တစ်လုံးတစ်ခဲသော ဆုငွေ-ဇော်မျိုးလှိုင်(ရူပဗေဒဌာန ၊ဒဂုံတက္ကသိုလ်)
ချဉ်ငန်စပ်တို့
ပညာရေး လောကက ပေါက်တတ်ကရ ဖြစ်ရပ်ဆန်းများကတော့ ပြောမဆုံးပေါင် တောသုံးထောင်ဗျ၊ ခုလည်း
ချဉ်ငန်စပ် တစ်ယောက် အမြင်အမှန်ကပ်အောင် မနေနိုင် မထိုင်နိုင် ပြောရပေဦးတော့မယ်။ ပြည်ထောင်စု
သမ္မတ မြန်မာနိုင်ငံတော် အစိုးရ၊ ပညာရေး ဝန်ကြီးဌာန၊ အမှတ်(၃) အခြေခံဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီး)
က ထုတ်ပြန်တဲ့ “စာအမှတ်၊ ဌာနခွဲ(၃)/ ၀၇၆၄/ဝထ-ကောင်း(ထူး) ၁၃”၊ ရက်စွဲက ၂၀၁၃ခုနှစ်၊
ဖေဖော်ဝါရီလ၊ ၁၅ရက်က“အမှာစာ” ဆိုတာကြီးပေါ့ဗျာ။
အကြောင်းအရာက
“ဝန်ထမ်းကောင်းဆုတံဆိပ်များအတွက် တစ်လုံးတခဲတည်းသော
ဆုငွေများ လာရောက်ထုတ်ယူရန် ကိစ္စ” တဲ့ဗျ။ ရည်ညွှန်းချက်က “ပညာရေးဝန်ကြီးဌာန၊ဝန်ကြီးရုံး၏
(၂၈-၁-၂၀၁၃) ရက်စွဲပါ စာအမှတ်၊ ၁၁ ခွဲ(၃)(ဂ)၂၀၁၃ (၅၁၆) လို့ရေးထားသဗျ။
စာကိုယ် အပိုဒ်(၁)မှာ “အထက်အကြောင်းအရာပါ
ကိစ္စနှင့် ပတ်သက်၍ အထက်ရည်ညွှန်းပါ စာအရ အမှတ်(၃) အခြေခံပညာဦးစီးဌာနနှင့် လက်အောက်ရှိ
ပညာရေး ဝန်ထမ်းများထဲမှ ၂၀၁၃ ခုနှစ်အတွက် ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းခြင်း
ခံရသူများ၏ တစ်လုံးတစ်ခဲသော ချီးမြှင့်ငွေများကို အောက်ပါအတိုင်း ထုတ်ပေးမည်ဖြစ်ပါ၍ သတ်မှတ်ရက်အတိုင်း
လာရောက်ထုတ်ယူပါရန် အကြောင်းကြားပါသည်”လို့ ရေးထားသဗျာ။
အပိုဒ်(၂)မှာတော့
“ကာယကံရှင်များက မိမိကိုယ်တိုင် ပူးတွဲ ဖော်ပြပါ လိုအပ်ချက်များနှင့်အတူ လာရောက် ထုတ်ရန်နဲ့
(၄-၁-၂၀၁၃)ရက် နောက်ပိုင်း ကွယ်လွန်သူများ၏ ဆုငွေများကို တရားဝင် အမွေဆက်ခံခွင့် ရှိသူများက
ရပ်ကွက်ထောက်ခံချက်၊ သေစာရင်း မိတ္တူများနှင့်အတူ လာရောက်ထုတ်ယူရန် ဖြစ်သည်”တဲ့။
အပိုဒ်(၂) (က)မှာ အမျိုးသားမှတ်ပုံတင် မူရင်းနဲ့
(ခ)မှာ သက်ဆိုင်ရာ ကျောင်းအုပ်ကြီးနှင့် မြို့နယ်ပညာရေးမှူးတို့၏ ထောက်ချက်မူရင်း
(မူလတန်းကျောင်းများကို မြို့နယ် ပညာရေးမှူးက ထောက်ခံပေးရန်) လို့ပါပါတယ်။ အောက်မှာတော့
ချီးမြှင့်ငွေ ထုတ်ပေးမယ့် နေရာ၊ သက်ဆိုင်ရာ မြို့နယ်အလိုက် ထုတ်ပေးမယ့် ရက်စွဲနဲ့
ထုတ်ယူရန် ဆရာဆရာမ အမည်၊ ရာထူး၊ ကျောင်း စတာတွေပါပါတယ်။
ဒီစာကို လက်မှတ်ထိုး ထုတ်ပြန်ထားသူကတော့
ဦးမြင့်စိန် [မြင့်စိန်၊ လက်ထောက် ညွှန်ကြားရေးမှူး(စီမံ)] ညွှန်ကြားရေးမှူးချုပ်(ကိုယ်စား)
လို့ တွေ့ရပါတယ်။
မိတ္တူကိုမှာတော့
- ရုံးအဖွဲ့မှူး၊ ပညာရေး ဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ နေပြည်တော်လည်း ပါသလို့ စုံလို့စုံလို့
ပါပါသဗျ။
ဟုတ်ကဲ့
စာထဲပါတဲ့ အချက်တွေ အရင်ပြောနေရတာနဲ့ စာဖတ်သူများတောင် စိတ်ရှည်ပါတော့မလား မသိဘူး။
တောင်းပန်ပါတယ်ဗျာ စိတ်ရှည်ရှည်လေးနဲ့ ဆက်ဖတ်ပေးပါဦးခင်ဗျာ။
ဒီ ဝန်ထမ်းကောင်းဆုတံဆိပ်များအတွက်
တစ်လုံးတစ်ခဲတည်းသော ဆုငွေများကို ထုတ်ယူခွင့်ရရှိသူများကတော့ လုပ်သက်(၃၀)
ပြည့်ပြီးတဲ့ ဆရာကြီး ဆရာမကြီးတွေတဲ့ဗျ။
ချဉ်ငန်စပ်ရဲ့
အသိ ဆရာကြီး၊ ဆရာမကြီး အချို့လည်း ဆုရမယ့် အထဲမှာ ပါသဗျ။ ချဉ်ငန်စပ်တို့ ဆရာကြီး၊ ဆရာမကြီးများ
ခင်ဗျာ နှစ်သုံးဆယ်လုံးလုံး တိုင်းပြည်အတွက် မဝရေစာစားပြီး
လုပ်ခဲ့ရတာလေဗျာ။ ခုလိုတစ်လုံးတခဲသော ဆုငွေများ ထုတ်ပေးမယ်ဆိုတော့ ဝမ်းသာလုံးတောင်
ဆို့လို့ဗျာ။ တပည့်မရှား တစ်ပြားမရှိ၊ ပီတိစား
ခါးချည့် နေခဲ့ရတာလေဗျာ။ အခြားဝန်ကြီးဌာနက ဝန်ထမ်းတွေဆို နေအိမ်လိုင်းခန်းလည်း ရ၊ ရုံးသွားရင်လည်း ဖယ်ရီနဲ့ဗျ။ ကျောင်းဆရာဆရာမဆိုတာ
လိုင်းခန်းလည်း မရှိ။ ဖယ်ရီလည်း မရှိ။ သွားရတဲ့ကျောင်းတွေကလည်း အခြားဝန်ထမ်းတွေလို
လမ်းမတန်းနဲ့လည်း မနီး၊ မှတ်တိုင်နီးနီးလည်း မဟုတ်။ ရပ်ကွက်တွေရဲ့အလယ်ကကျောင်းတွေ၊
မြို့စွန်ကကျောင်းတွေကို ရောက်ဖို့ဆိုတာ ကုန်းတစ်တန် ရေတစ်တန်ဗျ။ လိုင်းကား အဆင့်ဆင့်အပြင်
ဆိုက်ကား တောင်ပါလိုက်သေး။ (ဒါက ရန်ကုန်မြို့က ဆရာဆရာမ အကြောင်းနည်းနည်းလောက်နော်။
နယ်ကဆရာဆရာမများရဲ့ ဒုက္ခတွေဆို ပြောမဆုံးပေါင် တောသုံးထောင်ပါ ဆိုနေမှ။)
ဝန်ထမ်းချင်းတူရင်တောင်
ကျောင်းဆရာ၊ ဆရာမဆိုတာ လစာကနည်း၊ အခြားဝန်ထမ်းတွေလို ရုံးချိန်အတွင်း ဂွင်(ခွင်) ကလည်း မရှိ။ ရတဲ့လခကလည်း စားဖို့သောက်ဖို့
နေဖို့ထိုင်ဖို့လောက်တောင် မလောက်င။ ဘဝလောကဓံကို ခါးစည်းခံစားရင်း ဝါသနာကို အခြေခံလို့
စေတနာနဲ့ လုပ်ခဲ့ရတာလေဗျာ။ နားရမယ့် အချိန်လေးမှာလည်း ကိုယ့်ဝမ်းနာကိုယ်သာ သိသမို့
မနားနိုင်ပါ။ အသက်အရွယ်ကို မထောက်၊ ဂုဏ်သိက္ခာဆိုတာ ဘေးချိတ်။ ကျောင်းသားများက တစ်ကြိမ်မက
နှစ်ကြိမ်သင်ချင်လို့ အိမ်ခေါ်ကြတော့ မောင်ကြီးခေါ်ရာ လိုက်ရပြန်သပေါ့။ ဒီလိုဆိုပြန်တော့
ပြောဆို ဝေဖန်နေ လိုက်ကြတာ ရစရာမရှိ။ (ကိုယ့်လောကမှာ နှစ်ကြိမ် မခေါ်ခေါ်အောင် လုပ်သူများကလည်း
ရှိနေတော့ ပြောရတာ အားမရှိလှ)။ ခိုးကြောင့်ခိုးဝှက်လုပ်စားနေရပုံများ
သမ္မတကြီးဆိုတာက ကျောင်းဆရာများ ဘဝအကြောင်း သိမှ သိပါလေစ။
အခြားဌာနက
ဝန်ထမ်းကြီးငယ်တွေ အကြောင်းမဲ့ ပြေလည်နေတာကိုတော့
ဝေဖန်ရေးနဲ့လေကန်ရေးသမားများက သူ့ရှေးဘုန်းရှေးကံမို့ ရကြတယ်လို့ ထင်နေလားမသိ၊ ဘာမှ
အသံမထွက်ကြပေမယ့် ကျောင်းဆရာ၊ ဆရာမများရဲ့ ကျူရှင်ကိစ္စကတော့ အသံကျယ်သမှ သိပ်ကို ကျယ်လှသဗျာ။ တကယ်တော့ ကျောင်းဆရာဆိုတာ
ဝန်ထမ်းလောကမှာ နောက်ဆုံး စာရိတ္တခံတပ်ပါ။ တစ်ခြားခံတပ်တွေ ပြိုတာ ကြာလှပေါ့။ ထားပါတော့ဗျာ
ဒီကိစ္စတွေက အနာဂါတ် ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေးလုပ်ပြီးရင် ကျွဲကူးရေပါကိစ္စတွေပါ။
သူ့အလိုလို ရှင်းသွားမှာပါ။
ဘာပဲဖြစ်ဖြစ်
ခုတော့ ကိုယ့်ဆရာကြီး၊ ဆရာမကြီးတွေကို လုပ်သက်(၃၀) ပြည့်လို့ ဝန်ထမ်းကောင်းဆုတံဆိပ်တွေ
ချီးမြှင့်တော့မှာပဲလေ၊ အားလုံးဝမ်းသာစရာပေါ့။
လုပ်သက် (၃၀) မပြည့်သေးတဲ့သူ ဆရာ၊ ဆရာမများကတောင် မုဒိတာပွားလို့။ ဆရာကြီး ဆရာမကြီးများခင်ဗျာ
မှတ်ပုံတင်တွေ ဘာတွေ အသိမ်းလွန်နေတာတွေ ပြန်ရှာကြရတာပေါ့။ မှတ်ပုံတင်ဆိုတာ ကျောင်းဆရာလောကအဖို့
သိပ်အသုံးလိုတာမှ မဟုတ်တာလေ။ ခရီးဝေးကလည်း မသွားဖြစ်။ ဟိုနားဒီနားလောက်တော့ ဝန်ထမ်းကဒ်နဲ့ပဲပေါ့။
ဘုရားဖူးခရီးဆိုတာက ရတဲ့လခနဲ့ လားလားမှ မဆိုင်၊ စဉ်းစားစရာမဟုတ်လို့လည်း စဉ်းတောင်
မစဉ်းစားဝံ့။ နောက်မှတ်ပုံတင်သုံးဖို့ ဘဏ်ဆိုတဲ့နေရာကြီးကလည်း ကျောင်းဆရာ ဘဝနဲ့က ဘုန်းကြီးနဲ့ဘီးလို
ကမ္ဘာမကျေ ရန်သူတွေ မဟုတ်ပါလား။ ထားပါတော့လေ။
နောက် (၄-၁-၂၀၁၃)ရက်
နောက်ပိုင်း ကွယ်လွန်သူများအတွက် ဆုငွေများကို တရားဝင် အမွေဆက်ခံခွင့် ရှိသူများက ရပ်ကွက်ထောက်ခံချက်၊
သေစာရင်း မိတ္တူများနှင့်အတူ လာရောက်ထုတ်ယူရန် ဖြစ်သည် ဆိုလေတော့ ကျန်ရစ်သူ မိသားစုဝင်များက
ကျေးဇူးရှင် ရပ်ကွက်အုပ်ချုပ်ရေးမှူးဆိုသူများထံ အခစားဝင်ရပြန်သပေါ့။ သေစာရင်းမိတ္တူများလည်း
ကူးရသေး။ နောက်တစ်ချက် မြို့နယ် ပညာရေးမှူးဆီသွား ထောက်ခံစာ ယူကြရပြန်တာပေါ့။
ဒီလိုနဲ့ပဲ
ဆရာကြီးဆရာမကြီးများမှာ တစ်လုံးတစ်ခဲသော ဆုငွေများ
ထုတ်ယူဖို့ ဝမ်းသာအားရ ပြင်ဆင်ကြရတာပေါ့နော်။ ဆရာမကြီး တစ်ယောက်ဆို ချီးမြှင့်ငွေ
သွားမထုတ်ခင် စလင်းဘက် အိတ်အသစ်ကြီးတောင် ဝယ်သွားလိုက်သေး။ ရမယ့် ချီးမြှင့်ငွေတွေ
အပြန်ကြရင် ထည့်လာဖို့ပေါ့နော်။ နောက်ဆရာမကြီး တစ်ယောက်ဆို လိုင်းကားမစီးတော့ဘူးဆိုပြီး
တစ်သက်နဲ့တစ်ကိုယ် ဖင်ဝဲပေါက်မလားတောင် မပြောတတ်။ တက္ကစီ(taxi)နဲ့ အခန့်သားသွား လေရဲ့။
တစ်ယောက်ချင်းသွားကြသူတွေ ရှိသလို အုပ်စုဖွဲ့၊ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းကြီး(U60)တွေ
ပျော်ပျော်ပါးပါး စုပေါင်းကာ သွားကြတာလည်း ရှိသပေါ့လေ။ ဒီလိုနဲ့ တစ်လုံးတခဲသော ခုငွေ ထုတ်ရမယ့် အမှတ်(၃) အခြေခံပညာဦးစီးဌာနမှာ
၅ထိပ်စည်းတွေ တစ်ပုံကြီးပေါ့နော်။
၂၇-၂-၂၀၁၃နေ့
(ဗုဒ္ဓဟူးနေ့) နေ့လယ် (၁၂)နာရီထိုးတော့ ဆုငွေတွေ စထုတ်ပေးပြီပေါ့။ အနှစ်(၃၀)လုံးလုံး
လုပ်ခဲ့ရတဲ့ ဆုလဒ် မျှော်လင့်တကြီးစောင့်စားခဲ့ရတဲ့ ဆုလဒ်လေ။ တပည့်မရှား တစ်ပြားမရှိ
ပီတိစားလို့ အားမရှိခဲ့ရပေမယ့် ခုတော့ တစ်လုံးတစ်ခဲသော ဆုငွေ နဲ့ အားရှိတော့မပေါ့လေ။ တစ်လုံးတစ်ခဲသော ဆုငွေ ဆိုတာ ဘယ်လောက်တောင် များပါလိမ့်….။
ရလာတဲ့ စာအိတ်ကို
ဖွင့်ကြည့်လိုက်ကြတော့ တစ်လုံးတစ်ခဲသော ဆုငွေ…………….
(၃၀၀၀)ကျပ်……..
မှားများနေလားလို့
အချင်းချင်း ပြန်စစ်ပြန်တိုက်တော့လည်း လူတိုင်း အားလုံး ကိုယ်စီ သုံးထောင်။
နှစ်သုံးဆယ် သုံးထောင်ကျပ်။
တစ်နှစ်ကို တစ်ရာကျပ်တဲ့လား ……………
သူတို့ပြောတော့ တစ်လုံးတစ်ခဲသော ဆုငွေဆို…………..
အင်း လမ်းစရိတ်တောင် မကျေ……..။ အိမ်ကို ဘယ်လိုမျက်ခွက်နဲ့
ပြန်ရပါ့နော်………………..။
ဇော်မျိုးလှိုင်
ရူပဗေဒဌာန
ဒဂုံတက္ကသိုလ်
No comments:
Post a Comment