Monday, February 18, 2013
ကိုအော၏ အတွေးဂယက်များ အတွဲ - ၁ -၂၄
တွေးစရာတွေကများသား
အတွေးဂယက်များ-၁ လေနည်းနည်းလျှော့-ကိုအော
ဆိုပါစို့။  မြို့တစ်မြို့အ၀င်၌ တံတားတစ်စင်းရှိသည်။ သံမဏိတံတား ဖြစ်ပြီး အမိုးတွင် အထိန်းသံတန်းများ အစီအရီရှိသည်။ လမ်းကလည်း ကားတစ်စီးသာ မောင်းနှင်ရသည့်လမ်း၊ တစ်နေ့တွင် ဆိုရှယ်လစ်ခေတ်စတိုင် မှောင်ခိုပစ္စည်း အပြည့်အသိပ် တင်လာသည့် အလုံပိတ် ကုန်တင်ကားတစ်စီး ဖြတ်မောင်းသည်။ ပေးစရာရှိသည်များ ပေးပြီးသားမို့ ရဲရဲဝံ့ဝံ့ ဖြတ်မောင်းသည်။ အကြောင်းသင့်ပေမယ့် ကံမကောင်းလို့ဟု ဆိုရပေမည်။ တံတားထဲကားအ၀င် တံတား အပေါ်တန်းများက ကားခေါင်းမိုးနှင့် အံဝင်ခွင်ကျ ကွက်တိ ညိ၍ ညပ်နေလေရော့သည်။ ရှေ့တိုးလည်း မရ၊ နောက်ဆုတ်လည်း မရ၊ ဘေးခါလည်း မရ ၊ လှုပ်မရ ပြုမရ တစ်နေပါသည်။ လမ်းပန်းဆက်သွယ်ရေး ပိတ်ဆို့နေပါသည်။ တာဝန်သိ ပြည်သူများက မရဲတရဲ သတင်းပို့သည့်အခါ တာဝန်ရှိသူများ ဘာမှန်းမသိ အလုပ်များ နေသောကြောင့် သီတင်း နှစ်ပတ်မျှ ကြံ့ကြာသွား၏။ တာဝန်ရှိသူရောက်လာသည်ကအခါ သူက လုံခြုံရေးကိစ္စနှင့်သာ သက်ဆိုင်သဖြင့် တံတားနှင့်သက်ဆိုင်သည့် အင်ဂျင်နီယာကိုခေါ်ရန် လမ်းညွှန်မှုပေးသည်။
အင်ဂျင်နီယာကို ဆက်လက် အကြောင်းကြားသောအခါ ဂွင်ကောင်းသည့် အောက်ဆိုက် အလုပ်လုပ်နေသဖြင့် တစ်ပတ်၊ ဗွီအိုင်ပီ တစ်ဦးအိမ်ကို ပြုပြင်ပေးနေရသဖြင့် တစ်ပတ် စုစုပေါင်းနှစ်ပတ်ကြာသွား၏။ ရောက်လာသည့်အခါ ကားနှင့် လွတ်သွားအောင် တံတားကိုပြုပြင်ရန် ဘတ်ဂျက်ထဲမပါသေးသဖြင့် နောက်နှစ်ဘတ်ဂျက်ကြမှ တင်ပြပေးမည် ဘတ်ဂျက်ကျလျှင် ကားလွတ်သွားအောင် လုပ်ပေးမည်၊ အမြန်လိုအပ်လျှင် ကားပြုပြင်သည့်ဌာနနှင့် ဆက်သွယ်ရန် လမ်းညွှန် ပြန်ပါသည်။ ကားပြုပြင်သည့်ဌာနသို့ ဆက်လက် အကြောင်းကြားပြန်ရာ  လူကြီးတစ်ဦး၏ကားနှင့် လူကြီးနှင့် ပတ်သက်သူ၏ ကားကို ပြင်ပေးနေရသဖြင့် နှစ်ပတ် စောင့်ရသည်။ ရောက်လာသည့်အခါ ကားပြုပြင်ရန် ခွင့်ပြုမိန့် မကျသဖြင့် ခွင့်ပြုမိန့်ကျမှ တံတားမှလွတ်အောင် လုပ်ပေးနိုင်မည်၊ ခွင့်ပြုမိန့်ချပေးမည့်ပုဂ္ဂိုလ်ကြီး နိုင်ငံခြား သွားနေသဖြင့် ပြန်လာသည်အထိ စောင့်ရမည်။ မြန်ချင်လျှင် ကြိုက်သလိုလုပ်ကြဟု ခပ်ပြတ်ပြတ် မိန့်ကြား သွားသည်။ တံတားရှိရာမြို့မှ အာဏာပိုင်များ မနေသာတော့ အစည်းအဝေးခေါ် ကျွေးမွေးသည်များအ၀စား ပြီးမှ အစည်းအဝေးစပါသည်။ ပညာရှင်တစ်ဦးက ကားပေါ်မှ ပစ္စည်းများချလိုက်လျှင် လေးချိန်လျော့၍ အပေါ်နှင့် လွတ်သွားမည့်အကြောင်း အဆိုတင်သည်။ ကားကို ဟိုဌာနက စစ်ဆေးပြီးဖြစ်၍ ဖွင့်လို့မဖြစ်ကြောင်း ဖွင့်လိုက်လျှင် ဟိုဟာဖြစ်မှာစိုးလို့နားလည်မှုပေးရမည့်အကြောင်း တိုးတိုးတိုင်ပင်ကြသည်။ နိုင်ငံခြားမှ ပညာရှင်ခေါ်၍ ရှင်းလင်းရန် အဆိုပြုပြန်သည်။ ထိုပညာရှင်စရိတ်ကို နိုင်ငံတော်မှ ကျခံရန်၊ ကားပိုင်ရှင်မှကျခံရန်၊ ယာဉ်မောင်းသူမှ ကျခံရန် ဆွေးနွေးသည့်အခါ စာရင်းစစ်အဖွဲ့၊ ယာဉ်ပိုင်ရှင်အဖွဲ့၊ ယာဉ်မောင်းလုပ်သားအဖွဲ့များက ၀ိုင်းဝန်းဝေဖန်သည့်အတွက် တိတိကျကျ အဖြေမရ။ သည်လိုနှင့် ရက်မှ လ ဆိုင်းနေပါသည်။ သို့ဖြင့် တစ်နေ့ တံတားနား လာဆော့ရင်း ကလေးပီပီ စပ်စုသော ကလေးငယ်တစ်ဦးက တံတားနှင့်ကားကိုကြည့်ကာ ဒါလေးများ ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေကြတယ်၊ ရွှေဥာဏ်တော် စူးရောက်ကြပါပေတယ်။ ကားဘီးက လေနည်းနည်းလျော့လိုက်လျှင် လွတ်သွားမှာပေါ့ ဟုဆိုကာ ကစားဖော်များဆီ ထွက်ပြေးသွားလေရဲ့။ ဟုတ်ပါသည်၊ လေနည်းနည်းလျော့လိုက်တာ အားလုံးအဆင်ပြေသွားရော။
သည့်အတွက် အတွေးဂယက်ပွက်ရပါလေရော။ လေနည်းနည်းလျော့လျှင် အားလုံးအဆင်ပြေသွားရောတဲ့။
(ဆိုဗီယက် USSR ခေတ်က ဟာသတစ်ကွက်ဖြစ်ပါသည်။)
EUYers များ လက်ညိုးထောင် ခေါင်းညိတ်ရသည့်ဘေးမှ ကင်းဝေးပါစေ။
ကိုအော
              အတွေးဂယက်များ-၂ ညှိရင်းညှိရင်းနှင့် (ကိုအော)
ဟို ရှေးသရော မဆလခေတ်ကာလက လမ်းစဉ်ပါတီကြီး တည်ထောင်သည့်အခါ ကလာပ်စည်း၊ ပါတီစိတ် စသဖြင့် အခြေခံ အစုအဖွဲ့ များရှိပါသည်။ ဤအခြေခံအစုအဖွဲ့ ခေါင်းဆောင်များက မိမိတို့အစုအဖွဲ့အတွင်း ပါတီသဘောထား၊ ပါတီလမ်းစဉ်များကို ဆွေးနွေးညှိနှိုင်းကြပါသည်။ ဆိုပါစို့။ သခွားသီးကျေးရွာ ပါတီကလာပ်စည်း ခေါင်းဆောင် ဦးဘသည် ပါတီအစည်းအဝေးများကို မိမိအိမ်တွင် ကျင်းပလေ့ရှိသည်။ သူကိုယ်တိုင် ပါတီသဘောထား ပါတီလမ်းစဉ် များကို တံတွေးအမြှပ်ထွက်အောင် ဆွေးနွေးလေ့ရှိသည်။ သူစကားနှင့်ဆိုလျှင် ညှိကြတာ ဟုဆို၏။
ညှိကြသည်ကသူတို့အတွက်သာအရေးကြီးပြီး အိမ်ရှင်မ ဒေါ်တုတ်အတွက် အရေးမကြီးလှပါ။ ဒေါ်တုတ် အတွက် အရေးကြီးသည်က အစည်းအဝေးဧည့်ခံရသဖြင့် ရေနွေးမပြတ်တည်ပေးရခြင်း၊ လက်ဖက် သုတ်ပေးရခြင်း၊ ထန်းလျက် ချပေးရခြင်း၊ စသည့် အိမ်စိုက် အိပ်စိုက်နေရခြင်းဖြစ်သည်။ လစဉ်လစဉ်မှ အပတ်စဉ် အပတ်စဉ် ၊ အပတ်စဉ် အပတ်စဉ်မှ နေ့စဉ်နေ့စဉ် အစည်းအဝေးစိတ်လာသော် အိမ်စိုက်အိပ်စိုက်ရမှု များလာသည်။ ထိပါး လာရာမှ ရှားပါးလာခြင်း ဖြစ်လာသည်။ ထို့အတွက် စိတ်အချဉ်ပေါက်လာသည်။ ညှိနှိုင်းပွဲသို့ ၀င်ရောက် ဆွေးနွေးရန် လည်း မ၀ံ့မရဲဖြစ်နေသည်။ သို့်သော် သူတို့ လမ်းစဉ်ပါတီ တည်ဆောက်ခြင်းက မိမိအိမ်ကို ထိပါး လာသည့် အတွက် လည်း တန်ပြန်ထိုးနှက်လိုသည်။ အခွင့်ကောင်းကို စောင့်နေသည်။
တစ်နေ့ ဦးဘတို့ ညှိနှိုင်းဆွေးနွေးပွဲ အချိန်ကြာရှည်၍ ရေနွေး ငါးအိုး၊ လက်ဖက် သုံးပွဲ၊ ထမင်းကြမ်း တစ်ဇလုံ၊ ထန်းလျက် နှစ်ခါထည့် ရှိလေသော် ဒေါ်တုတ်၏ အမျက်တို့သည် လှုပ်ရှားလာလေသည်။ ညဉ့်ကလည်း အတော်နက်ပြီ ဖြစ်သည်။ အိပ်ကောင်းခြင်း နားကောင်းခြင်း မပြုရ။ အိမ်တွင်းပစ္စည်းတို့လည်း ထိပါးလွန်း၍ ပါးရှား လှချေပြီ။ ရင်ထဲရှိရှိသမျှ အမျက်တို့ကို ဖွင့်ချပြောတော့မယ်။ သင်းတို့က ဒူးတိုက် ဆွေးနွေးကြသည်ဆိုလျှင် ကျုပ်ကလည်း ဒူးသာမက တံတောင်ပါတိုက် ဆွေးနွေးလိုက်တော့မယ် ဟု စိတ် ၀ုန်းဝုန်းတင်လိုက်သည်။ ထိုစဉ် ကုန်သွားသော ထန်းလျက်ဇလုံကို ထပ်ဖြည့်ရန် နောက်ဖေးချောင်ဝင်လာသူ ဦးဘကိုမြင်သောအခါ လုပ်သားပြည်သူ ဖြစ်သည့် အခြေခံလူတန်းစားဖြစ်သည့် ပစ္စည်းရှားပါး လူတန်းစားဖြစ်သည့် ဒေါ်တုတ်က မအောင့်အည်းနိုင်ပဲ ပြောလိုက်လေသည်။ ရှင်တို့ ညှိတာက ပြီးဦးမှာလား၊ ညှိရင်းညှိရင်းနှင့် ဆေးလိပ်ဖင်စီခံ ရောက်နေပြီတော့၊ လွှင့်ပစ် ရတော့မယ် ဟု အရိုးခံအတိုင်း တတ်သမျှ ပြောလိုက်သည်။ ပါတီကေဒါကြီး သဘောတရားလူကြီး ဦးဘ ဘာမျှ ပြန်မဖြေနိုင်၊ မချေနိုင်။ ဒေါ်တုတ်ကတော့ အပိုင်ပဲဟု တွက်လိုက်ပြီး ထပ်တင်လိုက်သည်။ မသိလို့ မေးပါရစေဦး၊ ခဏခဏ မီးသေသွားလို့ ခဏခဏပြန်ညှိရတာလား ဟု နောက်ကောက်ထိုးလိုက်ပါသည်။ ဦးဘပြန်မဖြေတော့။ မကြာခင် နောက်အစည်းအဝေးကို နောက်ကေဒါတစ်ဦးအိမ်တွင် ပြုလုပ်မည်ဟု ကြေညာ လိုက်သံ ကြားရပါသည်။ ဒေါ်တုတ်ကလည်း ၀ါဒဖြန့်စကားဆိုပါသည်။ နောက်တစ်အိမ် သည်းညည်းခံသည်အထိ သင်းတို့ ညှိကြဦးမှာတဲ့။ ဦးဘကတော့ ဖောက်ပြန်ရေးသမား၏ စကားများ နားမယောင်ရန် လမ်းညွှန်မှု မနည်း ပေးနေရပါသည်။ ဒေါ်တုတ်ကလည်း အားကျမခံ အိမ်နံရံတွင် မီးသွေးခဲဖြင့် ခဏခဏမီးသေရင် ခဏခဏပြန်ညှိ ဟု ရေးထားလိုက် လေသတည်း။
(မဆလခေတ်က တကယ့်အဖြစ်တကွက်ပါ။)
EYUers များ ခဏခဏညှိသည့် အစည်းအဝေးကပ်ဘေး ကင်းဝေးပါစေ
အတွေးဂယက်များ-၃ ချိတော့ချိပါ (ကိုအော)
မဆလခေတ်ကာလက ရာထူးအတော်ကြီးကြီး ရထားသော ပုဂ္ဂိုလ်တစ်ဦးရှိပါသည်။ စိတ်မတွေ့လျှင် မတွေ့သလို မှန်လျှင်မှန်သလို ဘွင်းဘွင်းပြောတတ် ပိဿာလေးနှင့် ဘေးပစ်သလို ပြောတတ် လွန်းသူမို့ အများက သူ့ကို ရှေ့တန်း သိပ်မတင်ရဲပါ။ သို့သော် တစ်နေ့ ဥရောပနိုင်ငံမှ အကြီးအကဲ ဧည့်သည်တော်ရောက်လာသည့်အခါ အင်္ဂလိပ်လို ကောင်းကောင်း ပြောတတ်သူမို့ ဘေးဖယ်ထား၍ မရသည့်အတွက် ရှေ့ထုတ်ရပါသည်။ လာသူတို့ကဥရောပ ဒီမိုကရေစီနိုင်ငံမှ ဖြစ်သဖြင့် ဧည့်သည်နှင့် ရဲရဲပြောဝံ့သူမရှိ။ ဆိုရှယ်လစ်များဖြစ်နေ၍လည်းကောင်း၊ စကားမှားလျှင် အရေးယူခံရမည် စိုးသောကြောင့် လည်းကောင်း၊ ချစ်ကြည်ရေးသက်သက်လာသည့် ဧည့်သည်ဖြစ်၍ အပေးအကမ်း မရှိသောကြောင့်လည်းကောင်းမည်သူမျှ စကားဟဟ မပြောကြပါ။ အဆိုပါပုဂ္ဂိုလ်ကမူ ရဲရဲ ပြောဝံ့ဆိုဝံ့လေသည်။ အာဝဇ္ဇန်းလည်းရွှင်၏။ ပြောပုံ ဆိုပုံကို သဘောကျသဖြင့် ဧည့်သည်တော်က ဘာရာထူးလဲ မေးသောအခါ။ ချိ. . . . ပါ။ chief. . . . တော့ မဟုတ်ပါ။ cheap . . . . ပါဟု ခပ်ရွှင်ရွှင် ဆိုလိုက်လေသည်။ ဧည့်သည်တော်က လက်ဝဲနိုင်ငံ အတော်များများ ရောက်ခဲ့သည်။ သည်လိုဟာသ သည်လိုစကား မင်းပွဲစိုးပွဲမှာ တစ်ခါမှ မကြားဘူးဘူး၊ သတ္တိရှိပါပေ့ ဟု ချီးမွှမ်း စကားဆိုသွားလေသည်။ ထိုအဖြစ်နောက်ပိုင်း အဆိုပါပုဂ္ဂိုလ်ကို မည်သည့် မင်းပွဲစိုးပွဲမှာမျှ ရှေ့တော် မသွင်းတော့ပါ။ (မဆလခေတ်က တကယ့်အဖြစ်တစ်ကွက်ပါ။)
 EYUers များ cheap မဟုတ်ပဲ chief ဖြစ်ကြပါစေ။ (ကိုအော)
အတွေးဂယက်များ-၄ ကားသာပဓာန၀ါဒ (ကိုအော)
မဆလ ခေတ်အခါက ညီလာခံ ၊လွှတ်တော်၊ အစည်းအဝေး၊ ဆွေးနွေးပွဲ အခမ်းအနားများသို့တက်ရောက်ရာတွင် တက်ရောက်သူ အချင်းချင်းပင် မတူ ခွဲခြား ကွဲပြားမှုများ ရှိပါသည်။ VIP ဆိုလျှင် တစ်မျိုး၊ သာမန် အဖွဲ့ဝင်ဆိုလျှင် တစ်ဖုံ၊ ရိုးရိုး တက်ရောက်သူဆိုလျှင် တစ်နည်း ကွဲပြားမှုများရှိပါသည်။ စီးရသည့်ကား၊ ၀င်ထွက်ရသည့် နေရာ၊ ထိုင်ရသည့်ထိုင်ခုံ၊ ခံစားရသည့်စည်းစိမ် မတူကွဲပြားပါသည်။  စတွေ့ရသည်က ၀င်ပေါက်က စသည်ဆိုပါစို့။ VIP ဆိုလျှင် VIP ၀င်ပေါက်၊ ရိုးရိုးဆိုလျှင် ရိုးရိုးဝင်ပေါက်က ၀င်ထွက်ကြရပါသည်။ မဆလခေတ် VIP စာရင်းဝင် ပုဂ္ဂိုလ် တစ်ဦးရှိပါသည်။ ရာထူးအရ VIP ဖြစ်သောလည်း အများနှင့်မတူ၊ ရိုးရိုးစင်းစင်းနေ ၊ ပွင့်ပွင်းလင်းလင်းပြော၊ မှန်မှန်ကန်ကန် လုပ်တတ်သူလည်းဖြစ်သည်။ သို့အတွက် လုပ်ငန်းသုံး အမည်ပြု စည်းစိမ်ခံကား အနက်ကြီးများကို စက်ဆုပ်သဖြင့် လုံးလုံးမစီးသူဖြစ်ပါသည်။ အများပြည်သူနည်းတူ ဘတ်စ်ကားစီး၊ မြို့ပတ်ရထားစီးနေသူဖြစ်သည်။ ထိုသို့စီးရသည်ကိုလည်းနှစ်ခြိုက်ခုံမင်သူဖြစ်သည်။ ထိုပုဂ္ဂိုလ်ကို လူထုကလည်းခင်ကြသည်၊ ၀န်ထမ်းများကလည်း ခင်ကြသည်။ လူသိလည်းများသည်။ တစ်နေ့ မြို့တော်တစ်ခွင် လူထုအတွင်း လှုပ်လှုပ် လှုပ်လှုပ် ဖြစ်နေသဖြင့် ရှေ့တန်းမှ ခက်ကြမ်းကြမ်းတပ်များ ပြန်ခေါ်ထားသည်။ အစည်းအဝေးလုပ်သည့် နေရာကိုလည်း ထိုတပ်များကို စောင့်ခိုင်းထားသည်။ ဇာတ်လမ်းက ဤမှစပါသည်။ ဆိုခဲ့သည့် ပုဂ္ဂိုလ်က လွှတ်တော်တက်ရန် ယခင်ကထုံးစံ ဘတ်စ်ကားစီး၍ လာပါသည်။ အစောင့်အသစ်များဖြစ်ကြသဖြင့် ဘတ်စ်ကားစီး လမ်းလျှောက်ဝင်လာသူကို ဘယ်သူမှန်း မသိကြပါ။ အ၀င်လည်း မခံကြပါ။ ဒါ VIP ၀င်ပေါက်၊ ကားအမဲကြီးနှင့်လာမှ ပေးဝင်မည်။ လမ်းလျှောက်လာလျှင် မ၀င်နှင့်ဟု အစောင့်များက တားကြပြောကြသည်။ ဗိုလ်မှူး ဗိုလ်ချုပ်တို့က ဤအတိုင်း အမိန့် ထုတ်ထားသည်ဟု ဆိုကြသည်။  သို့အတွက် စိတ်ပေါက်ပေါက်နှင့် ပြန်လာခဲ့သည်။ ရုံးရောက်သောအခါ သူတို့က ကားစီးမှ ရာထူးကြီး၊ ကားနှင့်လာမှ အရာရောက်သည် ယူဆကြလျှင် ကားအမဲကြီး အဲသည်ကိုလွှတ်လိုက်၊ ကားပဲ အစည်းအဝေး တက်ပစေဆိုကာ ကားကို လွှတ်တော်သို့ လွှတ်လိုက်သည်။ ထို့နောက် မှတ်ချက်ချလိုက်ပါသည်။ မဆလ လမ်းစဉ်က လူသာပဓာန၀ါဒ မှတ်နေတာ ခုမှ ကားသာပဓာန၀ါဒ ဖြစ်နေမှန်း သိတော့တယ် ဟု မှတ်ချက်ပြု လိုက်ပါသတည်း။ 
(မဆလခေတ် ကိုယ်တွေ့ အတွေးတစ်ကွက်ပါ။)
EYUers များ လူသာပဓာန လောကမှာ ဖြစ်တည်ပါစေ။
      ကိုအော
ရုပ်တန်ဖိုးနှင့်စိတ်တန်ဖိုး (ကိုအော)
အတွေးဂယက်များ-၅ cost and value  ရုပ်တန်ဖိုးနှင့်စိတ်တန်ဖိုး (ကိုအော)
ပစ္စည်း တစ်ခုခုပျောက်လျှင် မေးတတ်ကြသည်က ဘယ်လောက်တန်သလဲ ဟူ၍၊ ပစ္စည်းတစ်ခုခု ပေးလျှင် မေးတတ်ကြသည်က ဘယ်လောက်တန်သလဲ ဟူ၍၊ ပစ္စည်းသစ်သစ် တစ်ခုတွေ့လျှင် မေးတတ်ကြသည်က ဘယ်လောက်တန်သလဲ ဟူ၍၊ ပစ္စည်းတစ်ခုခု ပျက်စီးသွားလျှင် မေးတတ် ကြသည်က ဘယ်လောက်တန်သလဲ ဟူ၍၊ သို့ဆိုလျှင် cost or value ကျသင့်ငွေ ရုပ်တန်ဖိုးကို မေးတာလား၊ စိတ်တန်ဖိုးကိုမေးတာလား ဆိုလျှင် ကျသင့်ငွေရုပ်တန်ဖိုးကိုသာ မေးခြင်းမျိုးဖြစ်ပါသည်။ ဤသဘောနှင့် အမေးများသည်ကိုသာ တွေ့ရတတ်ပါသည်။
          စင်စစ် ပစ္စည်းတိုင်းတွင် ကျသင့်ငွေ ရုပ်တန်ဖိုး၊ ပိုင်ရှင်က စွဲမှတ်ထားသည့် စိတ်တန်ဖိုး ရှိသည်ဟု ဆိုချင်ပါသည်။ ကျသင့်ငွေ မည်မျှပင်နည်းနည်း ပိုင်ရှင်က စွဲစွဲလန်းလန်း မြတ်မြတ်နိုးနိုး တန်ဖိုးထားသည်များလည်းရှိပါသည်။ ကျသင့်ငွေ မည်မျှများများ ပိုင်ရှင်က စွဲစွဲလန်းလန်းမထားသည် မျိုးလည်း ရှိပါသည်။ cost ကို ကိန်းဂဏန်းဖြင့် အတိအကျ ဖော်ပြ၍ ရနိုင်ပါသည်။ value ကို ကိန်းဂဏန်းဖြင့် ဖော်ပြ၍ မရနိုင်ပါ။ စိတ်ပိုင်းခံစားမှု ခံယူမှုသဘောထားသာ ဖြစ်သဖြင့် တိတိကျကျ တိုင်းတာခြင်းငှာ မစွမ်းသာပါ။
          ရုပ်တန်ဖိုးနှင့် စိတ်တန်ဖိုး မည်သည်က ပိုမို လေးနက်ကြီးမားသနည်း ဟု အမေးရှိသော် လူတိုင်းလိုလို စိတ်တန်ဖိုး ဟု တစ်ခဲနက် ဖြေကြမည် ထင်ပါသည်။ ဟုတ်လည်းဟုတ်ပါ၏။ မှန်လည်းမှန်ပါ၏။ သို့သော် ဘယ်လောက်တန်သလဲ ဟု ဘာကြောင့် မေးကြသနည်း။ လူများပီပီ မြင်သာသည့် ရုပ်တန်ဖိုးကိုသာ အလေးထား တတ်သည့် သဘာဝကြောင့် ဟုဆိုချင်ပါသည်။ ဒေါသထွက်လောက်သည့် အပြစ်တော့မဟုတ်ပါ။ နေရာမကျသေးသည်ကတော့ သေချာပါသည်။
          စိတ်တန်ဖိုးကို အလေးထားသည့် ဓလေ့၊ စိတ်တန်ဖိုးကို ပဓာနထားသည့် လူ့အဖွဲ့အစည်း  ပေါ်ထွန်းရန် လိုအပ်လာပါသည်ဟု ယူဆပါသည်။
(ပစ္စည်းပျောက်ကိစ္စတွေ့မေးမြန်းရင်းရလာသည့်အတွေးတစ်ပိုင်းတစ်စပါ။)
EYUers တို့ စိတ်တန်ဖိုးကို အလေးထားနိုင်ကြပါစေ
အတွေးဂယက်များ-၆ အရုပ်ဘ၀ဘေး (ကိုအော)
 အတွေးဂယက်များ-၆ အရုပ်ဘ၀ဘေး (ကိုအော)
ငယ်ငယ်က ခေါင်းလှုပ် အရုပ်လေးတွေကို သဘောကျခဲ့ပါသည်။ အားရပါးရလည်း လှုပ်၍ရသည်။ လှုပ်သလောက် အသံလည်းထွက်သည်။ လှုပ်နေသော ခေါင်းဘေးတွင် လက်ပမာ ထောင်ထားသော သံချောင်းထိပ်က ဘုလုံးနှင့် ခေါင်းထိခိုက်မှုများလေလေ အသံထွက်လေလေပါပဲ။ ထို့အတွက်လည်း များများလှုပ်လေ များများထိခိုက်လေ များများအသံထွက်လေ ဖြစ်ရပါသည်။ ကြီးလာ၍ ၀မ်းရေးရှာဖွေသောအခါ ၀န်ထမ်းလုပ်ရပါသည်။ ၀န်ထမ်းဘ၀ကို ဆန်းစစ်ကြည့်သောအခါ ကတ်သီးကတ်သတ် သတိရမိပါသည်။ ငယ်ငယ်က ဆော့ကစားခဲ့သော ခေါင်းလှုပ် အရုပ်ကိုပါ။ များများလှုပ်လေ များများထိခိုက်လေ များများအသံထွက်လေ ၀န်ထမ်းဆိုတာ ခေါင်းလှုပ် အရုပ်ပါပဲ။ စာဖတ်သူကရော ဘယ်လိုသဘောရပါသလဲ။
            ငယ်ငယ်က စိတ်တွေ့ခဲ့သည့် သံပတ်မီးရထားလေးကိုလည်း အောက်မေ့မိပါသည်။ သံပတ်တင်းတင်း ပေးလေလေ သံလမ်းပေါ် များများပတ်လေလေပါပဲ။ သံပတ်လည်းကုန်သွားရော တိကနဲရပ် တုတ်တုတ်မျှ မလှုပ်တော့ပါ။ ၀န်ထမ်းဘ၀ကို သုံးသပ်ကြည့်သောအခါ ပေါက်ပေါက်ရှာရှာ သံပတ်မီးရထားလေး သွားသတိရမိသည်။ သံပတ်တင်းတင်းပေးလေလေ များများပတ်လေလေ၊ သံပတ်လည်းကုန်ရော ရပ်သွားပါရော။ စာဖတ်သူကရော ဘယ်လိုသဘောရပါသလဲ။
            ငယ်ငယ်က တရုတ်နှစ်ကူးမှာ နဂါးကခဲ့ဘူးတာ ပြန်သတိရပါသည်။ နဂါးကိုယ်ထည်ထဲ လူဝင်ကနေပါက တကယ့်နဂါးလို၊ အသက်ဝင် လှုပ်ရှားနေပေါ့။ ကရတာနားလိုက်၍ ပလက်ဖောင်းပေါ် သည်အတိုင်း ချထားလိုက်လျှင် ပုံထားသည့်အတိုင်း လှုပ်ကိုမလှုပ်တော့။ ပုံထားသည့်အတိုင်းပါပဲ။ ၀န်ထမ်းဘ၀ကို စိစစ်ကြည့်သော် ရှာရှာ ဖွေဖွေ နဂါးရုပ် သတိရလိုက်ပါသည်။ လူဝင်လှုပ်မှလှုပ် လူကမှက မကသည့်အခါ ချထားသည့်အတိုင်း ပုံထားသည့်အတိုင်း မလှုပ် မလုပ် ငုတ်တုတ်။ စာဖတ်သူကရော ဘယ်လိုသဘောရပါသလဲ။
( ကိုယ့်ကိုကိုယ် ပြန်ဝေဖန်ကြည့်မိခြင်းပါ။)
EYUers များ အရုပ်ဘ၀ဘေး ကင်းဝေးပါစေ။
အတွေးဂယက်များ-၇ လူရည်လည်ခြင်းနှင့် လူလည်ကျခြင်း၊ အရူးအမူးနှင့်အရူးပါး (ကိုအော)
အတွေးဂယက်များ-၇ လူရည်လည်ခြင်းနှင့် လူလည်ကျခြင်း၊ အရူးအမူးနှင့်အရူးပါး (ကိုအော)
တစ်ခါက GEC မဂ္ဂဇင်းတစ်စောင်တွင် ဆရာကြီးမောင်ချစ်ဖေ(မဟာဝိဇ္ဇာ)က လူရည်လည်ခြင်းနှင့် လူလည်ကျခြင်း အကြောင်း ရေးသားခဲ့ဘူးပါသည်။ လူရည်လည်အောင်လုပ်ရန်၊ လူလည်မကျရန် ရှင်းလင်း ဆုံးမ ဖွဲ့ဆိုထားပါသည်။ လူရည်လည်ခြင်းမှာ လူမှုဆက်ဆံရေးတွင် အကင်းပါးခြင်း၊ အရိပ်အခြည်ကို နားလည်လွယ်ခြင်း ဖြစ်ပါသည်။ လူလည်ကျခြင်းမှာ သူတစ်ပါးကို လှည့်ပတ်၍ ကိုယ်ကျိုးရှာခြင်း၊ မိမိအကျိုး သက်သက်အတွက် လုပ်ကိုင်ခြင်း ဖြစ်ပါသည်။ လူရည်လည်ခြင်းသည် အကောင်းဘက်ဆိုညွှန်းသည့် အနက် သဘောရှိပါသည်။ လူလည်ကျခြင်းမှာမူ အဆိုးဘက်ဆိုညွှန်းသည့် အနက်သဘောရှိပါသည်။ သို့ဖြစ်၍ ကျောင်းသားကျောင်းသူ လူငယ်များကို လူရည်လည်အောင် နေပါ။ လူလည်မကျပါနှင့် ဟု လက်ဆင့်ကမ်း သင်ကြားပြုစုပေးသင့်ပါသည်။
            လူမှုဆက်ဆံရေးနယ်ပယ်တွင် ကြားနေရတတ်သည့် စကားမှာ ရူးနေပြီ၊အရူးအမူးပဲ၊ ရူးချင်ယောင် ဆောင်မနေနှင့်၊ အရူးပါး စသည်တို့ဖြစ်သည်။  အရူးအမူးဆိုသည်မှာ အဆင်ခြင် ကင်းမဲ့စွာ ထိန်းမနိုင် သိမ်းမရဖြစ်ခြင်း၊ မိမိဂုဏ်သိက္ခာနှင့် မလျော်သော လုပ်ရိုးလုပ်စဉ် မဟုတ်သော အလုပ်ကို ပြုမူလုပ်ကိုင်ခြင်း၊ လွန်လွန်ကဲကဲ မတည်မငြိမ်ဖြစ်ခြင်း၊ သတိလက်လွတ် ထင်ရာမြင်ရာ ပြုမူပြောဆိုခြင်း ဖြစ်ပါသည်။ အရူးပါးဆိုသည်မှာ မိမိအမှားကို စိတ်ချို့ယွင်းမှုအဖြစ် ဖုန်းကွယ်ခြင်း၊ မိမိကိုယ်ကျိုးသာသိပြီး သူတစ်ပါးအကျိုးအတွက် လျစ်လျူရှုတတ်ခြင်း၊ ရယူပိုင်ဆိုင်မှုကိုသာ လက်ခံပြီး ပေးဆပ်စွန့်ကြဲမှုကို မသိတတ်ခြင်း၊ စံရမည်ကိုသာ လက်ခံညပီး ခံရမည်ကို ငြင်းပယ်တတ်ခြင်း ဖြစ်ပါသည်။ အရူးအမူး မှာ စိတ်ပေါ့သွပ်မှု စိတ်ချွတ်ယွင်းမှုဖြစ်၍ ခွင့်လွှတ်သည်းခံနိုင်ပါသည်။ အရူးပါးမှာမူ ကိုယ်ကျိုးသက်သက်ကြည့်တတ်ခြင်းဖြစ်၍ ခွင့်လွှတ်သည်းခံနိုင်စရာ မရှိပါ။ ကျောင်းသားကျောင်းသူ လူငယ်များကို အရူးအမူးလည်း မဖြစ်စေရန် အရူးပါးလည်း မဖြစ်စေရန် ထိန်းကြောင်းပျိုးထောင်ပေးသင့်ပါသည်။
EYUers များ လူလည်ကျခံရခြင်းနှင့် အရူးပါးဘေး ကင်းဝေးပါစေ။
ကိုအော
အတွေးဂယက်များ-ဂ ပညာပေးခြင်းနှင့် ပညာပြခြင်း၊ ပညာလျှိုခြင်းနှင့်ပညာစမ်းခြင်း (ကိုအော)
အတွေးဂယက်များ-ဂ ပညာပေးခြင်းနှင့် ပညာပြခြင်း၊ ပညာလျှိုခြင်းနှင့်ပညာစမ်းခြင်း (ကိုအော)
တက္ကသိုလ်လောကတွင် ကျင်လည်နေရသူပီပီ ပညာရေးအကြောင်းကို အတွင်းကလည်း ရှုမိသည်။ ဘေးထွက်၍ လည်း ကြည့်မိသည်။ အမြင်ကြဉ်းသည်ပဲဆိုဆို၊ ဥာဏ်နည်းသည်ပဲပြောပြော ပညာပေးခြင်းနှင့် ပညာပြခြင်းကိုသာ ထင်ထင် လင်းလင်း မြင်မိပါသည်။
            ပညာပေးသည်ဆိုရာတွင် ပညာသင်ကြားပို့ချပေးခြင်း၊ လေ့ကျင့်ပျိုးထောင်ခြင်း၊ လမ်းပြဖြည့်ဆည်းပေးခြင်း သဘောရပါသည်။ ကောင်းမြတ်သည့် အသွင်ဆောင်ပါသည်။ ပညာပြခြင်းမှာမူ အစွမ်းကို တမင်ဖော်ထုတ်ခြင်း၊ တစ်ဖက်သား အခက်တွေ့အောင် လက်လှမ်းမမီအောင် အစွမ်းပြခြင်း သဘောရပါသည်။ ပညာပြခြင်း၏ ရည်ရွယ်ချက်ကိုက မိမိဂုဏ်မြင့်တက်အောင် သူတစ်ပါးဂုဏ် နိမ့်ကျအောင် လုပ်ခြင်းမျိုးဖြစ်၍ အကောင်းအသွင် မဆောင်ပါ။ လုပ်လည်းမလုပ်သင့်ပါ။ အဆင်လှလှအယောင်ဆောင်တတ်သည့် မှော်အတတ်ဟု စွပ်စွဲ လိုက်ချင်ပါသည်။ ပညာဖြင့် အသက်မွေးမည်ဟု ရွေးခဲ့ပြီးမှတော့ ပညာသင်ပေးရန် ပညာ ဖြန့်ပေးရန်သာ ရှိပါ တော့သည်။
            နောက်ဆက်၍ မြင်မိသည်က ပညာလျှိုခြင်းနှင့် ပညာစမ်းခြင်းတို့ ဖြစ်ပါသည်။ ပညာလျှိုခြင်းမှာ အတ္တကြောင့် လောဘကြောင့် မာနကြောင့် ပညာကို ဖုန်းကွယ်ထားခြင်း၊ မဖော်ထုတ်ဘဲထားခြင်း၊ အကုန်အစင် မပေးဝေခြင်း သဘောရပါသည်။ အတ္တ လောဘ မာနကြောင့်ဖြစ်၍ ကောင်းသည့်အသွင်မဆောင်ပါ။ ရှိလည်းမရှိသင့်ပါ။ ပညာစမ်းခြင်း ဆိုသည်မှာ အားပြိုင်လို၍ သာကြောင်းပြလို၍ အကဲသိလို၍ အခြေအနေ အရည်အချင်း ထောက်ဆ လို၍ လုပ်လိုက်ခြင်း သဘောရသည်။ပြိုင်ဆိုင်ရာတွင်တရားသောပြိုင်ဆိုင်ခြင်းမျိုးမဟုတ်ဘဲအနိုင်ရလိုဇောသက်သက်လွန်ကဲသဖြင့် ကောင်းသည့်အသွင် မဆောင်ပါ။ရှိလည်းမရှိသင့်ပါ။ အမြင်လှလှ အသွင်ယူတတ်သည့် စုန်းအတတ် ဟုသာ စွပ်စွဲလိုက်ချင်ပါသည်။ အထက်လမ်းမဟုတ်၊ အနိမ့်လမ်း။ သူတော်ကောင်းလမ်းမဟုတ်၊ သူယုတ်တို့လမ်း ဟုသာ ရိုးစွပ်ချင်ပါသည်။
            ပညာဖြင့် အသက်မွေးသည့်လောက ပညာဒါနပြုကျင့်သည့်လောကတွင် ပညာပေးခြင်းမှလွဲ၍ ပညာပြခြင်း၊ ပညာလျှိုခြင်း၊ ပညာစမ်းခြင်းများ ကင်းပျောက်သင့်ပါသည်။
EYUers များ ပညာပြခြင်း၊ ပညာလျှိုခြင်း၊ ပညာစမ်းခြင်းဘေး ကင်းဝေးပါစေ။
ကိုအော
          အတွေးဂယက်များ-၉ စာတတ်ခြင်းနှင့် လုပ်တတ်ခြင်း (ကိုအော)
အတွေးဂယက်များ-၉ စာတတ်ခြင်းနှင့် လုပ်တတ်ခြင်း
ဝိပဿနာ ဆရာဖြစ်သင်တန်းနှင့် ၀ိပဿနာ ပါရဂူကျမ်းတွင် ဓမ္မပဒ တရားတော်လာ အပ္ပံပိစေ အစချီဂါထာကို စာမတတ်သော်လည်း တရားနည်းလမ်း မှန်ကန်စွာ အားထုတ်တတ်လျှင် မဂ်ဖိုလ်ကို ရနိုင်၏ ဟူ၍ အနက်ပြန် ထားခြင်းဖြစ်သည်။ စာမတတ်သော်လည်း အားထုတ်တတ်လျှင် ဖြစ်၏ ဟု မြန်မာမှုပြုထားသည်ကို ဖတ်ရသည်။ စာသာတတ်၍ အလုပ်ကို မတတ်သေးသောသူနှင့် အလုပ်သာတတ်၍ စာမတတ်သောသူများမှာ တစ်ဦးကို တစ်ဦး အထင်မသေးအပ်ကြပေ ဟုလည်း ရှင်းပြထားသည်။ စာမတတ် တတ်တတ်၊ သည်လုပ်ရပ်၊ လုပ်တတ်ရ -ရမည် ဟုလည်း သံပေါက်ပြထားသည်။ ဤစာကို ဖတ်ရသည်နှင့် စာတတ်ခြင်းနှင့် လုပ်တတ်ခြင်း တို့ အတွေးဂယက် ထလာသည်။
    စာတတ်ခြင်းသည် ကျမ်းဂန်စာပေ နှံ့စပ် ကျွမ်းကျင်ခြင်း၊ သုတ ပညာ သိမြင် တတ်မြောက်ခြင်း၊ တက္ကသိုလ်မှ ဘွဲ့ရရှိခြင်း အနက်သဘောရပါသည်။ ပညာသိရုံ ပညာသင်ဖူးရုံ ဘွဲ့ရရုံ မျှကိုလည်း လူမှုလောကတွင် စာတတ်ပေတတ် ဟု ခေါ်လိုက်ပါသည်။ အမှန်တကယ် သိမြင် နားလည်မှု၊ ကျွမ်းကျင်တတ်မြောက်မှု ရရှိသည့်ဘွဲ့နှင့် ထိုက်တန်သည့် ဂုဏ်ရည်ရှိမှု ရှိ၍လည်း စာတတ်ပေတတ် ခေါ်ခြင်းမျိုးလည်း ရှိပါသည်။ သို့အတွက် သိမြင် ကျွမ်းကျင်မှု ရှိ ရှိ မရှိ ရှိ ဘွဲ့ရသူကို ယေဘုယျ အားဖြင့် စာတတ်ပေတတ်ဟု ခေါ်လိုက်ကြပါသည်။ ဤတွင် အတွေးပေါက်လာပါသည်။ ဘွဲ့ရတိုင်း သိမြင် ကျွမ်းကျင်မှု ရှိသလား ဟူသော မေးခွန်းပင်ဖြစ်ပါသည်။ အားလုံးသိပြီးဖြစ်၍ အထူးမပြောလိုတော့ပါ။
    လုပ်တတ်ခြင်း ၀ါ လုပ်တတ်ကိုင်တတ် ရှိခြင်း ဆိုသည်မှာ ဖြစ်မြောက်အောင် ပြုမူလုပ်ဆောင်နိုင်ခြင်း၊ လက်တွေ့ကျကျ ပြီးမြောက်အောင် စီစဉ်ဆောင်ရွက်နိုင်ခြင်း အနက်သဘောရပါသည်။ အတွှေးအမြင် အတွေ့အကြုံကို အခြေခံ၍ ဖြစ်မြောက်အောင် ဆောင်ရွက်တတ်သဖြင့် လုပ်တတ်သူဟု ခေါ်ခြင်းမျိုးရှိပါသည်။ ပိုမိုထူးခြားသည့် စွမ်းရည်များရှိပြီး အဆင်ပြေ ပြီးမြောက်အောင် ဦးဆောင် အကောင်အထည် ဖော်နိုင်သဖြင့်လည်း လုပ်တတ်သူဟု ခေါ်ခြင်းမျိုးလည်း ရှိပါသည်။ ဤတွင်လည်း အတွေးဝင်လာပါသည်။ လုပ်တတ်သူများသည် ဘွဲ့ရသူ စာတတ်သူများ ဖြစ်ပါသလား ဟူသော မေးခွန်းပင် ဖြစ်ပါသည်။ အများသိ အဖြေကို ဆိုလိုပါသည်။ လုပ်တတ်သူတိုင်း ဘွဲ့မရပါ။ ဘွဲ့ရသူတိုင်း မလုပ်တတ်ပါ ဟူသော အဖြေပင် ဖြစ်ပါသည်။
    သေချာပါသည်။ ရရှိထားသောဘွဲ့သည် လုပ်တတ်ကိုင်တတ်ခြင်း ၀ါ လုပ်ရည်ကိုင်ရည်နှင့် တိုက်ရိုက် သက်ဆိုင်သင့်ပါသည်။ သို့သော် ယခုခေတ်ကတော့ အားလုံးလွဲနေပါသည်။ ဘ၀အတွက် အသုံးဝင်မည့် ကျွမ်းကျင်မှု စွမ်းရည်များ၊ ဥာဏစွမ်းရည်များ၊ လူမှုစွမ်းရည်များကို ဘွဲ့ယူသည့်အချိန်အထိ အချို့ရ၏။ အချို့ မရ။ ရသည်ကလည်း မှုန်ဝါးဝါး၊ ပွင့်ပွင့်လင်းလင်း ဆိုရလျှင် ဘွဲ့ရတိုင်း မလုပ်တတ် အော်လိုက်ချင်ပါသည်။ မအော်ရဲလို့ ငြိမ်နေတာပါ။ ဘယ်သူမှ လျောက်မပြောနှင့်နော်။ စာတတ်ပေတတ် ဖြစ်ဖို့လိုလား၊ လုပ်တတ်ကိုင်တတ် ဖြစ်ဖို့လိုလား၊ ဘယ်အရာက ပိုအရေးပါသလဲ ဟူသော မေးခွန်း ထပ်ဆင့်လာပါသည်။
    လုပ်တတ်ခြင်းသည် လူတစ်ဥိး၏ ဥာဏ ကာယ အရည်အသွေးပင်ဖြစ်သည်။ နောက်လိုက်ကောင်းတို့၏ အရည်အသွေးဖြစ်သလို ခေါင်းဆောင်ကောင်းတို့၏ အရည်အသွေးလည်းဖြစ်သည်။ ဘွဲ့တွေ တစ်ပုံကြီး ထမ်းထား သည့် ခေါင်းဆောင်များ၏ အူလည်လည် အဖြစ်များကို မြင်တိုင်း၊ ဘွဲ့ပြစရာ မရှိသည့် နောက်လိုက်များ၏ တာဝန်ကျေပွန်မှု အဖြစ်များကို မြင်တိုင်း အထက်တွင် ဆိုခဲ့သည့် စာမတတ် တတ်တတ်၊ သည်လုပ်ရပ်၊ လုပ်တတ်ရ -ရမည် ဟူသော သံပေါက်ကို နှလုံးသွင်းမိပါသည်။
                        EYUers များ စာတတ်သူ လုပ်တတ်သူများ ဖြစ်ကြပါစေ။
                                                                                                                     ကိုအော                                                                                                                                                        
အတွေးဂယက်များ-၁၀ အပို၊အတိ နှင့်အလို ( ကိုအော)
အတွေးဂယက်များ-၁၀ အပို၊အတိ နှင့်အလို
နိစ္စဓူဝ တွေ့ရသည်များတွင် အပို၊ အတိနှင့် အလိုတို့ ဖြစ်နေကြောင်း သတိထားမိသည်။ သတိထားမိရမှ ပိုလုပ်နေသူ ကွက်တိလုပ်သူ လိုနေသေးသူ များကို ထပ် သတိထားမိသည်။
အပို ဆိုသည်မှာ ရှိသင့်သည်ထက် သာလွန်ခြင်း၊ အသုံးမလိုခြင်း အနက်သဘောရသည်။ ပိုလုပ်နေသူ တို့သည် သေသေချာချာမလုပ်တတ်၍ ထင်ရာမြင်ရာ လုပ်နေသဖြင့် မဆိုင်သည်များပါ လုပ်နေသူ၊ အာဏာ ပညာ ပါဝါ ပြချင်၍ နေရာတကာ လိုက်လုပ်နေသူများ ဖြစ်ပါသည်။ အပို ဟူရာတွင် သာလွန်ခြင်း ဟူသော ကောင်းသည့်သဘော ရှိသော်လည်း အသုံးမလိုခြင်း ဟူသော အဆိုးဘက် သဘောလည်းရှိကြောင်း အတွေးဝင်လာပါသည်။ အပိုလုပ်ရဖြင့် ကာယ ဥာဏ အချိန် ရုပ်ဝတ္ထု ငွေကြေး ပိုမိုသုံးစွဲရခြင်း၊ လေလွှင့် ပြုန်းတီးရခြင်း ဟူသည့် ဆိုးကျိုး သို့မဟုတ် ဆုံးရှုံးရမှုများ ၀င်ရောက် ပူးကပ်လာသည်ကိုလည်း အတွေးဂယက် ပွားမိပါသည်။
အတိ ဆိုသည်မှာ အပိုအလိုမရှိ၊ တိတိကျကျ၊ အခြားအရာနှင့် ရောနှောခြင်းမရှိ ဟု အနက်သဘော ရပါသည်။ ကွက်တိဖြစ်ခြင်းသည် အပိုအလိုမရှိ စေ့စေ့စပ်စပ်ဖြစ်ခြင်းပင် ဖြစ်ပါသည်။ အတိလုပ်သူ ၀ါ ကွက်တိ လုပ်သူတို့သည် အပိုအလိုမလုပ်သူ၊ တိတိကျကျလုပ်သူ၊ မဆိုင်သည်များနှင့် အလုပ် ရောနှောခြင်း မရှိသူ၊ စေ့စေ့စပ်စပ် လုပ်တတ်သူများ ဖြစ်ပါသည်။ အတိတွင် အပိုမလိုမရှိ ဟူသော ဂုဏ်ရှိသလို အခြားအရာနှင့် မရောခြင်း ဂုဏ်လည်းရှိပါသည်။ သို့အတွက် ကာယ ဥာဏ အချိန် ရုပ်ဝတ္ထု ငွေကြေး ပုံမှန်သုံးစွဲရခြင်း၊ လေလွှင့် ပြန်းတီးမှု ကင်းခြင်း ကောင်းကျိုးများ ပူးကပ်လာသည်ကိုလည်း အတွေးဂယက် ပွားမိပါသည်။
အလို ဆိုသည်မှာ ဖြည့်ရန်ကျန်ခြင်း၊ ပြည့်ရန်ကျန်ခြင်း၊ တိကျ ပြည့်ဝမှု မရှိခြင်း အနက်သဘော ဆောင်ပါသည်။ လိုနေသေးသူများတို့သည် ၎င်းတို့၏ ကိုယ်ပို ကိုယ်တိုင် အားနည်းချက် ချို့ယွင်းချက်ကြောင့် တိတိကျကျ မလုပ်နိုင်သူ၊ ပြည့်ပြည့်စုံစုံမလုပ်နိုင်သူ၊ မလုပ်တတ်သူ၊ မလုပ်နိုင်သူ၊ လုပ်လေ့မရှိသူများ ဖြစ်ပါသည်။ အလိုတွင် ဖြန့်ရန် ပြည့်ရန် ကျန်ခြင်း၊ တိကျမှုမရှိခြင်း၊ ပြည့်ဝမှု မရှိခြင်း ဟူသော အဆိုးသဘောသာ များနေကြောင်း တွေ့နိုင်သည်။ လိုနေသေးသူများသည် အရည်အချင်း အားနည်းသူများ၊ လုံ့လ ၀ီရိယအား လျော့သူများ ဖြစ်ပါသည်။ လိုနေသေးသည့်အတွက် ကာယ ဥာဏ အချိန် ရုပ်ဝတ္ထု ငွေကြေး ထပ်မံသုံးစွဲရခြင်း၊ ဖြည့်စွက်ရခြင်း၊ လေလွှင့် ပြုန်းတီးမှု ရှိလာခြင်း ဆိုးကျိုးများ ပူးကပ်လာသည်ကိုလည်း အတွေးဂယက် ပွားမိပါသည်။
ဆက်တွေးကြည့်ရာတွင် ပတ်ဝန်းကျင်၌ ဦးဆောင်သူ အများစုက အပိုလုပ်နေတတ်ပြီး နောက်လိုက် အများစုက အလိုလုပ်နေသေးကြောင်း တွေ့ရသည်။ သို့အတွက် အကျိုး ဖြစ်ထွန်းမှုများ နှောင့်နှေး ကုန်လွန်သွားခြင်း ဆိုသည့် ဘေးထွက်ဆိုးကျိုး တွယ်ကပ်နေသည်ကို မြင်လာပါသည်။ ဤတွင် စာဖတ်သူများ အတွေးဂယက်ထနေမှာ ရပ်စားမိပါသည်။ on line မဟုတ်ဘဲ မျက်နှာချင်ဆိုင်ဆိုလျှင် စာရေးသူရော ဘယ်လိုလဲ ဘယ်လိုလုပ်သလဲ ဟု မေးချင်ကြမှာပါ။ လက်တို့ပြီး ပြောလိုက်ပါရစေ။ အင်း . . .ဘာမှ မလုပ်ဘူးလို့၊ မလုပ် မရှုပ် မပြုတ် မဟုတ်ပါလား။
            EYUers များ ကွက်တိ လုပ်နိုင်ကြပါစေ
                                                                                                                                                         ကိုအော
အတွေးဂယက်များ-၁၁ အကျင့်လုပ်၊ အကျင့်ပါ၊ အကျင့်ဖြစ်
အိမ်မှာမွေးထားသည့် ကြောင်ကလေးများကို ထမင်းစားချိန် အနားလာ၍ တညောင်ညောင် လုပ်နေလျှင် စားလက်စကို ချကျွေးသည့် အကျင့်လုပ်မိပါသည်။ ကြာလာတော့ ထမင်းစားတိုင်း လာအော်တောင်းသည့် အကျင့်ပါသွားသည်ကို သတိထားမိလာသည်။ ၎င်းတို့၏ အစာခွက်ထဲ ထည့်ကျွေးသော်လည်း ၀အောင်စားပြီး ထမင်းစားလျှင် လာတောင်း သည့် အကျင့်ဖြစ်နေကြောင်း တွေ့ရပါသည်။ သို့အတွက် အကျင့်လုပ်သဖြင့် အကျင့်ပါ၊ အကျင့်ပါလာရာမှ အကျင့်ဖြစ် သွားသည့် ဖြစ်စဉ်သဘောကို အတွေးဂယက် ပွားမိပါသည်။
            ပုံမှန်အနေအထားမှ ပြောင်းလဲပြုမူ၍ မကြာခဏ လုပ်လျှင် အကျင့်လုပ်သည် မည်နေပါသည်။ အကျင့်လုပ် မိလျှင် ရပ်၍ မရစကောင်းတော့။ မကြာခဏမှ ဆက်ကာဆက်ကာ အကျင့်လုပ်မိလျှင် အကျင့်ပါ သွားပါသည်။  အကျင့်ပါမှု ရှည်ကြာစွဲမြဲလာသော် အကျင့်ဖြစ်သွားပါသည်။ အကျင့်ဖြစ်သွားသည့်အခါ ထူး မထူး၊ ကောင်း မကောင်း၊ သင့် မသင့်ကို ဆင်ခြင်တော့မည် မဟုတ်ပေ။
            သို့ဖြစ်ရာ တွေးရင်း ဆင်ခြင်မိသည့်အချက် ပေါ်လာပါသည်။ အကျင့်လုပ်လို့ အကျင့်ပါ၊ အကျင့်ဖြစ် သွားခြင်း ဟူ၍ ဖြစ်သည်။ ကောင်းသည့် အကျင့်လုပ်မှု၊ အကျင့်ပါမှု၊ အကျင့်ဖြစ်မှုကို လိုလား လက်ခံရပါမည်။ မကောင်းသည့် အကျင့်လုပ်မှု၊ အကျင့်ပါမှု၊ အကျင့်ဖြစ်မှုကိုမူ ရှောင်ရှားသင့်ပေသည်။
            ဆက်တွေးမိပါသည်။ အကျင့်လုပ်ပေးသူများရှိ၍ အကျင့်ပါကုန်ခြင်း ဖြစ်သည်။ မကောင်းသော အကျင့် လုပ်ပေးသူများကို တားမြစ်သင့်ပါသည်။ တစ်ဆင့်တက်တွေးမိပါသည်။ အကျင့်ပါသူတို့ကလည်း မိမိကိုယ်မိမိ ဆင်ခြင်၍ မကောင်းသော အကျင့်မပါစေရန် မဖြစ်စေရန် ထိန်းသိမ်းသင့်ပါသည်။
            စင်စစ် အကျင့်ဖြစ်နေသူကို ပြုပြင် ကြပ်မတ်ရန် အတော်ခက်ခဲပါသည်။ ပြောင်းလဲရန် မလွယ်ကူပါ။ ထို့ကြောင့် မကောင်းသည့်အကျင့် ဖြစ်မသွားအောင် ဂရုစိုက်သင့်ပါသည်။
EYUers များ ကောင်းသည့် အကျင့် ဖြစ်ကြပါစေ
ကိုအော
အတွေးဂယက်များ-၁၂ ချို့ယွင်း နှင့် ချွတ်ယွင်း
လုပ်သမျှ အမှားမကင်းသော အမှားများတတ်သည့် သဘာဝကြောင့် အမှားကို ညွှန်းသော ချို့ယွင်း၊ ချွတ်ယွင်း တို့ကို ခေါင်းထဲတွင် စွဲနေပါသည်။ လက်သုံးစကားဖြစ်နေပြီး ကြုံသလို သုံးခဲ့ပါသည်။ သေသေချာချာ အတွေးပွားကြည့်မှ အမှားမတူသည်ကို သတိထားမိပါသည်။
            ချို့ယွင်းဆိုသည်မှာ ချို့တဲ့မှားယွင်းသည့် လိုသောအမှား၊ ပြည့်စုံမှုမရှိ၍ ဖြစ်သောအမှားဟု သဘောထင် ပါသည်။ ရှိရမည့် ပြည့်စုံရမည့် အကြောင်းအချက် အခြေအနေ အရည်အသွေး မရှိ၍၊ လိုအပ်ချက် ရှိနေသေး၍ ဖြစ်ရသော အမှား ဟုဆိုချင်ပါသည်။ ပြည့်စုံမှုမရှိသည်ကို သည်အတိုင်းထား ဖော်ပြထုတ်ပြလျှင် လိုသောအမှား ဖြစ်နေပါသည်။ သို့အတွက် လိုအပ်ချက်ရှိခြင်းသည် အမှားတစ်မျိုး ဟု ယူလိုပါသည်။ သို့သော် ဤအမှားသည် ပြင်ရမည့် ပြောင်းရမည့် အမှားပြင်ဆင်ချက် လုပ်ရန်မလို၊ ထပ်မံဖြည့်စွက်ရမည့်၊ ထပ်မံ ဆောင်ရွက်ရမည့် အမှားပြင်ဆင်ချက်လုပ်လျှင် ရနိုင်ပါသည်။ အမှားကြီးမဟုတ်သေးပါ။
            ချွတ်ယွင်း ဆိုသည်မှာ ချွတ်ချော်မှားယွင်းသည့် လွဲသောအမှား၊ မှန်မကန်မှု မရှိ၍ ဖြစ်သောအမှားဟု သဘောထင် ပါသည်။ ဖြစ်တည်ရမည့် စီစဉ်ဆက်စပ်ရမည့် အကြောင်းအချက် အခြေအနေ အရည်အသွေး မဟုတ်၍၊ လွဲချော်မှု ရှိနေ၍ ဖြစ်ရသော အမှားဟု ဆိုချင်ပါသည်။ တည့်မှန်မှု မရှိသည်ကို သည်အတိုင်းထားဖော်ပြ ထုတ်ပြလျှင် လွဲသောအမှား ဖြစ်နေပါသည်။ သို့အတွက် လွဲချော်နေခြင်းသည် အမှားဟု ယူလိုပါသည်။ ဤအမှားကို ပြင်ဆင် တည့်မတ်နိုင်မှ၊ အမှန်ပြောင်းလဲနိုင်မှ ၊ ပြုပြင်စီမံနိုင်မှ အမှန်ဖြစ်ပါမည်။ အမှားကြီးဖြစ်၍ သတိထားသင့်ပါသည်။
            စာရေးသူနှယ် ပေါက်ပေါက်ရှာရှာ အမှားကို ဋီကာဖွင့်နေပြန်ပါပြီဟု အပြစ်တင်မစောစေလိုပါ။ အမှန်ကိုလည်း ဋီကာဖွင့်လောက်သည့် ပမာဏ ပိုင်ဆိုင်မထားခဲ့ပါ။ ရှိသည့် အမှားကိုသာ ပြောပြရခြင်းပါ။ လုပ်ခဲ့သမျှ ပြုခဲ့သမျှ အမှားများကို ဆန်းစစ်လျှင်အလွဲမှားသာများကြောင်းတွ့ရသည်။သို့အတွက်လည်းအကျိုးဖြစ်ထွန်းမှု၊တိုးတက်ကြီးပွားမှု အားနည်းခဲ့ကြောင်းလည်း သတိမူမိပါသည်။ လိုသောအမှား ၊ လွဲသော အမှားများ ကင်းစင်ပါမှ မှန်ကန်ခြင်း၊ တိုးတက်ခြင်းတို့ ပိုင်ဆိုင်ရပါမည်။ အလို အလွဲကင်းစင်၍ အဖြောင့် အမှန် ဖြစ်အောင် အားထုတ်ရဦးမည် ဖြစ်ပါသည်။
EYUers များ အလိုမှား အလွဲမှား ကင်းကြပါစေ။
ကိုအော
အတွေးဂယက်များ-၁၃ အသေအချာနှင့် မရေမရာ
အလုပ်လုပ်ရင်း လူအများနှင့်ဆက်ဆံရင်း ပြဿနာများကို ဖြေရှင်းရင်း စကားလုံးနှစ်ခု ဒွေးရောယှက်တင် ဖြစ်လာသည်။ အသေအချာ နှင့် မရေမရာ ပင်ဖြစ်သည်။ အချို့က အသေအချာ ရှိသည် ဖြစ်သည် သိသည်၊ အချို့က ဘာဘဲလုပ်လုပ် ရှိရှိ သိသိ မရေမရာ။ သို့နှင့် လူမှုဝန်းကျင်တွင် အသေအချာနှင့် မရေမရာ အတော်များများ နေရာဝင်ဆံ့လာပါသည်။
            အသေအချာ ဆိုသည်မှာ အမှန်မုချဖြစ်ခြင်း၊ မလွဲမသွေဖြစ်ခြင်း၊ စေ့စပ်ကျနခြင်း၊ ပြီးပြည့်စုံခြင်း သဘောရပါသည်။ ပြည့်စုံ မှန်ကန် သူတို့၏ လုပ်ရပ်သည် အသေအချာပင်။ တစ်နည်းဆိုရသော် သေချာသူတို့၏ လုပ်ရပ်သည် ပြည့်စုံ မှန်ကန်နေပါသည်။ သို့အတွက် ပြည့်စုံ မှန်ကန်ရေးအတွက် အသေအချာလုပ်ရမည် ဖြစ်ပါသည်။ အသေအချာလုပ်လျှင် ပြည့်စုံမှန်ကန်မည် ဖြစ်ပါသည်။ အသေအချာ လုပ်နိုင်သူတို့သည် ဥာဏအား ကာယအား ကောင်းသူများပင် ဖြစ်ပါသည်။
            မရေမရာ ဆိုသည်မှာ မပြည့်မစုံဖြစ်ခြင်း၊ လွဲချော်နေခြင်း၊ သေချာကျနမှုမရှိခြင်း၊ ပြတ်သားကွဲပြားမှု မရှိခြင်း သဘောရပါသည်။ မရေမရာ ဖြစ်နေသူတို့သည် ပြည့်စုံမှု၊ သေချာမှု၊ ပြတ်သားမှု ဟူသည့် ဥာဏအား လျော့နည်း နေသည်ကို တွေ့နိုင်ပါသည်။ အတွေးအမြင် အတွေ့အကြုံ အကြံအစည် အစီအမံ အားနည်းသည့်အတွက် ဥာဏအား လျော့နည်းလာတတ်ပါသည်။ ဥာဏအားလျော့နည်းသလို ကာယအား ၀ီရိယအားလည်း လျော့နည်းနေတတ်ပါသည်။ ဥာဏအား ကာယအား လျော့နည်းနေပါက ဘာလုပ်လုပ် မရေမရာသာ ဖြစ်ပေမည်။
            တွေးမိပါသည်။ အလုပ်ဝန်းကျင် လူမှုဝန်းကျင် တို့တွင် အခြေအနေ အခက်အခဲ များစွာကို မလွဲသာ မရှောင်သာ ရင်ဆိုင်တိုးရပါမည်။ ရင်ဆိုင်ရသည့်အခါ သေသေချာချာ လုပ်လျှင် ဖြေရှင်းလျှင် အောင်မြင် ပြီးမြောက် နိုင်ပါမည်။ မရေမရာလုပ်လျှင် ဖြေရှင်းလျှင် ဆုံးရှုံးပျက်ပြားနိုင်ပါသည်။ သို့အတွက် အောင်မြင်ပြီးမြောက်အောင် ဘာလုပ်လုပ် အသေအချာ လုပ်ရမည်ကို သတိထားမိပါသည်။
EYUers များ သေအချာလုပ်နိုင်ပါစေ။
ကိုအော
အတွေးဂယက်များ-၁၄ အလုပ်များ (ကိုအော)
လုပ်ငန်းခွင်အတွင်း အလုပ်လုပ်နေရင်း အတွေးပွားမိပါသည်။ နဂိုအလုပ် အပိုအလုပ် တို့ အတွေးထဲ ၀င်လာပါသည်။ အလုပ်ဟူသမျှ ဂုဏ်ရှိစွ ဆိုကြသော်လည်း ကြိုးစင်ပေါ်မှ ခလုတ်ဖြုတ်ချသူကို မည်သူ ဂုဏ်ပြုပါသနည်း။ ကြိမ်ဒဏ်ပေးသည့်အခါ ကြိမ်ရိုက်သူကို မည်သူချီးမွမ်းပါသနည်း။ ချွင်းချက်တော့ ရှိမည် ထင်ပါသည်။
            နဂိုအလုပ် ဟူသည် တာဝန်အရ ရာထူးအရ လုပ်ရသော အလုပ်ဖြစ်သည်။ ကာယအလုပ် ဥာဏအလုပ် အုပ်ချုပ်သူအလုပ် အုပ်ချုပ်ခံအလုပ် အစီအစဉ်တကျအလုပ် အလျင်အမြန်အလုပ် သာယာသည့်အလုပ် မလွဲသာသည့်အလုပ်  အလုပ်ပေါင်းစုံပါသည်။ နဂိုအလုပ်သည် လုပ်ရန် ရွေးချယ်ခဲ့သည့်အလုပ် သဘောတူ ထားသည့်အလုပ် အလုပ်ဖြစ်သည်။ နဂိုအလုပ်လုပ်ရန် သာမန်အားဖြင့် လက်မတွန့်တတ်ပါ။ ပျင်းရိသူ အကျင့်ပျက်သူ တို့ကသာ နဂိုအလုပ်ကို လုပ်ရန် လက်တွန့်ကြခြင်း ဖြစ်သည်။ သာမန်လူ ၀ိရီယရှိသူ ဦးဆောင်သူ နောက်ကလိုက်ရသူ တို့ကမူ လက်တွန့်ကြခြင်း မရှိ။ စေတနာသက် ဆောင်ရွက်တတ်ကြပါသည်။ တာဝန်သိသိဆောင်ရွက်တတ်ပါသည်။
            မည်သူမဆို အနည်းနှင့်အများ လက်တွန့်တတ်သည်က အပိုအလုပ်ကို ဖြစ်သည်။ နဂိုအလုပ်နှင့် ဆက်စပ်မှုကင်းသော၊ နဂိုအလုပ်ကို လျစ်လျူရှုထားရသော၊ ကိုယ်ပိုင် အချိန်ကို အသုံးချလိုက်ရသော အလုပ်များ ဖြစ်သည်။ ဤအပိုအလုပ်ကို နှစ်လိုခြင်းမရှိ။ စေတနာသက်ခြင်းမျိုးမရှိ။ အပိုအလုပ်တို့သည် နဂိုအလုပ်နှင့် ယှဉ်နေတတ် သော်လည်း နဂိုအလုပ်ကို ထပ်ဆောင်း လုပ်ရခြင်းမျိုးမဟုတ်၊ သီးခြား ဆင့်ပွားဖြစ်လာသည့် အလုပ်သာဖြစ်သည်။ နဂိုအလုပ်အပြင် အပိုအလုပ်ကိုပါလုပ်ရသဖြင့် ၀န်ပိသွားတတ်ပါသည်။ ၀န်ပိသည့်အတွက် တာဝန်ကျေမှုလည်း မရှိနိုင်တော့ပါ။ အပိုအလုပ်ကြောင့် အကျိုးထက် ဘေးထွက်ဆိုးကျိုး ဖြစ်စေ တတ်သည် မဟုတ်ပါလား။ အပိုအလုပ်ကို ဘယ်သူက နှစ်နှစ်ခြိုက်ခြိုက် လုပ်ကြပါမလဲ။
            တာဝန်ဟူသည် ဆောင်ရွက်ရန် အမှုကိစ္စဟု သဘောရသည်။ ၀တ္တရားဟူသည် ဆောင်ရွက်အပ်သော အမှုကိစ္စဟု သဘောရသည်။ အလုပ်ဟူသည် လုပ်ဆောင်ဖွယ်ကိစ္စဟု သဘောရသည်။ ဤသဘောများသည် နဂိုအလုပ်၏ သဘောများဖြစ်ပါသည်။ သို့ဆိုလျှင် အပိုအလုပ်ဟူသည် ဆောင်ရွက်ရန်မလိုသည့် အမှုကိစ္စ၊ မဆောင်ရွက်အပ်သော အမှုကိစ္စ၊ မလုပ်ဆောင်သင့်သောကိစ္စ ဖြစ်နေပါရောလား။ ကြောက်ရွံ့ခြင်း တစ်မျိုးမျိုးကြောင့်၊ ရှောင်လွှဲမရခြင်း တစ်မျိုးမျိုးကြောင့်၊ အကျိုးလိုခြင်း တစ်မျိုးမျိုးကြောင့် သာ အပိုအလုပ်များ လုပ်နေရပါသည်ဟု ဆိုလျှင် လွန်အံ့မထင်ပါ။ သို့မဟုတ်ပါလည်း ပင်ကိုဗီဇစရိုက်ကြောင့် အပိုလုပ်တတ်သည်ဟုဆိုလည်း လွန်အံ့မထင်ပါ။
            အလုပ်ဆိုသည်ကို အတွေးဇာချဲ့သည့် စာရေးသူကိုရော ဘယ်အလုပ် လုပ်ချင်သလဲဟု မေးချင်ကြမှာပါ။  စိတ်မဆိုးလျှင် ပြောချင်ပါသည်။ ဘာမှမလုပ်ချင်ပါဘူးလို့ ပဲ ခပ်တိုးတိုးဆိုပါရစေ။
EYUers များ အလုပ်မှန်ကြပါစေ။
အတွေးဂယက်များ-၁၅၀င်လုပ်ခြင်းနှင့် ၀င်ရှုပ်ခြင်း (ကိုအော)
ကြားဖူးမှာပါ။ ၀င်လုပ်လျှင်လုပ်ပေးပါ။ ၀င်မရှုပ်ပါနှင့်။  မကူညီလျှင်နေပါ။ မနှောင့်ယှက်ပါနှင့်။ အကူအညီမရဘဲ အနှောင့်အယှက်ဖြစ်သည်။ ကူညီမလိုလိုနှင့် နှောင့်ယှက်နေတာပဲ။ လူမှုဝန်းကျင်မှ  ပြောသံများ ကြားဖူးပါသည်။ တွေးမိပါသည်။ အကူအညီနှင့် အနှောင့်အယှက် ကွဲကွဲပြားပြားရှိမှ ကောင်းပါမည်။  ရောထွေးနေပါက အကျိုး မဖြစ်နိုင်တော့ပါ။
            မကူညီလျှင်နေပါ မနှောင့်ယှက်ပါနှင့် ဆိုကတည်းက အနှောင့်အယှက်ကို လုံးဝမလိုလားသည့် သဘော ထင်ရှားနေပါသည်။ ၀င်ရှုပ်သူအများစုက ပျက်ပြားစေလိုသောစိတ်ဖြင့် တမင်သက်သက်လုပ်တတ်ကြပါသည်။ အချို့ကမူ စိုးမိုးလိုစိတ် လူတွင်ကျယ်လုပ်လိုစိတ် ပါလေရာလုပ်လိုစိတ် ဝေလေလေလုပ်လိုစိတ်တို့ဖြင့် ၀င်ရှုပ် တတ်ကြခြင်း ဖြစ်ပါသည်။ အဆိုးကြီး မဟုတ်သော်လည်း အကောင်းမဟုတ်ဟု ဆိုချင်ပါသည်။
            တစ်ခါတစ်ရံ ကူညီပေးချင် ၀င်လုပ်ပေးချင်စိတ် ပြင်းပြသော်လည်း ဘာလုပ်ပေးရမှန်းမသိ၊ ဘယ်လို လုပ်ပေး ရမှန်း မသိဖြစ်တတ်ပါသည်။ ၀င်လုပ်ပေးခွင့် မကြုံသေးသည်ကိုလည်း ကြုံဖူးပါသည်။ ဤအခါမျိုးတွင် မနေနိုင် မထိုင်နိုင် ၀င်လုပ်ပေးပါက အကူအညီ မမည်ဘဲ ၀င်ရှုပ်သည် မည်ပါသည်။ ၀င်မရှုပ်ဘဲ အသာစောင့်ကြည့်နေခြင်းက ပိုကောင်းပါသည်။ ၀င်လုပ်ခြင်းနှင့် ၀င်ရှုပ်ခြင်း အကူအညီနှင့် အနှောင့်အယှက်တို့သည် တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေသော်လည်း နယ်ပယ်နီးကပ်နေတတ်သည်ကို သတိ ပြုမိပါသည်။ နေရာတကာ အကူအညီပေးနေလျှင် မလိုအပ်ပဲ ကူညီနေလျှင် အပိုဖြစ်နေတတ်ပါသည်။ လိုသူကို လိုသည့်အချိန်တွင် အကူအညီပေးခြင်းက ကောင်းမွန်ပြီး အကျိုးများသည်ဟု ဆိုချင်ပါသည်။ အကူအညီကို စာဖွဲ့နေသူကို မေးချင်ကြမှာပါ။ ဘယ်လိုကူညီနိုင်သလဲ၊ ကူညီချင်သလဲလို့ မေးလိုကြမှာပါ။ ကျယ်ကျယ်ပဲ အော်လိုက်ပါရစေ။ HELP, HELP, HELP, S.O.S, MAY DAY , MAY DAY, MAY DAY ဟူ၍သာ။
EYUers များ အကူအညီပေးနိုင်ကြပါစေ။
အတွေးဂယက်များ-၁၆ အခရာနှင့် အကူ (ကိုအော)
ထမနဲထိုးနေကြသည်ကို ကြည့်၍ အတွေးပွားမိပါသည်။ အရေးပါသူ အခရာနှင့် ပါဝင်ပံ့ပိုးသူ အကူတို့ အတွေးထဲ ၀င်လာပါသည်။ ထမနဲဆိုလျှင် အမျိုးမတူသည်များ အချိုးကျ ပေါင်းစပ်ရခြင်း၊ အင်နှင့်အားနှင့် ညီညီညွတ်ညွတ် ဆောင်ရွက်ရခြင်းတို့ အနက်သဘောထင်ပါသည်။ ဆောင်ရွက်ရသည့် အကြောင်း အကျိုးတို့ကို အခြေပြု ညွှန်းဆို ကြခြင်းဖြစ်သည်။ ဆောင်ရွက်ပေးရသူတို့ကို အခြေပြု ညွှန်းရလျှင် အခရာနှင့် အကူ ဟု တွေ့နိုင်ပါမည်။
            အကူဟူသည် ၀ိုင်းဝန်း ပံ့ပိုးဆောင်ရွက်ပေးသူ သဘောရပါသည်။ အခရာဟူသည် အရေးပါသူ၊ ဦးဆောင်သူ၊ တာဝန်ခံလုပ်ပေးသူ သဘောရပါသည်။ ထမနဲထိုးကြရာတွင် ယောက်မရှည်ကိုင်၍ ထိုးပေးရသူနှစ်ဦးနှင့် ထိုးသောယောက်မကိုကိုင်၍ လိုသည့်နေရာ တွင် ယောက်မတို့ကို စုံကိုင်၍ နှဲပေးရသူ တစ်ဦးတို့ပါဝင်ပါသည်။ ထမနဲထိုးပေးရသူတို့ကလည်း ညီညီညွတ်ညွတ် အင်တိုက်အားတိုက် ထိုးရသည်။ ထိုထိုးလိုက်သော ယောက်မကို ယှက်၍ ကိုင်၍ လိုသည့်နေရာ ရွှေ့ကာ နှဲပေးရာမှာ လည်း ခွန်အားသုံး ဆောင်ရွက်ရသည်။ ကာယအား သုံးရခြင်း အတူတူ ထိုးပေးသူတို့ကို အကူဟုခေါ်၍ နှဲပေးသူကို အခရာ ၀ါ  အလယ်ကိုင် ဟုဆိုကြသည်။
အကူသည် ကူပံ့ရသူ ဖြစ်သည်သာမက ကာယအားသက်သက် သုံးရသူလည်းဖြစ်သည်။ ဥာဏအား သုံးရမှု ပီပီပြင်ပြင် မတွေ့ရပါ။ ကာယအားသုံးရခြင်းများ၍ အကူ ဟု ဆိုကြခြင်းဖြစ်သည်။ သာမန်ကာယအားနှင့်တော့ ပွဲမတိုးပါ။ အတော်စွမ်းသန်သည့် ကာယအား ဖြစ်ဖို့တော့လိုပါသည်။ သို့သော် ဦးဆောင်ရသူမဟုတ်၊ အလယ်ကိုင်၏ ညွှန်းချက်အတိုင်း သာသာထိုး ပြင်းပြင်းထိုး ဖွဖွထိုး အပေါ်ယံထိုး အတွင်းရောက်အောင်ထိုး အောက်ခြေမှာဖိထိုး လုပ်ပေးရသူ ဖြစ်သည်။ ထို့အတွက် ဦးဆောင်ရသူမဟုတ် နောက်လိုက်ဟု ဆိုချင်ပါသည်။ နှိမ်ခြင်း ရှုံ့ချခြင်း မဟုတ်ပါ။ လုပ်ရသည့် အလုပ်သဘောကို တွေးကြည့်မိခြင်း ဖြစ်ပါသည်။
အခရာ ၀ါ အလယ်ကိုင် ဟူသည် နှဲပေးရာတွင် ကျေမကျေ နပ်မနပ် ကျက်မကျက် နှံ့မနှံ့ တော်မတော် ကိုလည်း ကြည့်ရသည်။ လိုသည့်နေရာကိုလည်း ကြည့်ရသည်။ သုံးရမည့်ယောက်မထိုးချက် အနေအထားကိုလည်း သိရသည်။ အကူတို့ကိုလည်း ပြောရင်းဆိုရင်း ယောက်မကိုရွှေ့ရင်း ထမနဲနပ်သည်အထိ ဆောင်ရွက်ပေးရသည်။ ဥာဏအားဖြင့် ဆောင်ရွက်ပေးရသည်ကို သတ်ထားမိပါသည်။ ထို့အပြင် ပူပြင်းသော မီးအရှိန်ကို ခံရသည်။ ထိုးနေသော ယောက်မကို ကိုင်၍ ရွှေ့ရသည်မှာလည်း ခွန်အားအတော်ထုတ်ရသည်။ နပ်သည်အထိ နှဲပေးရသူ အခရာအလုပ်မှာ ဥာဏအားလည်း သုံးရသည် ကာယအားလည်း သုံးရသည် တာဝန်ခံ ဦးဆောင်ဦးရွက်ပြုရသည်။ သို့အတွက် ဦးဆောင်သူဟု ဆိုချင်ပါသည်။ အလယ်ကိုင် အခရာတို့၏ ကျွမ်းကျင်မှု အတွေ့အကြုံက ထမနဲ ကောင်းမကောင်းကို ဆုံးဖြတ်ပေးပါသည်။ အလယ်ကိုင် အခရာတို့ကျွမ်းလေလေ ထမနဲကောင်းလေလေဖြစ်ပါသည်။ သို့အတွက် ဦးဆောင်သူကောင်းလေလေ အကျိုးကောင်းလေလေဟု ယူဆမိပါသည်။
ဆက်တွေးမိပါသည်။ ကာယအားသက်သက်မျှနှင့် လုပ်သူသည် အကူနောက်လိုက်သာ ဖြစ်သည်။ ကာယ ဥာဏအား ပေါင်းလပ်ရသူက ဦးဆောင်သူဖြစ်သည်။ သို့ဆိုလျှင် ဥာဏအားသက်သက်သာ သုံး၍လုပ်ရသူတို့က ဘာဖြစ်မည်နည်း။ အခရာလား အကူပါလား။ ဦးဆောင်သူလား နောက်လိုက်လား။
EYUers များ ဦးဆောင်သူ ဖြစ်ကြပါစေ။
အတွေးဂယက်များ-၁၇ စွန့်သူနှင့် ယူသူ (ကိုအော)
သန်လျင်ကျိုက်ခေါက်ဘုရားပွဲတွင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှ ကျောင်သားကျောင်းသူများနှင့် UTA-EYU ဆရာဆရာမအသင်းတို့က လှူဒါန်းသည်ကို တွေ့လိုက်ရသည်။ ချီးကျူးသာဓုခေါ်ပါသည်။ အလှူဓာတ်ပုံများကို ကြည့်ရင်း အတွေးဝင်လာပါသည်။ စွန့်သူနှင့် ယူသူ အနေအထားမတူ ဆောင်ရွက်ပုံမတူ သော်လည်း ဖြစ်ရသည့် ခံစားမှု တူနေသည်ကို တွေးမိပါသည်။
            စွန့်သူ ဆိုသည်မှာ လှူသူ၊ ပေးကမ်းသူ၊ ကူညီသူ၊ ကောင်းမှုပြုသူ ဖြစ်ပါသည်။ မိမိတစ်ဦးတည်း အနေဖြင့်လည်း ပေးကမ်းစွန့်ကြဲတတ်ပါသည်။ သို့မဟုတ် အများနှင့် စုပေါင်း၍လည်း လှူဒါန်းတတ်ပါသည်။ ပိုနေသည်များကိုလည်း ပေးကမ်းတတ်ပါသည်။ လိုနေသူတို့အတွက်လည်း ရှာမှီးစုဆောင်း ပံ့ပိုးတတ်ပါသည်။ မြန်မာ့လူမှုဝန်းကျင်တွင် လှူဒါန်းခြင်းသည် ဓလေ့စရိုက် တစ်ခုပင်ဖြစ်ပါသည်။ သို့အတွက် မြန်မာတို့ လှူရမည် စွန့်ကြဲရမည် ပေးကမ်းရမည် ဆိုလျှင် စေတနာထက်သန်ကြစမြဲ ဖြစ်ပါသည်။ လှူဒါန်းနေချိန်တွင်လည်း ပေးကမ်း ရသည်ကိုလည်းကောင်း၊ လက်ခံသူတို့ ရရှိသွားသည်ကိုလည်းကောင်း၊ ကောင်းသည့်အလုပ် လုပ်ရသည်ကို လည်းကောင်း သတိပြု၍ စိတ်အတွင်း၌ ၀မ်းသာကြည်နူးနေတတ်ပါသည်။ စွန့်သူတို့တွင် ၀မ်းသာသည့် ခံစားမှု ဖြစ်ပေါ်လာသည်ဟု  ဆိုလိုပါသည်။
            ယူသူ ဆိုသည်မှာ လက်ခံသူ၊ ရယူသူ ပင်ဖြစ်ပါသည်။ အလှူပြုမှု တစ်ခုကို လက်ခံခြင်းသည် မကောင်းမှု မဟုတ်သည်က သေချာပါသည်။  လိုနေသူတို့က ရယူတတ်ကြသည်။ ထို့အပြင် မြန်မာမှုတွင် အလှူဒါနတစ်ခုကို ချီးမြှောက်သည့်အနေဖြင့်လည်းကောင်း လူမှုရေးသဘောအရ ပူးပေါင်းသည့်သဘောအနေဖြင့်လည်းကောင်း အလှူလက်ခံတတ် ရယူတတ်ကြပါသည်။ ကိုယ့်အတွက် လိုအပ်ချက်ကို ဖြည့်ဆည်းလိုက်ခြင်း သဘောဖြင့်လည်း လက်ခံ တတ်ကြပါသည်။ အလှူ လက်ခံချိန် ရယူချိန်တွင် လှူသူတို့ကို ချီးကျူး ကျေးဇူးတင်သည့်စိတ်၊ လက်ခံရရှိရ၍ အားရကျေနပ်သည့်စိတ်၊ သူတစ်ပါး၏ ကောင်းမှုအတွက် ၀မ်းမြောက်ရသည့်စိတ်တို့ သက်ဝင် စီးမြော နေရတတ် ပါသည်။ ထိုစိတ်တို့ကြောင့်ပင် ယူသူတို့တွင် ၀မ်းသာသည့်ခံစားမှု ဖြစ်ပေါ်လာသည်ဟု ဆိုလိုပါသည်။
            ဆိုခဲ့သည့်အတိုင်း စွန့်သူလည်း ၀မ်းသာ ယူသူလည်း ၀မ်းမြောက် ဖြစ်ရသဖြင့် ခံစားမှု တူသည်ဟု ဆိုခဲ့ခြင်း ဖြစ်ပါသည်။ အတွေးပွားမိပါသည်။ ၀မ်းသာရတာခြင်း အတူတူ စွန့်မလား၊ ယူမလား။ စာဖတ်သူ သင် ဘယ်ဘက် ရွေးမှာလဲ။ စာရေးသူကော လို့မေးလျှင် မာမာအေးသီချင်းလေး တစ်ပိုင်းတစ်စ ညည်းလိုက်ချင်ပါသည်။ စဉ်းစားကာ နေရဦးမယ်။ စဉ်းစားကာ နေရဦးမယ် ...... ဟု ဆိုလိုက်ချင်ပါသည်။
EYUers များ ၀မ်းမြောက်သူများ ဖြစ်ကြပါစေ။
အတွေးဂယက်များ-၁၈ အခမဲ့နှင့် အဆမတန် (ကိုအော)
လမ်းသွားနေရင်း အငှားယာဉ်တစ်စီးတွင် ရေးထားသည်ကို တွေ့လိုက်သည်။ သံဃာတော်များ အခမဲ့ ဟူ၍ဖြစ်သည်။ သံဃာတော်များ သွားလိုရာကို အခမဲ့ ပို့ဆောင် ကုသိုလ်ယူမည့်သဘောရပါသည်။ ဘတ်စ်ကားများတွင်လည်း ဆွမ်းခံချိန် သံဃာတော်များကို အခမဲ့စီးခွင့်ပေးခြင်း၊ အချို့ဘတ်စ်ကားများက သံဃာတော်များကို အချိန်မရွေး အခမဲ့ စီးနင်းစေသည်ကို တွေ့ရပါသည်။ ဤတွင် အတွေးဝင်လာပါသည်။ အခမဲ့ ဆောင်ရွက်ပေးခြင်းနှင့် အဆမတန် ရယူ ဆောင်ရွက်ပေးခြင်းတို့ ဦးနှောက်ကို ၀င်စူးလာပါသည်။
            အခမဲ့ ဆိုသည်မှာ အခကြေးငွေ မပေးရခြင်း၊ တန်ရာတန်ဖိုး မယူခြင်း၊ အလကားဆောင်ရွက်ပေးခြင်း သဘော ရပါသည်။ အခမဲ့ဆိုရာတွင် ရုပ်ပိုင်း တန်ကြေး မယူခြင်းသာဖြစ်သဖြင့် တန်ဖိုးကင်းသည်ဟု မဆိုသာ။ စိတ်ပိုင်း တန်ဖိုး အမြောက်အများရှိနေပါသည်။ ဆောင်ရွက်ပေးသူဘက်က ထားရှိသည့် စေတနာ၊ လက်ခံသူဘက်က ဖြစ်ပေးသည့် ကျေးဇူးတရားသိမှု၊ မြင်ရ ကြားရသူတို့ ဖြစ်ပေးသည့် ကြည်နူးမှု တို့သည် တန်ဖိုးဖြတ်ခြင်းငှာ မစွမ်းသာသော တန်ဖိုးများ ဖြစ်ပါသည်။ သို့ဖြစ်၍ အခမဲ့ဆိုသည်ကို ကြားရမြင်ရလျှင် တန်ဖိုးထား ကြည်နူးစိတ်များ ဂယက်ထ လာတတ်ပါသည်။
            အဆမတန် ဆိုသည်မှာ လွန်မင်းစွာရယူထားခြင်း၊ တန်သည်ထက်ပိုမို ရယူခြင်း၊ သင့်လျော် ထိုက်တန် သည်ထက် ပိုမိုတောင်းခံခြင်း သဘောရပါသည်။ အဆမတန် ဆိုရာတွင် ပိုမို ရူတောင်းခံထားသဖြင့် ရုပ်တန်ဖိုး ကြီးမား နေသော်လည်း ပေးဆပ်သူဘက်မှ ကြည့်ပါလျှင် စိတ်တန်းဖိုး ကင်းနေတတ်ပါသည်။ မလွဲသာ၍ ပေးရသဖြင့် စက်ဆုပ်ခြင်း၊ မနိုင်သည့်ဝန် ထမ်းရသလိုဖြစ်၍ အကုန်အကျ ပိုများရသည့်အတွက် စိတ်ဆင်းရဲ လူဆင်းရဲ ဖြစ်ရခြင်း၊ မပေးနိုင်သည့်အခါမျိုးတွင်လည်း စိတ်မကောင်း ဖြစ်ရခြင်း စသည့် စိတ်ပျက်ဖွယ်ရာများသာ တွေ့ရပါသည်။ သို့အတွက် အဆမတန် ဆိုသည်ကို ကြားရမြင်ရလျှင် စိတ်ပျက်ခြင်း စိတ်ဆင်းရဲခြင်း သာ ဂယက်ထလာ တတ်ပါသည်။
            ဆက်တွေးကြည့်မိပါသည်။ ဆောင်ရွက်ရသူ ဖြစ်လျှင် အခမဲ့ ပေးမည်လား၊ အဆမတန် တောင်းမည်လား၊  ပေးရသူ အလှည့်ရောက်လျှင် အခမဲ့ လိုလားသည်လား၊ အဆမတန်ကို နိုင်အောင်ပေးမည်လား။ ထင်ပါသည်။ အတော်များများက တန်ရာတန်ကြေး ပေးလိုသည် ဟု ပညာရှိစတိုင် ဖြေကြမည် ဖြစ်ပါသည်။ ရင်တွင်းကတော့ အခမဲ့ အခမဲ့ ဟု မြည်နေမှာပါ။ စာရေးသူကော ဘယ်လိုလဲ ဟု မေးလာလျှင် သူများတွေလိုပဲ ဟု ဒီပလိုမေစီ စကားဆိုလိုက် ပါရစေ။ ရင်ထဲမှာတော့.... ရင်ထဲမှာတော့.......။
EYUers များ တန်ဖိုးရှိသူများ ဖြစ်ကြပါစေ။
အတွေးဂယက်များ-၁၉ ကြည့်ခြင်းများ
လူမှုဆက်ဆံရေးနယ်ပယ်တွင် ကျင်လည်ရင်း ကြုံရသည့်များထဲမှ ကြည့်ခြင်းများကို အတွေးပွားမိသည်။ မော့ကြည့်၊ ငုံ့ကြည့်၊ တည့်တည့်ကြည့်၊ စောင်းကြည့် အကြည့်ပေါင်းစုံကို တွေးမိပါသည်။
            တွေးလိုက်သည့်အခါ မော့ကြည့် ငုံ့ကြည့်ကို ဦးစွာ တွေးမိသည်။ ကိုယ်က နိမ့်ပါးသည့်အခါ ၊ ဆုံးရှုံးသည့်အခါ ဂုဏ်ငယ်သည့်အခါ မော့ကြည့်ရပါသည်။ အထက်သို့ အပေါ်သို့ မျက်နှာမူရခြင်းဖြစ်သည်။  ကြည့်သူကိုယ်တိုင်က သိမ်ငယ် နွမ်းပါးသည့်စိတ်၊ အားကျ အထင်ကြီးသည့်စိတ်၊ ချီးမွမ်း ဂုဏ်ပြုသည့်စိတ် တစ်မျိုးမျိုးဖြင့် မော်ကာ ကြည့်ခြင်း မော့ကြည့်လိုက်ခြင်း၊ မော့ကြည့်ရခြင်းဟု ယူဆပါသည်။ သေချာ တွေးကြည့်လျှင် လူတော်တော်များများက မော့မကြည့်ချင်ကြပါ။ သို့သော် မကြည့်ချင်ဘဲ မော့ကြည့်ရသည် များပါသည်။
            လူတော်တော်များများ ကြည့်ချင်ကြသည်က ငုံ့ကြည့်ခြင်းပင် ဖြစ်သည်။ ကြီးပွားသည့်အခါ၊ အောင်မြင် သည့်အခါ၊ ဂုဏ်မြင့်သည့်အခါ ငုံ့ကြည့်ရတတ်ပါသည်။ အောက်သို့ နိမ့်ရာသို့ မျက်နှာမူရခြင်း ဖြစ်သည်။ ကြည့်သူ ကိုယ်တိုင်က မော်ကြွားသည့်စိတ်၊ ထောင်လွှားသည့်စိတ်၊ အားရသည့်စိတ် တစ်မျိုးမျိုးဖြင့် ငုံ့ကာကြည့်ခြင်းဟု ယူဆပါသည်။ မိမိမြင့်နေမှ ငုံ့ကြည့်နိုင်သည်ကို သဘောပေါက်သော်လည်း မြင့်မြင့် မမြင့်မြင့် ငုံ့ကြည့်ချင်ကြပါသည်။ လူ့ဘ၀တွင် ငုံ့ကြည့်ရတာ အရသာ ဟု ထင်ကြပါသည်။ မိမိအောက် နိမ့်နေသူများကို ငုံ့ကြည့်နေချိန်တွင် မိမိ အထက်က လူများကလည်း မိမိကို ငုံ့ကြည့်နေကြောင်း မော့ကြည့်လိုက်လျှင် တွေ့နိုင်ပါမည်။ သို့အတွက် တွေးမိ သည်က ငုံ့၍လည်း ကြည့်ပါ။ မော့၍လည်း ကြည့်ပါ။ သို့မှ အလုံးစုံ မြင်နိုင်ပါမည်။ မော့၍လည်း ကြည့်ပါ။ ငုံ့၍လည်း ကြည့်ပါ။ ဆင်ခြင်နိုင်ပါလိမ့်မည်။
            ဆက်တွေးကြည့်ပါသည်။ တည့်တည့်ကြည့်နှင့် စောင်းကြည့် ပင်ဖြစ်ပါသည်။ တိကျသည့်အခါ မှန်ကန်သည့် အခါ ရဲရင့်သည့်အခါ ပြတ်သားသည့်အခါ ပြည့်စုံသည့်အခါ တည့်တည့်ကြည့်တတ်ပါသည်။ ဖြောင့်ဖြောင့်မတ်မတ် မျက်နှာမူခြင်းဖြစ်သည်။ ရဲရဲကြည့်ခြင်းလည်း ဖြစ်ပါသည်။ ကြားဖူးပါလိမ့်မည်။ သော်တာဆွေ၏ ၀တ္ထုတိုတစ်ပုဒ် အမည်ပါ။ မှန်ကန်ခြင်းနှင့် ရဲရင့်ခြင်း ဟူ၍ဖြစ်သည်။ မှန်ကန်ခြင်းရှိမှ ရဲရင့်ခြင်းရှိမည်ကို ဖော်ညွှန်းပါသည်။ မှန်ကန်ခြင်းရှိသူတို့ ရဲရဲကြည့်တတ်သည်ဟု ဆိုလိုပါသည်။ လူတော်တော်များများက တည့်တည့် ကြည့်ချင် ကြပါသည်။ သို့သော် ပြန်ဆန်းစစ်ကြည့်ပါ။ ဘ၀မှာ စောင်းကြည့်ခဲ့ရသည်မှာများပါသည်။
            ငယ်ငယ်က ကြုံဖူးမှာပါ။ အတန်းထဲမှာ စာမေးတဲ့အခါ စာကျက်မလာမိလျှင် ဆရာကို တည့်တည့် မကြည့်ဝံ့ဘူး။ အသာစောင်းကြည့် ပုန်းကြည့် ရှောင်ကြည့် ခဲ့ဖူးပါသည်။ မသေချာသည့်အခါ မှားယွင်းနေသည့်အခါ အားနည်းသည့်အခါ မပြည့်စုံသည့်အခါ စောင်းကြည့်တတ်ပါသည်။ စွေစောင်းလွှဲချော် မျက်နှာမူခြင်း ဖြစ်သည်။ ရဲရဲမကြည့်ဝံ့သည့် အဖြစ်ပါ။ ပြည့်စုံမှန်ကန်ခြင်းမရှိ၍ ရဲရဲရင်မဆိုင်ရဲ၍ စောင်းကြည့်ခဲ့ရပါသည်။ တွေးမိသည်။ စောင်းကြည့်ချိန်များမှာ ရဲရင့်တည်ကြည်ခြင်း ပျောက်ဆုံးနေတတ်ပါသည်။  မှန်ကန် ပြတ်သားခြင်း မှေးမှိန်နေတတ် ပါသည်။
            ကတ်သီးကတ်သတ် အကြည့်ကို စာဖွဲ့တတ်သူကရော ဘယ်လိုကြည့်နေပါသလဲ ဟု မေးချင်ကြမည် ထင်ပါသည်။ ဘယ်လိုမှ မကြည့်ရဲလို့ မျက်စိစုံမှိတ်နေတာ များပါတယ် လို့ပဲ ဖြေပါရစေ။
EYUers များ အကြည့်မှန်ကြပါစေ
ကိုအော
အတွေးဂယက်များ-၂၀ အစနှင့်အဆုံး (ကိုအော)
လက်ဘက်ရည်ဆိုင် စကားဝိုင်းတစ်ခုမှ စကားတစ်ခု ခေါင်းထဲဝင်လာပါသည်။ နိမ့်ပါးသူ၊ နွမ်းပါးသူတို့ကို ကူညီရန်၊ ကျေးဇူးရှိသူ၊ စေတနာသက်သူတို့ကို ပံ့ပိုးရန်၊ လိုနေသည်တို့ကို ဖြည့်ဆည်းရန်၊ ပြည့်နေ ပိုနေသည်တို့ကို ဝေဖြန့်ပေးရန် စီစဉ်နေကြသည့်အကြောင်း ရှင်းပြပြီး ပူးပေါင်းပါဝင်ရန် လှုံ့ဆော်လာပါသည်။ ကောင်းမွန်သည့် အလုပ်ပါ။
EYUers များ ဦးဆောင်သူ ဖြစ်ကြပါစေ။
အတွေးဂယက်များ-၂၁ မပြင်မီ၊ ပြင်နေတုံးနှင့်ပြင်ပြီးနောက် (ကိုအော)
လမ်းသွားရင်း ပလက်ဖောင်းများ ပြင်နေသည်ကို မြင်ပြီး အတွေးပွားမိပါသည်။ ပလက်ဖောင်းများသည် လမ်းလျှောက်သူများ သွားရန်နေရာဖြစ်သည်။ သို့သော် ဈေးသည်များက နေရာယူထားသဖြင့် လမ်းလျှောက်သူများ ကားလမ်းပေါ်တက်လျှောက်ရသည်။ ယခု ကားများရပ်နားရန်အတွက် ပလက်ဖောင်းများကိုပြင်နေသည်။ အရွယ်ကို သေးပြီး ကားရပ်ရန် ဦးစားပေးထားသည်။ အဆင်ပြေသွားပြီလား။ လမ်းလျှောက်သူများအတွက်ရော။ နေ့စဉ် လမ်းလျှောက်ရင်း မြင်၍တွေး၊ တွေးပြီးပြန်ကြည့်၊ ထပ်ကြည့်မိတော့ ထပ်တွေး နှင့် မပြင်မီ၊ ပြင်နေတုံး၊ ပြင်ပြီးနောက် စကားလုံးများက အတွေးကို နယ်ချဲ့လာပါလေတော့သည်။
            မပြင်မီဆိုသည်က နကိုအတိုင်း အရင်အတိုင်း မူလအတိုင်း ရှိစဉ်ကအနေအထားသဘောရပါသည်။ ဆိုပါစို့၊ ပလက်ဖောင်းများကို လမ်းလျှောက်ရန် တည်ထားခြင်း ဖြစ်သည်။ သို့သော် ဈေးသည်များက ဘိုးဘွားပိုင်ပမာ သဘောထားပြီး သိမ်းပိုက်ထားသည်။ တိုးမိ ထိမိလျှင် တိုးသူထိသူ၏အပြစ် ဖြစ်လေတော့သည်။ လမ်းလျှောက်ရာတွင် ဈေးသည်များက အနှောင့်အယှက် ဖြစ်စေပါသည်။ ပလက်ဖောင်းပေါ်မှ အဆင်မချောသဖြင့် လမ်းပေါ်တက်သော် လမ်းကို ကိုယ်ပိုင်ဝယ်ထားသည့်အလား မောင်းနှင့်သည့်ကား၊ ရပ်ထားသည့်ကားတို့ကလည်း စာနာမှုမထား၊ သူ့အခွင့်အရေးကို ဆုပ်ကိုင်ထားလေသည်။ သို့အတွက် အိမ်ပြန်ရောက်သည်အထိ ခလုတ်မထိ ဆူးမငြိ သွားလာ နိုင်ခြင်းကပင် မင်္ဂလာတစ်ပါးဖြစ်ပါသည်။ သို့ဆိုလျှင် မပြင်မီက အဆင်ပြေလားဆိုလျှင် မပြေဟု တုံးတိတိ ပြောရပေမည်။ သဘောတူကြမည် ထင်ပါသည်။
            ပြင်နေတုံးဆိုသည်က နကိုအခြေအနေကို ပြုပြင်နေသည့်သဘော၊ မူလအခြေအနေမှ စတင်ပြောင်းလဲ နေသည့်သဘော၊ ရှိရင်းစွဲကို အသစ်ပြင်နေသည့် သဘောဖြစ်ပါသည်။ ဆိုပါစို့၊ ပလက်ဖောင်းများကို ကားရပ်နားမှု အဆင် ပြေစေရေးကိုဦးတည်ပြီး မူလအရွယ်အစားကိုသေး၊ ကျန်သည်ကို တူးဆွ၊ နှိမ့်ချ ၊ ကွန်ကရစ်ပြန်ခင်း ပြင်ဆင် နေချိန် သွားရလာရ အဆင်အပြေ၊ မူလပိုင်ရှင် ပမာဖြစ်သည့် ဈေးသည်တို့ကလည်း အခွင့်အရေးကိုလက်မလွှတ်၊ လွတ်သည့်နေရာ ပြန်ရောင်းပါသည်။ ရပ်နေကျ ကားတို့ကလည်း လွတ်သည့်နေရာ ပြန်ရပ်ပါသည်။ မောင်းနှင်သည့် ကားကလည်း လွတ်သည့်နေရာကို အလျော့မပေးစတမ်း မောင်းနှင်ပါသည်။ ထိုအခါ လမ်းလျှောက်သူတို့မှာ မူလထက်ကုသိုလ်ပိုရအောင် ပရိတ်ဂါထာတို့ကို ပိုရွတ်ရပြန်ပါသည်။ ပြင်နေတုံးမို့လို့ ခေတ္တ အဆင်မပြေတာပါဟု ပေါ်လီယာနာ စိတ်မွေးပြန်တော့လည်း ခေတ္တဆိုတာကြီးက တော်တော်ကြာပါသည်။ ဘာအတွက် ရည်ရွယ်ဖြည့်နေရမှန်းမသိတဲ့ ခဏ္ဍီပါရမီဆိုတာကြီးကို မကြိုက်လည်းဖြည့် ကြိုက်လည်းဖြည့်နှင့် ဒေါသကို မြိုချနေရတော့တာပါပဲ။ သို့ဆိုလျှင် ပြင်နေတုံး အဆင်ပြေလားဆိုလျှင် နိုး နိုး နိုး ဟု ဘိုလိုပြောလိုက်ချင်ပါသည်။ ဒီအတိုင်းပဲ မဟုတ်ပါလား။
            ပြင်ပြီးနောက် ဆိုသည်မှာ ပြုပြင်ပြီးသည့် အခြေအနေသစ်သဘော၊ မူလနှင့်မတူသည့် အသစ်သဘော၊ ပြုပြင်မွမ်းမံပြင်ဆင်ထားသည့် သဘော ဖြစ်ပါသည်။ ဆိုပါစို့။ ပလက်ဖောင်းများကို ပြုပြင်ပြီးနောက် ကားများရပ်ရန် အဆင်ပြေသွားသည် ဆိုပါစို့။ လမ်းလျှောက်သူများ အဆင်ပြေပါမည်လား၊ ဈေးရောင်းသူများရော ဘယ်လိုလဲ။ ကြိုတွေးကြည့်မိပါသည်။ ငယ်ငယ်က ရုပ်ရှင်ရုံများတွင် ကြေညာသလို ပရိတ်သတ်ကြီး ခေတ္တ သည်းခံပါ။ မင်းသားကြီးကိုရွှေဘဟာ နောက်ဆုံးမှာ လူဆိုးအားလုံးကို အလဲထိုး အနိုင်ယူပါလိမ့်မယ် ဆိုတာမျိုး ဘယ်သူက ကြေညာပေးပါ့မလဲ။ ပြင်ပြီးနောက် သေချာသည်က ကားရပ်ဖို့ပြင်သည်ဖြစ်၍ ကားရပ်ရန်ပဲ အဆင်ပြေမှာပါ။ လမ်းလျှောက်ဖို့ကတော့ ယခင်အတိုင်း ယခင်အတိုင်းပါပဲ။ သို့ဆိုလျှင် ပြင်ပြီးနောက် အဆင်ပြေလား ဆိုလျှင် မထင် မထင် ဟုသာ အော်လိုက်ချင်ပါသည်။ ဟုတ်တယ်မလား။
            မပြင်မီ၊ ပြင်နေတုံး၊ ပြင်ပြီးနောက် အခြေအနေတွေမှာ မင်းသားရွှေဘ ဖြစ်ချင်လား၊ လူကြမ်းဖြစ်ချင်လား ပြင်တာကောင်းသလား၊ ဒီအတိုင်းထားတာကောင်းသလား မေးလာလျှင်တော့  စာရေးသူငယ်ငယ်က ရုပ်ရှင် ကြည့်လျှင် ကလေးပီပီ စားစရာအကုန်စား ဗိုက်တင်းလျှင်အိပ်၊ ရုပ်ရှင်ပြီး၍ပြန်ရန်နိုးမှထပြန် အဲသည်လိုနေခဲ့တော့ မင်းသားလည်း ဘာမှန်းမသိ၊ လူကြမ်းလည်း ဘာမှန်းမသိပါ။ စားပြီးအိပ်တာပဲ သိပါတယ်ခင်ဗျား။
EYUers များ ကောင်းအောင်ပြင်နိုင်သူများ ဖြစ်ကြပါစေ။
အတွေးဂယက်များ-၂၂ မာရ်နတ်၊ ဒသဂီရိနှင့် သူကြီးသား (ကိုအော)
ဗုဒ္ဓ၀င် ဇာတ်လမ်းထဲမှ မာရ်နတ်၊ ရာမဇာတ်တော်ကြီးထဲမှ ဒသဂီရိ ၊ မြန်မာကျေးလက်ဇာတ်လမ်းများထဲမှ သူကြီးသား တို့သည် ဗီလိန်ဇာတ်ဆောင် ၀ါ လူကြမ်းများဖြစ်ပါသည်။ ၀တ္ထုဖတ်ရင်း၊ ဇာတ်ကြည့်ရင်း၊ ရုပ်ရှင်ဗွီဒီယို ကြည့်ရင်း ထိုလူကြမ်းများကို ရွံမုန်း စက်ဆုပ်ခဲ့သည်။ ထိုလူကြမ်းများကို အမြဲတန်း မုန်းနေပါသလား။ အတွေးပွားမိပါသည်။ ပေါက်ပေါက်ရှာရှာတွေးမိတာပေါ့။
            အလုပ်တွေ မနိုင်မနင်းဖြစ်သည့်အခါ၊ မိမိကိုယ်တိုင် ဆောင်ရွက်ရန် မစွမ်းသာသည့်အခါ မာရ်နတ်မင်း၏ လက်ရုံးပေါင်း တစ်ထောင်ကို ခေတ္တငှားလိုက်ချင်သည်။ လက်များလျှင် အလုပ်များများ မြန်မြန် ပြီးသည် မဟုတ်ပါလော။ မုန်းခဲ့သူ၏ လက်များခြင်းကို သဘောကျသလိုလို ဖြစ်ရပါသည်။ မာရ်နတ်မင်းလက် ငှားလိုက်ချင်ဟု ခဏခဏ တောင့်တမိပါသည်။ ငှားများငှားလို့ရရင် မာရ်နတ်ကြီးကို အချစ်များ ၀င်မိမလား မသိပါ။ သို့ပေမဲ့ ငှားလို့ မဖြစ်နိုင်တာမို့ မုန်းမြဲမုန်းနေမိပါရဲ့။
            ဦးနှောက်ခြောက်လောက်အောင် အလုပ်ရှုပ်သည့်အခါ၊ ဥာဏ်ရည်က မစွမ်းသာသည့်အခါ ဒသဂီရိ၏ ခေါင်းဆယ်လုံးကို ခေတ္တငှားလိုက်ချင်ပါသည်။ ခေါင်းတွေ ခွဲဝေ စဉ်းစားဆောင်ရွက်လျှင် အလုပ်လွယ်လွယ် မှန်မှန် ပြီးသည် မဟုတ်ပါလော။ မုန်းရသူ၏ ခေါင်းများခြင်းကို သဘောကျသလိုလို ဖြစ်ရပါသည်။ ဒသဂီရိ ခေါင်း ငှားလိုက်ချင်ဟု ခဏခဏ တောင့်တမိပါသည်။ ချိုပြုံးက ဒသဂီရိမျက်နှာ ငှား၍ကြည့်ပါ လို့ ဆိုထားသည် မဟုတ်ပါလား။ ငှားများငှားလို့ရရင် ဒသဂီရိကြီးကို အချစ်များ ၀င်မိမလား မသိပါ။ သို့ပေမဲ့ ငှားလို့မဖြစ်နိုင်တာမို့ မုန်းမြဲမုန်းနေမိပါရဲ့။
            ခိုင်းမရ ပြောမရ လုပ်မရသည့်အခါမျိုးတွင် လုပ်ချင်တာ လုပ်နိုင်သော သူကြီးသား အာဏာပါဏာကို ခေတ္တငှားလိုက်ချင်ပါသည်။ လုပ်ချင်ရာလုပ်နိုင်သော အာဏာ ဆိုသည် အလုံးစုံ ပြီးသွားစေသည် မဟုတ်ပါလော။ မုန်းရသူ၏ အာဏာရှိခြင်းကို သဘောကျသလိုလို ဖြစ်ရပါသည်။ သူကြီးသား အာဏာ ငှားလိုက်ချင်ဟု ခဏခဏ တောင့်တမိပါသည်။ မင်းသားနှင့် မင်းသမီးကြား ၀င်နှောက်တာမျိုးတော့ မဟုတ်ပါ။ လုပ်လိုရာကို ပြီးစေသည့် အာဏာကိုသာ ငှားများငှားလို့ရရင် သူကြီးသားကို အချစ်များ ၀င်မိမလား မသိပါ။ သို့ပေမဲ့ ငှားလို့မဖြစ်နိုင်တာမို့ မုန်းမြဲမုန်းနေမိပါရဲ့။
            တွေးမိပါရဲ့။ ကိုယ်အတ္တက ကိုယ့်ကို ဖိဆီးတာနှင့် မုန်းသူကို တောင့်တမိသည် ဆိုခြင်းက မိုက်မဲခြင်း လေလား။ စိတ်ထွက်ပေါက်ရရာ ရောက်မိရောက်ရာ တွေးမိတွေးရာ ပြောမိပြောရာများလေလား။ အစားကောင်း စားရလျှင် ချစ်သူခင်သူကို သတိရသည် ဟု ဆိုလေ့ရှိကြသည်။ ကောင်းမွန်သည့် ပြည့်စုံသည့် သာယာသည့် အခြေအနေတွင် ချစ်သူ ခင်သူကို သတိရသည်မှာ သဘာဝကျပါသည်။ ယခုမူ မကောင်းသည့်အခါ၊ အခက်အခဲ တွေ့သည့်အခါ၊ အဆင်မပြေသည့်အခါ မုန်းသူကို သတိရမိပါသည်။ အဘယ်ကြောင့်နည်း။
            မုန်းသူတို့တွင် အများထက်ထူးသော ပိုသော စွမ်းနိုင်မှု ရှိသဖြင့် အားကိုးစိတ်ဖြင့် ဆိုကြခြင်းသာဖြစ်ပါသည်။ စင်စစ် မိမိမစွမ်းသာသည်ကို စွမ်းနိုင်သည့်အတွက် အားကိုးလိုခြင်းသာဖြစ်သည်။ သို့အတွက် လူကောင်းဖြစ်ဖြစ် လူဆိုးဖြစ်ဖြစ် စွမ်းနိုင်မှု ကိုယ်စီရှိသည်ကို သတိထားမိလာသည်။ မာရ်နတ် ၊ ဒသဂီရိ၊ သူကြီးသားတို့ကသာ အပြုသဘော အကောင်းသဘော ဆောင်ခဲ့လျှင် ပုံပြီး အားကိုးလိုက်မှာပေါ့။ အချစ်ဝင်လိုက်မှာပေါ့။ အကြမ်းသဘော အဆိုးသဘော ဆောင်၍သာ ပုံပြီး အားမကိုးခြင်း ဖြစ်ပါသည်။ အချစ်မ၀င် အမုန်းပင်စိုက်ထားတာပေါ့။ မုန်းသည်က သူတို့၏ စရိုက်ကြောင့်ဟုသာ ဆိုချင်ပါသည်။
            သို့ဆိုလျှင် စာရေးသူကော မည်သူကို အားကိုးလိုက်ချင်သနည်းဟု မေးလိုကြမှာပါ။ မိမိအသိုက်အ၀န်း နှင့်သာ  အေးအတူပူအမျှ တစ်ဦးချွေးတစ်ဦးသုတ်ရင်း ပျော်ပျော်ကြီးနေ နေပါသည်။ မာရ်နတ်၊ ဒသဂီရိ၊ သူကြီးသား တို့ဆီက အစွမ်းတွေ ငှားလို့ရရင် ငှားလိုက်ချင်ရဲ့လို့တော့ မကြာခဏ ပြောဆိုမိပါတော့သည်။
EYUers များ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ပါစေ။
အတွေးဂယက်များ-၂၃ အခန်းနှင့် အလုပ် (ကိုအော)
အိမ်ထောင်ကျတော့ ရောင်နောက်ဆံထုံးပါခဲ့တာနှင့်  မိမိလူပျိုခန်းလေးကို တိုးချဲ့လိုက်ရသည်။ လင်စုံမယားဖက် အခန်းနှင့် ထိုက်တန်အောင် ပစ္စည်းအတော်များများဖြည့်လိုက်ရသည်။ လူပျိုဘ၀တွင် အမေက ရှင်းလင်းပေးခဲ့ သော်လည်း အိမ်ထောင်ကျပြီးနောက် ကိုယ့်တာဝန်ကိုယ်ယူလိုက်ရသည်။ သို့အတွက် အတွေးပွားမိပါသည်။ အခန်းရလျှင် ပိုအလုပ်များ တာဝန်ရှိလာသည်ဟု ထင်မိပါသည်။
            အလုပ်ထဲဝင်စဉ်က အခန်းရဖို့နေနေသာသာ စားပွဲနှင့် ခုံတောင် မလုံလောက်လို့ စုထိုင်ခဲ့ရသည်။ ထိုစဉ်က တာဝန်သိပ်မရှုပ်သေးပါ။ ကိုယ်ကိုင်စားပွဲရှိလာသော် စားပွဲခင်းရ ရှင်းရ အမြင်ကောင်းအောင် စားပွဲပေါ်တင်ဖို့လုပ်ရ နေ့စဉ်သန့်ရှင်းရ အလုပ်ရှုပ်လာပါသည်။ အများနှင့်ရောထိုင်ရသဖြင့် အများအမြင်တင့်အောင်လည်း နေရ လုပ်ရပါသည်။ အများအမြင်တင့်အောင် ဟူသော တာဝန်ပိုလာပါသည်။ ကိုယ့်အခန်းနှင့်ကိုယ် နေရပြန်တော့ အခန်းပြင်ရ ပစ္စည်းဖြည့်ရ ကြည့်ကောင်းအောင်လုပ်ရ လုံခြုံအောင်လုပ်ရ သန့်ရှင်းအောင်လုပ်ရ အခန်းနှင့် တူတူတန်တန်ဖြစ်အောင်လုပ်ရသည့် တာဝန်ပိုလာပြန်ပါသည်။
            တွေးမိပါသည်။ အခန်းရှိလာလျှင် တာဝန်ပိုလာသည်ဟုပင်။ ဟုတ်ပါသည်။ အခန်းမရှိခင်က မရှိလို့ဟူသော ချွင်းချက်ဖြင့် နေတတ်သလိုနေ၍ရပါသည်။ နေလိုရာမှာ နေ၍ရပါသည်။ တာဝန်သိပ်မပိုပါ။ လွတ်လပ်ပြီး အကန့်အသတ်မရှိပါ။ မူလတာဝန်ကျေလျှင်ပင် ပြီးပြည့်စုံနေပါသည်။ အတည်တကျ မရှိသည်ကလွဲ၍ လွတ်လပ်ပါသည်။ ရောက်သည့်နေရာသည်သာ အခန်းဟု ဆိုနိုင်ပါသည်။
            အိမ်ထောင်သည်အခန်း၊ အလုပ်အခန်း ရသည့်နေမှစ၍ မူလတာဝန်အပြင် အပိုတာဝန်တို့ပါ ပွားလာပါသည်။ အခန်းသည် တာဝန်ရှိရာ တာဝန်ထမ်းဆောင်ရာ နေရာဖြစ်လာပါသည်။ တာဝန်မကျေပါကလည်း အခန်းအနေအထား ချို့ယွင်းနိုင်ပါသည်။ သို့ဖြစ်လျှင် မိမိချွတ်ယွင်းချက်ဖြစ်မည်။ မိမိကြောင့် အခန်းထိခိုက်ပြီး အခန်းကြောင့် လည်း မိမိတစ်ဖန် ပြန်လည်ထိခိုက်မည်ဖြစ်သည်။ တာဝန်မကျေမှုကြောင့် မိမိရော အခန်းပါ ထိခိုက်ရခြင်း ဖြစ်သည်။
            သို့အတွက် သတိထားမိသည်က အခန်းမှာနေလျှင် တာဝန်ကျေရသည်ဟုပင်။ ထိုတာဝန်များသည် မူလတာဝန်အပြင် အခန်းနှင့် လိုက်လျောညီထွေရှိရမည့် အပိုတာဝန်များပါဝင်နေပါသည်။ ယခု UTA-EYU တို့ နေရာတစ်နေရာ ရနေပြီ ဖြစ်ပါသည်။ ရုပ်ပိုင်းတစ်နေရာရသလို အရည်အချင်းတစ်နေရာရရန် ကြိုးပမ်းရပါဦးမည်။ အခွင့်အရေးတစ်နေရာရရန် အားထုတ်ရပါဦးမည်။ လုပ်ပိုင်ခွင့် ဖန်တီးခွင့်တစ်နေရာရရန် ထိုးဖောက်ရပါဦးမည်။ အခန်းရပြီးနောက် ကဏ္ဍသစ်ဖွင့်နိုင်ရန် လိုအပ်ပါဦးမည်။ UTA တို့၏ကဏ္ဍသည် EYU၏ ဂုဏ်ဒြပ် ဖြစ်လာပါပြီ။ မကြာမီ တက္ကသိုလ်တွင်း အပြုသဘောဆောင်သည့် ပြောင်းလဲမှုများ မျက်ဝါးထင်ထင် ပေါက်ဖွားလာနိုင်ပါသည်။ ထိုပြောင်းလဲမှု ခရီးစဉ်တွင် UTA-EYU တို့သည် ဦးဆောင်သည့် ကဏ္ဍမှ လမ်းပြသူများအဖြစ် လိုက်ပါရန် လိုအပ်လာပါသည်။ ပြောင်းလဲမှု၏ ချွင်းချက်များအဖြစ် ကျန်မနေသင့်တော့ပါ။ ပိတ်ထားသောအခန်းတွင်း တိတ်နေသူများ၊ အိပ်နေသူများ၊ အပြင်ကိုချောင်းကြည့်သူများ မဖြစ်သင့်တော့ပါ။
            အခန်းဟူရာတွင် ဆက်တွေးမိပါသည်။ ပိတ်နေသောအခန်းမဖြစ်သင့်၊ ဖွင့်ထားသောအခန်းသာ ဖြစ်သင့်ပါသည်။ ပညာ၊ သုတ၊ သတင်းအချက်အလက်တို့ ဖြည့်သွင်းရန် ဖြန့်ဝေရန် အခန်းဖြစ်သင့်ပါသည်။ ဖွင့်ထားမှအခန်းပီသပြီး စေ့ထားလျှင် ပိတ်ထားလျှင် စတိုခန်းသာဖြစ်နေပေမည်။ သို့အတွက်လည်း အခန်းရလျှင် ကဏ္ဍဖွင့်ရန် တိုက်တွန်းရခြင်း ဖြစ်ပါသည်။
EYUers များ ကိုယ်အခန်း ကိုယ့်ကဏ္ဍ ဖန်တီးနိုင်ပါစေ။
အတွေးဂယက်များ-၂၄ ဆရာလား တရားခံလား (ကိုအော)
ခေတ်ကိုက ပညာခေတ်ဆိုလေတော့ အရာရာ ပညာကိုသုံးရသည်။ ပညာဖြင့်ဖြေရှင်းရသည်။ ပညာဖြင့် တည်ဆောက် ရသည်။ မဖြေရှင်းနိုင်လျှင် မတည်ဆောက်နိုင်လျှင် ပညာမတတ်၍၊ ပညာနည်း၍၊ ပညာမသုံး၍ဟု သုံးသပ် လေ့ရှိသည်။ အရေးကြီးသည့် အရေးပါသည့် ပညာကို တတ်အောင် သိအောင် ဖြည့်ဆည်းသင်ကြား ပေးမည့် သူများက ဆရာပင်ဖြစ်ပါသည်။ ဤတွင် ပညာဝန်းကျင်တွင် နေရသူပီပီ ဆရာဆရာမများကို မြင်ရသည့်အခါ  ဆရာလား တရားခံလားဟု ကြံကြံဖန်ဖန် အတွေးပွားမိပါသည်။
            အစဉ်အလာ လက်ခံခဲ့ကြသော ဆရာဝတ် ` အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့´ ဟူသည်ကို ဖြည့်ကျင့်သူများသည် ဆရာမည်ပါသည်။ ဆရာဝတ်ကိုကြည့်လျှင် စာသင်ရုံသက်သက် သင်ပေးသည်သာမက။ ပဲ့ပြင်ဆုံးမပေးရသူ၊ ဘေးရန်ဆီးကာပေးရသူ၊ သင့်ရာအပ်ပို့ပေးရသူ ဖြစ်ပါသည်။ ဤတာဝန်များ ၀တ္တရားများကို ဖြည့်ကျင့်နိုင်မှ ဆရာမည်ပါသည်။ ဆက်တွေးကြည့်သော် ထိုတာဝန် ၀တ္တရားများ မဖြည့်ကျင့်နိုင်လျှင် ဆရာမမည်တော့ပါ။
            မိမိသင်ကြားပေးခဲ့သည့်သင်ကြားပေးနေသည့်စာသင်သားတပည့်များအပေါ် ဆရာဝတ်နှင့်ညီအောင် ဖြည့်ကျင့် ဆောင်ရွက်ပေးခဲ့ပါသလား ဆောင်ရွက်ပေးနေပါသလား ဟု ဝေဖန်ကြည့်စေလိုပါသည်။ မည်သူကဆရာစင်စစ်ဖြစ်ကြောင်းရဲရဲဝံ့ဝံ့အာမခံရဲပါသနည်း။ဆရာစင်စစ်တို့ကိုကြည်ညိုလိုက်ချင်ပါသည်။ပူဇော်  လိုက်ချင်ပါသည်။ ချီးကျူးဂုဏ်ပြုလိုက်ချင်ပါသည်။
            လစာကျေ တာဝန်ကျေ အလုပ်ကျေ ပြီးပြီးရော စာသင်သည်ကိုသာလုပ်နေ၊ စေတနာကမပါ၊ ဆရာဝမ်းစာက ဟောက်ပက် ၊ ပေးစရာပညာက တူးခြစ်၊ စာဖတ်ပြ၊ ဘာသာပြန်ပြ၊ စာခေါ်ပေး၊ မှတ်စုစာရွက်ပေး လောက်ရုံမျှနှင့် ဆရာမဖြစ်နိုင်ပါ။ အတန်းထဲမှာ စာပြောပြသူ၊ စာရွက်ပေးသူမျှသာ ဖြစ်ပေမည်။ ဆရာမည်ကာမတ္တသာ ဖြစ်ချေမည်။
ပြန်တွေးကြည့်စေလိုပါသည်။ မည်ကာမတ္တ ဆရာလား ဆရာဝတ်ပြည့်ဝသူ ဆရာစစ်စစ်လား။
            ယနေ့ခေတ် လူငယ်များကို မရင့်ကျက်ဘူး၊ အဆင်အခြင်မရှိဘူး၊ အသိပညာ မရှိဘူး၊ ဥာဏ်မပြည့်ဘူး စသည်ဖြင့် လက်ညိုးပေါင်းများစွာဖြင့်  မညှာမတာထိုး၍ အပြစ်ပြောနေကြပါသည်။ ထိုအပြစ်များ မည်သူကြောင့် ဖြစ်ရသနည်း။ ကာယကံရှင် လူငယ်များ လေ့လာနာခံမှု နည်း၍လည်း ဖြစ်နိုင်ပါသည်။ လုံ့လနည်း၍ ဥာဏ်ခံမွဲ၍လည်း ဖြစ်နိုင်ပါသည်။ ဆက်ဆိုရသော် အုပ်ထိန်းသူ မိဘများ အထိန်းအကွပ်ညံ့၍ အသွန်အသင်လွဲ၍ အထောက်အပံ့လို၍ လည်းဖြစ်နိုင်ပါသည်။ ဆက်ကြည့်ပါဦး၊ ဆရာဆရာမများ၏ အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ၊ သိပ္ပမချန်၊ ဘေးရန်ဆီးကာ၊ သင့်ရာအပ်ပို့´ ခြင်း မရှိ၍လည်း ဖြစ်နိုင်ပါသည်။ သူတစ်ပါးကို အပြစ်အပြောကြေး၊ အားမနာတန်း စိစစ်လိုက်လျှင် ဆရာများတွင် အပြစ်ရှိနေပါသည်။ တနည်းဆိုရသော် အပြစ်ရှိသူစာရင်းတွင် ဆရာများလည်း ပါဝင်နေပါသည်။ ဆရာဝတ် မပြည့်သူများ တရားခံဖြစ်နေပါသည်။
            သို့အတွက် ဆရာဆရာမကိုမြင်တိုင်း အတွေးပေါက်လာပါသည်။ ဆရာလား တရားခံလားဟူ၍ပင်။ မျက်ထောင့်နီကြီးများနှင့်ကြည့်၍ အသံစူးစူးနှင့် မေးချင်ကြမှာပါ။ စာရေးသူကရော ဘယ်နေရာက ပါသလဲလို့။ တာဝလမ်းဆုံက လာသမျှကမ်းကုန်အောင် အော်လိုက်ချင်ပါရဲ့။ မအော်ရဲလို့ ခပ်တိုးတိုးပဲ ပြောလိုက်ပါရစေ။ သက်သေပါခင်မြာ ....လို့။
(ဆရာစစ်စစ်တွေမဟုတ်သည့် တရားခံဆရာတွေကိုသာ ကွက်ညွှန်းလိုက်တာပါ။ UTAများ အပြစ်တင်မစောကြပါနှင့်)
EYUers များ ဆရာစစ်ကြပါစေ၊ ဆရာစစ်နှင့်သင်ရပါစေ။
No comments:
Post a Comment
Twitter Bird Gadget