်မာနိုင်ငံဟာ မိမိတို့ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံအဖြစ် ပီပီပြင်ပြင် ပေါ်ထွန်းလာနိုင်ရေးမှာ ဖြတ်သန်းရမယ့်လမ်းဟာ ပန်းခင်းလမ်းထက် ခရောင်းလမ်းကပိုများနေတယ်ဆိုတာကို အစိုးရ အပါဝင်ပြည်သူတစ်ရပ်လုံးက သဘောပေါက်ဖို့အထူးလိုအပ်ပါတယ်။  မျက်မှောက်မြန်မာ့နိုင်ငံရေးကို လက်တွေ့ကျကျ သုံးသပ်ပါက လက်ရှိအခင်းအကျင်းတွင် အစိုးရထက် ပြည်သူများက ပို၍အရေးကြီးနေတယ်လို့ စာရေးသူမှရိုးသားစွာ သုံးသပ်မိပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံရေးအခင်းအကျင်း လက်ရှိအခြေအနေအထိတိုးတက်ဖြစ်ထွန်း လာမှုဟာပြည်သူတွေရဲ့အားနဲ့ပါ။ ရရှိပြီးသားလက်ရှိအခြေအနေကို အမိအရဆုပ်ကိုင်ရင်း မိမိတို့ရည်မှန်းချက်ဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကို တင်ပြည့်ကျပ်ပြည့်ထူထောင်နိုင်ရေးမှာလည်း ပြည်သူတွေရဲ့ နိုင်ငံရေးအသိရေချိန်မြင့်မားမှု၊ ရင့်ကျက်မှု၊ ဉာဏ်အမြော်အမြင်ကြီးမှု၊ စိတ်ရှည်သည်းခံနိုင်မှု၊ ပညာတတ်မြောက်မှုတို့အပေါ်မှာ အဓိကမှီခိုနေပါတယ်။ အစိုရဘက်မှလိုအပ် ချက်အားနည်းချက်များကို အဆိုပါအရည်အချင်းအရည်အသွေးများကိုပိုင်ဆိုင်ထားတဲ့ ပြည်သူ များရဲ့အားနဲ့ တဖြည်းဖြည်းပြုပြင်သွားနိုင်ပါတယ်။ ဒါ့အပြင်၊ နိုင်ငံရေးနောက်ကြောင်းပြန်လှည့်လိုသည့်သူများက ပြည်သူများအား ၄င်းတို့၏သားကောင်များ၊ နယ်ရုပ်များအဖြစ်အသုံးချခြင်း၊ ၄င်းတို့ဆင်ထားတဲ့ နိုင်ငံရေးထောင်ချောက် များအတွင်းသို့ သက်ဆင်းလာအောင်ကြိုးပမ်းခြင်းစသည်တို့ကို နိုင်ငံအသိကိုသတိနဲ့ကပ်ကာ ကျော်လွှာနိုင်မှာဖြစ် ပါတယ်။ ကမ္ဘာမှာအောင်မြင်တိုးတက်နေတဲ့ ဒီမိုကရေစီနိုင်ငံတွေကို ပြန်ပြောင်းလေ့လာကြည့်ပါက အဆိုပါနိုင်ငံများ တွင် အသိပညာ၊ အတတ်ပညာများပြည့်ဝတဲ့ပြည်သူများရဲ့အားကိုမလွဲမသွေပိုင်ဆိုင် ထားတာကိုလေ့လာတွေ့ရှိ ရမှာဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွအာဇာနည်ခေါင်းဆောင်ကြီးများဟာ ၄င်းတို့ရဲ့အသက်နဲ့လဲပြီး တိုင်းပြည် လွတ်လပ်ရေးကို ရယူပေးခဲ့ပေမဲ့လည်း လွတ်လပ်တဲ့မြန်မာနိုင်ငံတော်ကို ဦးဆောင်ဦးရွက်ပြုခဲ့ကြတဲ့ ကျွန်တော်တို့ ရှေ့ကမျိုးဆက်များရဲ့ညံ့ဖျင်းမှုကြောင့် ကျွန်တော်တို့ပြည်သူတွေအားလုံး ၄င်းတို့စနစ်ရဲ့သားကောင်များဖြစ်ခဲ့ကြရ ပါတယ်။ ဒါကြောင့်၊ ကျွန်တော်တို့မျိုဆက်တွေ ကျွန်တော်တို့ရှေ့ကမျိုးဆက်တွေကို အပြစ်တင်နေကြပါပြီ။ တစ်နည်း ပြောရရင် ဒါတွေဟာ သမိုင်းမှတ်တိုင်တင်မဲ့အမဲစက်တွေပါ။ ကျွန်တော်တို့ကိုယ်တိုင်ရော ဒီတိုင်းပြည်ကို အမွေ လွှဲပြောင်းပေးခဲ့ရမယ့် ကျွန်တော်တို့နောက်ကမျိုးဆက်တွေရဲ့ အပြစ်တင်တာကို ခံယူဦးမှာလား။ စဉ်းစာပါပြည်သူ အပေါင်းတို့။ အဲ့သည်တော့ကျွန်တော်တို့ကိုယ့်ကိုကိုယ်ပြန်မေးလိုက်ကြရအောင်။ “ကျွန်တော်တို့ဆက်ညံ့ကြဦမှာလား”။ 

No comments:

Post a Comment

Twitter Bird Gadget