Thursday, March 14, 2013

ပညာနှင့် အခွင့်အလမ်း ( ဇော်မျိုးလှိုင် -ရူပဗေဒဌာန -ဒဂုံတက္ကသိုလ်)

ပညာနှင့် အခွင့်အလမ်း

လက်ရှိအချိန်မှာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့၊ ပညာရေးနိမ့်ပါးနေမှုများကို ပြန်လည်မြှင့်တင်ဖို့ နယ်ပယ်အသီးသီးမှ ပညာရေးဆိုင်ရာပုဂ္ဂိုလ်များ ကြိုးပမ်းနေကြတာကို တွေ့မြင်ကြားသိနေရပါတယ်။ ဒါကြောင့် ပညာရေးပြုပြင်ပြောင်းမှုနဲ့ ပတ်သက်လို့ ကျနော့် အတွေးအမြင်လေး တစ်ခုကို တင်ပြချင် လာပါတယ်။      ပညာရေး နိမ့်ကျနေရတဲ့ အကြောင်းများစွာထဲမှာ ကျောင်းသားများ ကျောင်းစာ ကို စိတ်မဝင်စားကြခြင်းဟာလည်း အဓိကအချက်တစ်ချက် ဖြစ်နေပါတယ်။ ဒီနေ့ တက္ကသိုလ် ကျောင်းသားများဟာ စာသင်ချိန် အများစုမှာ စာသင်ခန်းထဲ မရှိကြပါဘူး။ စာမေးပွဲကြီးအတွက် အမှတ်တိုက်ရိုက်ရမယ့် practical နဲ့ tutoial ချိန်တွေမှာသာ မပျက်မကွက်တက်နေကြပြီး lecture ချိန်တွေမှာ သိပ်မတက်ကြတော့တာ မြင်မကောင်းအောင် ဖြစ်နေပါတယ်။ ကျောင်းတွင်းမှာဆို ကဲင်တင်း(canteen) တွေမှာနဲ့ ကျောင်းပြင်မှာဆို ပန်းခြံတွေ၊ ရုပ်ရှင်ရုံတွေ၊ အပန်းဖြေ ကစားကွင်းတွေမှအစ အအေးခန်း ဧည့်ရိပ်သာများအထိ ရောက်နေကြလေတဲ့ ကျောင်းသား/ သူများအရေးနဲ့ ပတ်သက်ပြီး ကျနော့်ရဲ့ ဆရာများ၊ လုပ်ဖော် ကိုင်ဖက်များ၊ မိတ်ဆွေများ၊ သူငယ်ချင်းများ၊ တပည့်များနဲ့ ကျနော် ဆွေးနွေးဖြစ်ခဲ့၊ ပြောဖြစ်ခဲ့ကြတာလေး တွေကို တင်ပြချင်ပါတယ်။

ပညာရေးပန်းတိုင် (The goal of Study)
နယ်တက္ကသိုလ်တစ်ခုမှာ တာဝန်ထမ်းဆောင်စဉ်က စာတမ်းဖတ်ပွဲ တစ်ခုကနေ တွေးမိလာတဲ့ အကြောင်းအရာ တစ်ခုကို တင်ပြချင်ပါတယ်။ အဲဒီကျောင်းမှာတုန်းက တစ်ပါတ်တစ်ကြိမ် စာတမ်းဖတ်ပွဲရှိပြီး အလှည့်ကျ ဌာနနှစ်ခုက စာတမ်းဖတ်ကြားကြပါတယ်။ တစ်ပါတ်မှာတော့ ဒဿနိကဗေဒဌာန ပါမောက္ခက ရှင်မဟာရဋ္ဌသာရရဲ့ ဆုံးမစာမှာပါတဲ့ “သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ” ဆိုတဲ့ ပညာသင်ကျောင်းသားများ ဆောင်ရန် ရှစ်ချက်ကို ဒဿန အမြင်နဲ့ စာတမ်းဖတ်ပါတယ်။ (ယခုဆောင်းပါးရဲ့ ရည်ရွယ်ချက်က စာတမ်းပါ အချက်များကို ဆွေးနွေးလိုရင်း မဟုတ်တဲ့ အတွက် အသေးစိတ် မတင်ပြ တော့ပါ။) ပြောလိုရင်းက ပါမောက္ခဆရာရဲ့ စာတမ်း အကျဉ်းချုပ် Abstract ထဲက စကားလုံးလေးကို အကြောင်းပြုလို့ ကျနော် အတွေးစတစ်ခု ပေါ်လာပါတယ်။
“ If the students observe  this eight means of knowledge, they can achieve the goal of study.” ဆိုတဲ့ စကားဟာ “အကယ်၍ စာသင်သား ကျောင်းသား/သူများသည် ဤ သု၊ စိ၊ ပု၊ ဘာ၊ ဝိ၊ လိ၊ သိ၊ ဓာ ရှစ်ချက်ကို လိုက်နာကျင့်သုံးပါက ပညာရှာရာမှာ ထိရောက် ပေါက်မြောက် အောင်မြင်နိုင်မယ်၊ ပညာရေး ပန်းတိုင်ကို အရောက် လှမ်းနိုင်မယ်”လို့ ဆိုတာဖြစ်မယ် ထင်ပါတယ်။ ဒီနေရာမှာ ကျနော် စဉ်းစားမိလာပါတယ်။ “What is the goal of study?” ပေါ့။ ပညာရေး ပန်းတိုင်ဆိုတာဘာလဲပေါ့။ ပါမောက္ခ ဆရာကြီးဆိုလိုတဲ့ ပညာရေးပန်းတိုင်ကတော့ အသိပညာ၊ အတတ်ပညာများ သင်ယူတတ်မြောက်ရေးလို့ ထင်ပါတယ်။ သို့သော် လက်ရှိ ကျနော်တို့ရဲ့ ပညာရေး ပန်းတိုင်ဟာ ဆရာကြီး မျှော်လင့်တဲ့ ပန်တိုင်းဟုတ်ပါရဲ့လား။ လက်ရှိအခြေအနေအရ ဘွဲ့လက်မှတ်တစ်ခု ရရုံ ရခြင်းဟာ ပညာရေး ပန်းတိုင် ဖြစ်နေသလား။ ဘွဲ့လက်မှတ် ရပြီးရင် ပန်းတိုင်ရောက်ပြီလား၊ ပန်းတိုင်ကိုရောက်ရင် ဘာဆုရမှာပါလဲ…….။

ဘွဲ့ရလည်း ဘာလုပ်မှာလဲတဲ့
ယနေ့ခေတ် တက္ကသိုလ်ကျောင်းသားများဟာ စာမေးပွဲကြီးအတွက် အမှတ်ရမယ့် practical နဲ့ tutoial ချိန်တွေမှာသာ မပျက်မကွက်တက်နေကြပြီး lecture ချိန်တွေမှာ သိပ်မတက်ကြတော့တာ ဘာကြောင့်လည်း စဉ်းစားဖို့ လိုလာပါတယ်။ ဘာလို့ မတက်ကြသလဲလို့ဆိုတာကို ကျောင်းသား/သူတွေကိုလည်း မေးကြည့်မိပါတယ်။ မေးကြည့်လိုက်တိုင်း သူတို့ပြန်ဖြေကြတာက “ဘွဲ့ရလည်း ဘာလုပ်ရမှာလဲ”တဲ့။ “အချိန်တန်တော့လည်း မိဘ လက်ငုတ်လက်ရင်း လုပ်ရင်လုပ်၊ မလုပ်လည်း တစ်ခြားအလုပ်တစ်ခုခု လုပ်ရတာပါပဲ” တဲ့။ “ဘာအလုပ်အကိုင်အခွင့်အလမ်းမှ မရှိတာ ဘာလို့ ကြိုးစားသင်နေစရာ လိုသလဲ”တဲ့။ သူတို့ပြန်ပြောတာ အဖြေမှန် မဟုတ်ပေမယ့် ကျနော်တို့ တစ်ခုတော့ စဉ်းစား ဖို့လိုလာပါပြီ သတိထားမိလိုက်ပါတယ်။
သူတို့အတွက်ကတော့ သူတို့သင်ယူနေရတဲ့ ဘာသာရပ်တွေက ပြင်ပမှာ တိုက်ရိုက်အသုံးချနိုင်မှု မရှိဘူးလို့ မြင်နေ ကြပါတယ်။
ကျနော်တို့နိုင်ငံဟာ လက်ရှိ အနေအထားမှာ LDC (Least developing country) ဖြစ်နေကာ တိုးတက် လာတဲ့ လူဦးရေနဲ့ အလုပ်အကိုင် အခွင့်အလမ်းတို့ အချိုးမမျှ ဖြစ်နေလျှက်ပါ။ အလုပ်လက်မဲ့ အရေအတွက်ကလည်း အင်မတန် များပြားနေပါတယ်။ တစ်ချိန်က ဘွဲ့ရရင် အလုပ်ရဖို့သေချာသလောက် ရှိပေမယ့် ဒီနေ့ခေတ်မှာ လက်ရှိလူဦးရေနဲ့ လက်ရှိ အလုပ်အကိုင် အခွင့်အလမ်းများအရ ဘွဲ့တစ်ခု ရရုံနဲ့ အလုပ်အကိုင် ရရှိနိုင်ဖို့ဆိုတာ မလွယ်လှပါ။ အပ်မပြောနဲ့ လူ့ပြည်က ထွန်တုံးနဲ့ ဗြဟ္မာ့ပြည်က ထွန်တုံး ထိဖို့မဖြစ်နိုင်သလို ဘွဲ့ရများ အလုပ်ရဖို့ဟာ  ခက်ခဲနေပါတယ်။ သူတို့အတွက် ဘာအနာဂါတ်မှ မမြင်ရတော့ စာအပေါ်မှာ ကြိုးစားသင်ယူလိုစိတ် မပြင်းပြတော့တာ မဆန်းဘူးဖြစ်နေပါတယ်။
ပညာသင်ကြားရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က အလုပ်အကိုင် အခွင့်အလမ်းတစ်ခုတည်း မဟုတ်ပါ။   ဘွဲ့တစ်ခုအတွက် သင်ကြားပို့ချနေတဲ့ သင်ရိုးများဟာ တိုက်ရိုက်အသုံးချဖို့ သက်သက် မဟုတ်ပါ။ အသုံးချလို့ မရတိုင်း အလဟဿ၊ အဟောသိကံလည်း ဖြစ်မသွားပါ။ နိုင်ငံတကာမှာလည်း ဘွဲ့ရတိုင်း အလုပ်ရဖို့ဆိုတာ မသေချာပါ။ ကျောင်းသင်စာတိုင်းဟာ ထမင်းစားလက်မှတ်အတွက် သင်နေတာ မဟုတ်ပါ။ လူ့လောက၊ လူ့အသိုင်းအဝိုင်းမှာ သဟဇာတ မျှမျှနဲ့ နေထိုင် စားသောက်ကာ ဘဝမှာ နေပျော်သူ၊ လောကကို အကျိုးပြုနိုင်သူ၊ လူတောာ်လူကောင်း၊  လူလိမ္မာ လူယဉ်ကျေးများ၊ သို့မဟုတ်ခဲ့ရင်တောင်မှ လောကကို ဒုက္ခမပေးသူတွေ မွေးထုတ်ဖို့ ဖြစ်ပါတယ်။

ရွေးချယ်ခွင့်
ဆင်းရဲတွင်းနက်နေတဲ့ ကျနော်တို့နိုင်ငံမှာ ကျောင်းသားများ လိုချင်တာက အသက်မွေး ဝမ်းကျောင်းပညာလား၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေမှာ သင်နေတဲ့ ပညာရပ်တွေလား စဉ်းစားရပါမယ်။ လက်ရှိအခြေအနေအရ သူတို့ မှာ ရွေးချယ်ခွင့် အင်မတန် နည်းနေပါတယ်။ ဆယ်တန်း(တက္ကသိုလ်ဝင်တန်း) အောင်တာနဲ့ တက္ကသိုလ်ဝင်ခွင့်လျှောက်ကြ၊ အမှတ်ကောင်း သူများက ဆေးတို့၊ ရေကြောင်းတို့ UFLတို့ စတဲ့ ထမင်းစားလက်မှတ် ကောင်းကောင်းတွေ ရွေးကြ။ (ခုတော့ COE ဆိုတာကြီးပါ ပါလာတာပေါ့)။ အတန်အသင့် အမှတ်ရသူတွေက  GTC/GTU တွေတက်ကြပေါ့။ တချို့လည်း စိုက်ပျိုးရေးတို့၊ သစ်တောတို့ပေါ့။ အဲဒီအောက်က ကျောင်းသားတွေကတော့ မကောင်းကျောင်းပို့၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ် တက်ကြစေသတည်းပေါ့။ ဒီကြားထဲ ရှိပါသေးတယ်၊ ဆယ်တန်းမှာ သိပ္ပံတွဲယူခဲ့သူတွေက တက္ကသိုလ်ရောက်မှ ပထဝီဝင်တဲ့၊ သမိုင်းတဲ့၊ Ecoတဲ့။ သူတို့ ရတဲ့အမှတ်နဲ့ ခွဲလိုက်တာတဲ့ဗျာ။ ဒီတော့ ဝါသနာပါပါ မပါပါ ရောက်ရာမေဂျာမှာ သင်ချင်တာသင်၊ အချိန်တိုင်လို့ တစ်တန်းအောင် အဖေ မဆူ အမေ မဆူ တော်ရောပေါ့။

အခွင့်အလမ်းသာ မြင်နေရရင်
ဥပမာအနေနဲ့ နှိုင်းယှဉ်ကြည့်တော့ စင်္ကာပူနိုင်ငံက polytechnic ကျောင်းတွေလို diploma လက်မှတ်အဆင့်ကတောင် ကျောင်းဆင်းတာနဲ့ အလုပ်ရဖို့သေချာနေပေမယ့် မြန်မာပြည်က Bechlorဘွဲ့မဆိုထားနဲ့ Masterဘွဲ့ရ တစ်ယောက်တောင် အလုပ်ရဖို့ မသေချာ ဖြစ်နေပါတယ်။ နောက် မြန်မာကျောင်းသားတွေနဲ့စာလိုက်ရင် စင်္ကာပူက ကျောင်းသားတွေရဲ့ စာကြိုးစားပုံပါ။ စင်္ကာပူကျောင်းသားက သူတို့ တကယ်မတတ်ရင် လုပ်ငန်းခွင်မှာ အဆင်မပြေနိုင်တာ သိနေတော့ မကြိုးစားလို့ မဖြစ်ပါ။ အလုပ်အကိုင် အခွင့်အလမ်းသာ ကောင်းကောင်းရှိနေရင် မြန်မာကျောင်းသားများဟာလည်း ရှင်မဟာ ရဋ္ဌသာရရဲ့ လမ်းညွှန်ချက်(၈)လုံးသာမက (၁၆)လုံးဖြစ်ရင်တောင် သူတို့ မဖြစ်မနေ ကျားကုတ်ကျားခဲ ကြိုးစားမှာ အမှန်ဖြစ်ပါတယ်။
ခု ကျနော်တို့ဆီမှာတော့ အသက်မွေး ပညာသင်ကျောင်းတွေကလည်း နည်းနေ၊ ရှိနေတဲ့ GTC/GTU လို ကျောင်းဆင်း၊ BTechတွေ၊ BEတွေ၊ ဆေးကျောင်းဆင်း MBBSတွေ နောက် ဝိဇ္ဇာသိပ္ပံထွက် မဟာသိပ္ပံ၊ မဟာဝိဇ္ဇာတွေအတွက်တောင် အလုပ်အကိုင် မရရှိဖြစ်နေတော့ ပြောရခက်နေပါတယ်။ ကျောင်းဆင်းတာနဲ့ အလုပ်အကိုင် အခွင့်အလမ်းသာ မြင်နေရရင် ကျောင်းသားကလည်း သင်ယူရာမှာ မပေါ့မလျော့ ကြိုးစားမှာ သေချာပါတယ်။ ဆရာဆရာမတွေ ဘက်က ကြိုးကြိုးစားစား မသင်ကြားပေးဘူးဆိုရင်တောင် ကျောင်းသားက မသင်တဲ့ဆရာကို အတိုင်အတောတွေ ဖြစ်လာမှာပါ။ ခုတော့ ဆရာမသင်လေ ကျောင်းသားကြိုက်လေ၊ စာနည်းလေ ကျောင်းသားကြိုက်လေ၊ “Spot ပေးတဲ့ ဆရာ တို့ဆရာ” ဖြစ်လို့နေပါတယ်။ တက္ကသိုလ် ကျောင်းသား/သူများက lecture တန်းသာ မှန်မှန်မတက်ပေမယ့် tution ကိုတော့ မဖြစ်မနေလောက် တက်နေကြရပြန်ပါတယ်။

နောက်ဆုံးကျောင်း
တက္ကသိုလ်ဆိုတာ လုပ်ငန်းခွင် မဝင်ခင် နောက်ဆုံးကျောင်းပါ။ ဒါကြောင့် လောကမှာ၊ ဘဝမှာ ဖြတ်သန်းရမယ့်၊ ရင်ဆိုင်ရမယ့် အခက်အခဲတွေ အတွက် စာတွေ့ လက်တွေ့ လေ့ကျင့် ပေးတဲ့ နေရာအမှန် ဖြစ်နေရမှာပါ။ အသိပညာ အတတ်ပညာ အမှန်တကယ် တတ်မြောက်ဖို့က အင်မတန် အရေးကြီးလှပါတယ်။ ပညာသင်ရတဲ့ ရည်ရွယ်ချက် အမျိုးမျိုးထဲမှာ ဘဝမှာ စား၊ ဝတ်၊ နေရေး အခက်အခဲမရှိ လွယ်ကူစွာ ရပ်တည်ဖြစ်သန်းဖို့ဆိုတဲ့ ရည်ရွယ်ချက်လည်း ရှိကြမှာ အမှန်ဖြစ်ပါတယ်။ ကျနော်တို့ နိုင်ငံမှာ အသက်မွေးသင် ပညာရပ် (Vocational Education) များ ထွန်းကားရေးဟာလည်း ကျောင်းသားတစ်ဦးချင်းအတွက် အင်မတန် အရေးကြီးသလို တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်လည်း အင်မတန် အရေးကြီးလှပါတယ်။

ဝိဇ္ဇာသိပ္ပံတက္ကသိုလ်
ဒီနေ့ ကျနော်တို့ မြန်မာနိင်ငံက ပညာရေးဝန်ကြီးဌာနလက်အောက်က ပညာရေးတက္ကသိုလ်ကလွဲလို့ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေ က အဓိကထားသင်ကြားတာက အသက်မွေးပညာ မဟုတ်ဘူးဆိုတာ အားလုံးအသိပင် ဖြစ်ပါတယ်။  ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်တွေက သင်ကြားနေတာတွေက လူတစ်ယောက် အထူးသဖြင့် နိုင်ငံသား တစ်ယောက် သိသင့်သိအပ်တဲ့ အသိပညာ၊ အတွေးအခေါ် အယူအဆ၊ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာ၊ အားကစား၊ နိုင်ငံ့သမိုင်းနဲ့ ကမ္ဘ္ဘ္ဘာ့သမိုင်း၊ အခြေခံ ပထဝီဝင်၊ သဘာဝ သိပ္ပံပညာနယ်ပယ် စတဲ့ လူမှုဝန်းကျင်မှ နေ့စဉ်ကြုံတွေ့ ဖြတ်သန်းကြရမယ့် အခြေခံ သဘောတရား အသိပညာများသာ ဖြစ်ပါတယ်။  ဝိဇ္ဇာသိပ္ပံ ပညာရပ်များဟာ နိုင်ငံသားတစ်ယောက် အနေနဲ့ သိသင့်သိအပ်တဲ့ အကြောင်းအရာတွေကို သိဖို့နဲ့ (brain storming) ဆိုတဲ့ ဦးနှောက် အသိဥာဏ် ဖွံ့ဖြိုးရင့်သန်စေကာ ယဉ်ကျေးတဲ့ တိုးတက်တဲ့ လူအဖွဲ့အစည်း၊ နေပျော်တဲ့ လူမှုပတ်ဝန်းကျင် ဖန်တီးရေးအတွက် အဓိက ကျလှပါတယ်။ ဝိဇ္ဇာသိပ္ပံပညာရပ်များဟာ လောကကြီးမှာ အကြောင်းနဲ့ အကျိုး၊ အကောင်းနဲ့ အဆိုး၊ အမှားနဲ့ အမှန် ဝေဖန်ပိုင်းခြားနိုင်ဖို့ ဆင်ခြင်တုံတရားကို ဖွံ့ဖြိုးစေဖို့ အဓိကရည်ရွယ်ပါတယ်။ ဒီပညာရပ်များဟာ လူသားတိုင်း နိုင်ငံသားတိုင်း မသိမဖြစ် မသင်မဖြစ် အရေးကြီးလှပါတယ်။ (လက်ရှိ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များရဲ့ ပညာရေး ရေချိန် မမီဖြစ်နေခြင်းမှာ သီးသန့်ဆွေးနွေးရမည့် ကိစ္စဖြစ်၍ ချန်လှပ်ထားခဲ့ပါသည်)

အသက်မွေးသင် ပညာ (Vocational Education)
အသက်မွေးဝမ်းကျောင်း ပညာရပ်များကတော့ ဒါလုပ်လျှင် ဒါဖြစ်ဟု ပုံသေနည်း အနည်းငယ်ဆန်ပေမယ့် မိမိဘဝ ရှင်သန်ရပ်တည်ရေးအတွက် မတတ်မဖြစ် တတ်အပ်သော ပညာရပ်များ ဖြစ်နေပြန်ပါတယ်။ ဒီအတွက် အနာဂါတ်ပညာရေး ဖော်ဆောင်ရာမှာ အခြေခံပညာ အဆင့် တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးလျှင်၊ အသက်မွေးပညာအဆင့် (diploma သင်တန်းများ) တက်ရောက်လိုသူများအတွက် အဆင်ပြေအောင် စီမံ အကောင်ထည်ဖော်ဖို့ လိုအပ်မယ်လို့ ထင်မြင်မိပါတယ်။ ထို့နောက် အသက်မွေးပညာ သင်ကြားပြီးသူများ (စားဝတ်နေရေး အာမခံချက် ရရှိပြီးနောက်) အသိပညာများ သင်ကြားရာ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များသို့ ဆက်လက်၍ တက်ရောက် သင်ယူနိုင်ရန် စီမံ ဆောင်ရွက်သင့်တယ်လို့ ထင်ပါတယ်။ အသက်မွေးပညာ သင်ရန်မလိုသူ(ဥစ္စာဓန ပြည့်စုံသူ)များအတွက်ကတော့ ၎င်းတို့ ဆန္ဒအရ ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များသို့ တိုက်ရိုက် တက်ကြရန်ဖြစ်ပါတယ်။
သို့သော်လည်း လက်ရှိ ကျနော်တို့နိုင်ငံ အနေအထားအရ  အများစုသောတိုင်းသူပြည်သားများဟာ အသိပညာထက် အသက်မွေး ဝမ်းကျောင်းဆိုင်ရာ အတတ်ပညာကို အလျှင်စလို လိုအပ်နေတယ်ဆိုတာ အများအသိပင် ဖြစ်ပါတယ်။

အလုပ်လက်မဲ့ ပြဿနာ
ယနေ့ ကမ္ဘာပေါ်တွင် အလုပ်လက်မဲ့ ၁၉၇သန်း ရှိတယ်လို့  UN ရဲ့ထုတ်ပြန်ချက်အရ (နယူးယောက်၊ ဇန် ၂၂)သိရပါတယ်။  ဒီအရေအတွက်ဟာ  ထပ်မံတိုးတက်လာဖွယ်ရှိကြောင်း ကမ္ဘာကုလသမဂ္ဂလက်အောက်ခံ  အလုပ်သမား အဖွဲ့အစည်း (ILO)က ထုတ်ပြန်ခဲ့ပါတယ်။ ၁၃ရာခိုင်းနှုန်းသော အလုပ်လက်မဲ့များဟာ ၂၄နှစ်အောက် အလုပ်လုပ်နိုင် သည့် လူငယ်များ ဖြစ်ကြကြောင်းလည်း ILOက သုံးသပ်ထုတ်ပြန်ထားပါတယ်။ ၂၀၁၂ အတွင်း အလုပ်လက်မဲ့ ဦးရေ လေးသန်း ထပ်တိုးလာပြီး ၂၀၁၃တွင် အလုပ်လက်မဲ့ ဦးရေမှာ ၅ဒဿမ၁ သန်းထိ ထပ်ပြီးတိုးလာဦးမည်ဟုလည်း ခန့်မှန်းချက်များ ထုတ်ပြန်ထားပြန်ပါတယ်။
ကျနော်တို့ နိုင်ငံမှာရော အလုပ်လက်မဲ့ အရေတွက် ဘယ်လောက်များနေပြီလဲ။ ဒီ ၁၉၇သန်းသော အလုပ်လက်မဲ့ထဲမှာ ကျနော်တို့ မြန်မာနိုင်ငံသားများ ဘယ်လောက် ပါနေပါသလဲ။ ဒီပြဿနာကို အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန အနေနဲ့ ဘယ်လိုဖြေရှင်းဖို့ စီစဉ်နေကြပါသလဲ။ 
ILO အစီရင်ခံစာက သက်မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးသည့် သင်တန်းကျောင်းများအတွက် အစိုးရများ အနေဖြင့် ပိုက်ဆံ ပိုပြီးသုံးကြရန် နှင့် လူငယ်များအတွက် အလုပ်အကိုင် အခွင့်အလမ်းများ  ရှာဖွေ ပေးပါရန် အကြံပေးထားပါသတဲ့။ လက်ရှိကျနော်တို့ နိုင်ငံမှာ အသက်မွေးပညာသင်ကျောင်းများ လိုအပ်သလေက် မရှိသေးသလို အမျိုးအစားအာဖြင့်လည်း စုံလင်ဖို့လိုနေတယ်လို့ ထင်မြင်မိပါတယ်။ ခုချိန်မှာ အသက်မွေးသင်ကျောင်းများ ထပ်မံတိုးချဲ့ဖို့ အပြင် ကျောင်းဆင်းများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးကိုလည်း ကြိုးပမ်း ဆောင်ရွက်ဖို့ အင်မတန် အရေးကြီးပါလိမ့်မယ်။

တပည့်မကောင်း ဆရာ့ခေါင်းဆိုလျှင်
ကျနော်တို့ မြန်မာ့လူ့အသိုင်းအဝိုင်းမှာ ပြောလေ့ ရှိတာတစ်ခုက ပထမအရွယ်မှာ ပညာရှာပြီး ဒုတိယအရွယ်မှာ ဥစ္စာရှာဖို့ ဖြစ်ပါတယ်။ ပညာကို ရှာတဲ့ တစ်ဆင့်ပြီးလျှင် သူတို့ ဥစ္စာရှာဖို့ ဖြစ်ပါတယ်။ ဒီနေရာမှာ အလုပ်အကိုင် အခွင့်အလမ်းဆိုတာ စကားပြောလာပါတယ်။ ပညာသင်ကြားရေးက သက်ဆိုင်ရာ အခြေခံ ပညာအဆင့်နဲ့ အဆင့်မြင့်ပညာအဆင့်(တက္ကသိုလ်များ)ရှိ ဆရာဆရာမများတာဝန်ဆိုရင် အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးက ဘယ်သူ့အပေါ်မှမူတည်ပါသလဲ။ အဓိကကတော့ ကာယကံရှင်ပဲလို့ လွယ်လွယ်ပြောလို့ ရနိုင်ပေမယ့် သားသမီးမကောင်း မိဘခေါင်း၊ တပည့်မကောင်း ဆရာ့ခေါင်းလို့ ပြောလေ့ရှိတော့ နိုင်ငံသားမကောင်း ဘယ်သူ့ခေါင်းပါလဲလို့ တစ်ဆက်တည်း တွေးမိပြန်ပါတယ်။

ဘွဲ့ရမောင်မယ်များရဲ့ အလုပ်အကိုင် အခွင့်အလမ်း
            ဒီနေ့ အဘက်ဘက်က ပြုပြင်ပြောင်းလဲမှုတွေ၊ အတွေးအခေါ်အယူအဆ အသစ်တွေ၊ ခံယူချက် ယုံကြည်ချက် မျှော်လင့်ချက် အသစ်တွေနဲ့ ချီတက်နေဆဲကာလမှာ နိုင်ငံရဲ့ ရင်နှစ်သည်းချာ သားရတနာ၊ တက္ကသိုလ်ဘွဲ့ရ လူငယ်မောင်မယ်များရဲ့ အလုပ်အကိုင် အခွင့်အလမ်း ရရှိရေးမှာလည်း နိုင်ငံတော်အစိုးရမှာ အဓိက တာဝန်ရှိတယ်လို့ ပြောရပါမယ်။
            ဒါကြောင့် အနာဂါတ်ကာလ ပညာရေး ပြုပြင်ပြောင်းလဲမှုများ အကောင်အထည်ဖော်ရာမှာ လက်ရှိ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်များ အများအပြား ဖွင့်လှစ်ထားသလို အသက်မွေးဝမ်းကျောင်း ပညာသင် တက္ကသိုလ် အမျိုးမျိုးကိုလည်း အဓိကထား များများစားစား ဖွင့်လှစ်သင်ကြားရေးဟာ အလွန်ပင်အရေးကြီးလှပါတယ်။ နောက် သင်ကြားပို့ချရမှာလည်း ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင် မဟုတ်ဘဲ သင်ထောက်ကူ ပစ္စည်း ပြည့်ပြည့်စုံစုံ၊ စာကြည့်တိုက်ကောင်းကောင်းနဲ့ အမှန်တကယ် နားလည်တတ်ကျွမ်းတဲ့ ဆရာ/ဆရာမ အင်းအားကောင်းကောင်းဖြင့် စာတွေ့၊ လက်တွေ့  ထိရောက်အောင်မြင်စွာ သင်ကြားပေးဖို့ လိုပါတယ်။  လက်တွေ့လုပ်ငန်းခွင် ရောက်တဲ့အချိန်မှာ လုပ်ငန်းတာဝန်များကို အဆင်ပြေချောမွေ့စွာ ထမ်းဆောင်နိုင်မယ့် လုပ်သားကောင်းတွေ၊ အသိပညာရှင်၊ အတတ်ပညာရှင် ဘွဲ့ရမောင်မယ်တွေ မွေးထုတ်ဖို့ အလွန်ပင် အရေးကြီးလှပါတယ်။  ထိုထိုသော ကျောင်းများမှ ထွက်ပေါ်လာသော ဘွဲ့ရမောင်မယ်များရဲ့ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးခြင်းဖြင့် “ပညာရေးဖြင့် ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ် ကြီး”ဆိုတာကို အပြောမဟုတ် အလုပ်နဲ့ သက်သေထူကာ အထူးအလေးထား ကြိုးပမ်းတည်ဆောက်ကြပါလို့ တိုက်တွန်း တင်ပြ လိုက်ရပါတယ်။
                                                                                                                             ဇော်မျိုးလှိုင်
                                                                                                                            ရူပဗေဒဌာန
                                                                                                                           ဒဂုံတက္ကသိုလ်

No comments:

Post a Comment

Twitter Bird Gadget