Wednesday, February 13, 2013

“ပြန်လာခဲ့ပါမည် အမိတက္ကသိုလ်ရင်ခွင်ဆီ”(ဒေါက်တာစပါယ်သိန်းပေးပို့သည်)

“ပြန်လာခဲ့ပါမည် အမိတက္ကသိုလ်ရင်ခွင်ဆီ”
         
          အထက်တန်းကျောင်းသူဘ၀ကပင် ရင်ခုန်၊ စိတ်ကူးယဉ်ခဲ့ရသော တက္ကသိုလ်။ မိုးအခါ မြက်ခင်းစိမ်းစိမ်းမှာ စိန်ပန်းတွေ ရဲရဲနီသတဲ့။ ဆောင်းအကုန်၊ နွေအကူးမှာတော့ ကံ့ကော်တွေ မွှေးမြပြီး၊ ဥသြတွန်သံချိုသတဲ့။ အဓိပတိလမ်းအဆုံးမှာ မားမားရပ်နေတဲ့ ဘွဲ့နှင်းသဘင်ကလည်း ခန့်ညားထယ်ဝါပြီး သစ်ပုတ်ပင်၊ ဂျပ်ဆင်၊ ရေတမာပင်တန်းတွေနဲ့ သာယာစိမ်းစိုလွန်းလို့ မြကျွန်းညို လို့ တင်စားတယ် ဆိုပဲ။ အင်းယားကန်ဘောင်ပေါ်က အကြော်ဆိုင်လေးတွေမှာ ထိုင်ဘူးမှ တက္ကသိုလ်ကျောင်းသား ပီသတယ် . . စတဲ့ အညွှန်းတွေကို ဖတ်ရ၊ ကြားရတည်းက သွားချင်လှတဲ့ တက္ကသိုလ်။ ခေတ်တိုင်း၊ ခေတ်တိုင်းရဲ့ ရာဇ၀င်သမိုင်းမှာ ပါဝင်ခဲ့တဲ့ ကျွန်မတို့ရဲ့ အမိ တက္ကသိုလ်။
          ၂၀၀၂ ခုနှစ်ရောက်မှ ရန်ကုန်တက္ကသိုလ်မြေကို ခြေချခွင့်ရခဲ့ပါသည်။ ဘွဲ့နှင်းသဘင်၏ နောက်နားကပ်ရပ်တွင် ဂျပ်ဆင်ရှိလိမ့်မည်ဟူသော ကျွန်မငယ်စဉ်ကအတွေးကို သီးခြားစီ ရပ်တည်နေသော ဘွဲ့နှင်းသဘင်နှင့် ဂျပ်ဆင်တို့က ဣနြေကြီးစွာဖြင့် ပြုံးနေကြပါလိမ့်မည်။ မန္တလေးဆောင် ၀င်ပေါက်မှ ၀င်သည်ဖြစ်စေ၊ အဓိပတိလမ်း မိန်းပေါက်မှ ၀င်ခဲ့သည်ဖြစ်စေ ကျောင်းဝင်းထဲသို့ ခြေတစ်လှမ်းချမိသည်နှင့် ပျော်ရွှင်တက်<ကမိခဲ့ပါသည်။ မိမိကိုယ်ကို ဂုဏ်ယူစိတ်၊ ယုံကြည်စိတ်ချစိတ်များဖြင့် စာသင်ခန်းသို့ အရောက်သွားခဲ့ဘူးပါသည်။ သပ်ရပ်တင့်တယ်သော ဆရာ၊ ဆရာမ များနှင့် တည်ငြိမ်၍ ကျက်သရေရှိသော ပါမောက္ခကြီးများကို အားကျစိတ်ဖြင့် ငေးမောခဲ့ရပါသည်။ တက္ကသိုလ်ဆရာမတစ်ဦးဖြစ်လိုသော စိတ်သည် ထိုအချိန်မှစ၍ ကျွန်မ၏ ရင်တွင်းဝယ် အမြစ်တွယ်ခဲ့မိပါသည်။
          ဘာသာရပ်အလိုက် ကျင်းပသော အားကစားပြိုင်ပွဲများတွင် ကိုယ်တိုင် မဆင်နွဲနိုင်သော်လည်း မိခင်ဌာန၏ ပြိုင်ပွဲတိုင်း တက်တက်ကြွကြွ အားပေးခဲ့သည်။ တေးဂီတ ဖျော်ဖြေပွဲများ အစ၊ တက္ကသိုလ် နှစ်ပတ်လည် ဈေးရောင်းပွဲများအလယ်၊ အာစရိယပူဇော်ပွဲများအဆုံး တစ်ခုမျှ မလွတ်စေရအောင် ဆင်နွဲခဲ့သည်။ ကျွန်မ၏ တက္ကသိုလ်ကျောင်းသူဘ၀တွင် ထိုသို့သော ပျော်ရွှင်မှုများမှလွဲ၍ အခြားသော စိတ်အာရုံများ မထားနိုင်၊ မရှိနိုင်ခဲ့ပါ။ တက္ကသိုလ်ဆရာမ ဖြစ်ရန်ဟူသော ရည်မှန်းချက်က လမ်းမှန်အောင် ဆုံးမပေးခဲ့ပါသည်။
          သင်ယူရမည့် ဘာသာရပ်များကိုသာ စူးစိုက်စွာလေ့လာခဲ့ပါသည်။ ကိုယ်တိုင် ကျောင်းစရိတ်ရှာ၍ တက္ကသိုလ်တက်ရသူအတွက် အချိန်တိုင်း တန်ဖိုးရှိပါသည်။ လှပစွာ ၀တ်စားပြင်ဆင်လာကြသော သူငယ်ချင်းများကိုလည်း ကောင်းစွာသတိမထားမိခဲ့ပါ။ ထူးချွန်သော ပညာရှင်ဖြစ်လိုသော်လည်း ကိုယ်ပိုင်စာကြည့်ချိန် နည်းလှသောကြောင့် ဆရာ၊ ဆရာမများ စာသင်ကြား ပို့ချနေချိန်တွင် အပြည့်အ၀၊ အာရုံစိုက်ထားရပါသည်။
          စာမေးပွဲနီး၍ စာကျက်လျှင်ကား ကျွန်မနှင့် လောကကြီး အဆက်အသွယ်ပြတ်တော့သည်။ လေ့လာကျက်မှတ်ရမည့် စာအုပ်များနှင့် ကျွန်မ ချစ်ခင်၊ လေးစားသော စာရေးဆရာကြီးများ၏ စာအုပ်များ (စိတ်ဓါတ်မကျရန်၊ လက်မလျှော့ရန် တိုက်တွန်းသော စာအုပ်များ) မှလွဲပြီး ကျန်သော အရာများ အားလုံးကို မေ့ထားလိုက်ပါသည်။ စာကျက်၍ ပင်ပန်းလျှင် ခွန်အားဖြစ်စေသော ဆရာကြီးများရေးသားသည့် စာတစ်ပိုဒ် ဖတ်လိုက်၊ ပြီး . . စာပြန်ကျက်လိုက်နှင့် မည်သည့်အချိန် မိုးလင်း၍ မည်သို့ မိုးချုပ်မှန်းပင် မသိပါ။ အိပ်စက်ပြန်လျှင်လည်း အိပ်မက်ထဲအထိ စာကျက်နေခဲ့ရသည်။
၂၀၀၀ ခုနှစ်မှသည် ၂၀၀၉ ခုနှစ်အထိ စာမေးပွဲအောင်စာရင်း ထွက်ချိန်တွင် ဂုဏ်ထူး များစွာနှင့် အောင်မြင်တိုင်း ကျွန်မနှင့်အတူ အဓိပတိလမ်းကြီးက ၀မ်းသာကြည်နူးပေးသလို၊ ၀မ်းနည်း အားငယ်ရတိုင်း ကျွန်မ၏မျက်ရည်စက်များကို အဓိပတိလမ်းမကြီးက နှစ်သိမ့်၊ စာနာပေးခဲ့ပါသည်။ အဘယ်မျှ ပျော်ရွှင်ပါစေ၊ မည်မျှ ၀မ်းနည်းပါစေ ကျွန်မ၏ တစ်ခုတည်းသော ယုံကြည်ချက် ပန်းတိုင်သည်ကား တက္ကသိုလ်ဆရာမ တစ်ဦးဖြစ်ရန်။
          ကျွန်မတို့အပေါ်ထားရှိသော ဆရာ၊ ဆရာမများ၏ မေတ္တာတရား။ ဆရာ၊ ဆရာမတို့အပေါ် လေးစား၊ ကိုင်းညွှတ်ရသော ကျွန်မတို့၏ ရိုသေမှုများ။ ကျောင်းသူ၊ ကျောင်းသားအချင်းချင်း အထက်နှင့်အောက်၊ အတန်းကြီးနှင့် အတန်းငယ် အပြန်အလှန် ကူညီဖေးမသော စေတနာများကို နားလည်၊ ခံစားမိသော ကျွန်မသည် တက္ကသိုလ်ဆရာမ တစ်ဦး ဖြစ်လိုသည်မှာ မထူးဆန်းပါ။ မြန်မာပြည် တစ်နံတစ်လျား တိုင်းရင်းသားညီအကို မောင်နှမများ၏ ရိုးရာယဉ်ကျေးမှုဓလေ့များနှင့် သာယာလှပသော ရေမြေ တောတောင် သဘာဝတို့ကို စူးစမ်းလေ့လာချင်သည့် ကျွန်မသည် ပြည်နယ်၊ တိုင်း အသီးသီးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်မည့်  တက္ကသိုလ်ဆရာမ အဖြစ် ရည်ရွယ်သည်မှာ (ကိုယ့်သဘောနှင့်ကိုယ်) သင့်လျှော်ညီညွတ်လှသည်။
          ထိုကဲ့သို့သော အကြောင်းတရား များစွာဖြင့် တစ်စိုက်မတ်မတ် ပန်းတိုင်သို့ ဦးတည်ခဲ့ သော်လည်း ၂၀၀၉ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနအောက်ရှိ အဆင့်မြင့်ပညာဦးစီးဌာနမှ နည်းပြ၊ သရုပ်ပြ ရာထူးများ ခေါ်သောအခါ ကျွန်မ စိတ်ဓါတ်ကျသွားရသည်။ “ပညာအရည်အချင်း - မဟာဘွဲ့ရသူ ဖြစ်ရမည်” ဆိုသည်မှာ မှန်ကန်သည်။ ကျွန်မ မတုန်လှုပ်။ ထိုအချိန်တွင် မဟာဘွဲ့နှင့် မဟာသုတေသနဘွဲ့ ရရှိပြီးရုံမျှမက ပါရဂူဘွဲ့အတွက် သုတေသနများပင် ပြုလုပ်နေပြီ။ “အသက်ကန့်သတ်ချက် – ၃၀နှစ်ထက် မကျော်ရ။ ၀န်ထမ်းဖြစ်ပါက ၃၅နှစ်ထက် မကျော်ရ” ဆိုသည့်အချက်မှာ ကျွန်မအား တိုက်ရိုက် ထိခိုက်စေတော့သည်။ အခြေအနေ အရပ်ရပ်ကြောင့် ကျောင်းများ ပိတ်ထားသဖြင့် ၁၉၉၄ ခုနှစ်တွင် အခြေခံပညာအထက်တန်းအောင်မြင်ခဲ့သူ။ တက္ကသိုလ်တက်သည့်အချိန်တွင် တစ်နှစ်တစ်တန်း အောင်မြင်သော်လည်း ၂၀၀၃ ခုနှစ်တွင်မှ ၅-နှစ် တက်ရသော သိပ္ပံ(ဂုဏ်ထူး)ဘွဲ့ ရရှိ၍ ၂၀၀၅ ခုနှစ်တွင် မဟာသိပ္ပံဘွဲ့၊ ၂၀၀၆ ခုနှစ်တွင် မဟာသုတေသနဘွဲ့ ပိုင်ဆိုင်ကာ ၂၀၀၉ ခုနှစ်တွင် ပါရဂူကျမ်းပြုစုနေသော ကျွန်မ၏အသက်သည် ၃၀ ကျော်ခဲ့ပြီ။
          ငွေကြေး၊ အချိန်၊ စိတ်ခံစားမှုများစွာ အရင်းတည်၍ ရည်ရွယ်ချက်အတွက် ပညာရေး နယ်ပယ်တွင် မြှပ်နှံထားခဲ့သော ဘ၀သည် အချည်းနှီးဖြစ်ပေပြီ။ မဟာသိပ္ပံဘွဲ့ ပြီးသည်နှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်မတက်ပဲ လုပ်ငန်းခွင် ၀င်နေသော ကျွန်မနှင့် အတန်းတူ သူငယ်ချင်းအချို့ တရားဝင် ၀င်ခွင့်ဖြေဆိုနိုင်သည်။ “အို . . . အသင်လောက၊ ဘာတွေဖြစ်ကုန်ပြီနည်း” ဟုသာ အော်ဟစ်လိုက်ချင်ပါတော့သည်။
          တက္ကသိုလ်ဆရာ၊ ဆရာမ ဖြစ်ရန် ငယ်ရွယ်နုပျိုမှုသည် အရေးကြီးသလား။ မဟာဘွဲ့နှင့် အစိုးရ၀န်ထမ်းဖြစ်ရန် အရေးကြီးသလား။ သက်ဆိုင်ရာ ဘာသာရပ်နယ်ပယ်တွင် ထူးချွန်၊ ကျွမ်းကျင်ရန် အရေးကြီးလား။ ကျွန်မ မတွေးတတ်တော့ပါ။ ထိုကာလအတွင်း မြေပြင်တွင် ပြားပြားဝပ်နေသော စိတ်ဓါတ်အား ပြန်လည်ထူမတ်ရန် အတော်ပင်ကြိုးစားခဲ့ရပါသည်။
          “ကံ” ဆိုသည်မှာ “အလုပ်”။ ကြိုးစားမှ ကံကောင်းမည်ဟု တစ်သက်တာလုံး ယုံကြည်စွဲမှတ် ထားသော၊ မူလတန်းအရွယ်မှ စ၍ စာဖတ်အားကောင်းခဲ့သော၊ ဘာသာရပ် ပြဋ္ဌန်းစာအုပ်များ သာမက စာမျိုးစုံဖတ်သော ကျွန်မသည် မြန်မာစာ၊ အင်္ဂလိပ်စာ၊ အထွေထွေဗဟုသုတ တည်းဟူသော စာမေးပွဲတွင် ရှေးက ပြုခဲ့ဘူးသော ကုသိုလ်တို့ကိုသာ မျက်စေ့မှိတ် ယုံကြည်လိုက်ရ၍ ဆူး စူးတော့သည်။ မိမိကိုယ်ကို ရှက်ခြင်း၊ ဆရာသမားများနှင့် အသိုင်းအ၀ိုင်းတစ်ခုလုံးအား ရင်မဆိုင်လိုခြင်း များစွာနှင့် တက္ကသိုလ် ပတ်ဝန်းကျင်အား စွန့်ခွာရန်အထိ ဆုံးဖြတ်မိပါသည်။
          နှစ်ရှည်လများ ကြိုးစား၊ တည်ဆောက်ထားသော ဘ၀တစ်ခုဖြစ်၍သာ အလွယ်တကူ မပြိုပျက်ခြင်း ဖြစ်သည်။ ကျွန်မ၏ စိတ်ဓါတ်ခိုင်မာမှုကို စမ်းသပ်သည်ဟုသာ သဘောထားလိုက် ရပါသည်။
မကြာမှီ မဟာတန်းများမှ ပါရဂူတန်းများအထိ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲအား ဖြေဆိုအောင်မြင်သော အခါတွင်မှသာ မိမိကိုယ်ကို ယုံကြည်မှု ပြန်လည် တည်ဆောက်နိုင်ခဲ့ပါသည်။
          နေ့စဉ်၊ နေ့တိုင်း မိမိဘာသာ မေးမိသည်။ “ပါရဂူဘွဲ့ ရလျှင် ဘာလုပ်မည်နည်း။” အဖြေမရှိပါ။ ထိုအချိန်တွင် ၀င်ငွေအသင့်အတင့် ရှိနေသော်လည်း ဘ၀ကို မကျေနပ် နိုင်သေးပါ။ သက်ဆိုင်ရာ ၀န်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် တရားဝင် ပညာတော်သင် သွားရခြင်းမျိုးဖြင့်သာ နိုင်ငံတကာသို့ သွားလိုပါသည်။ နိုင်ငံခြားမှ ပညာရှင်များနှင့် ရင်ဘောင်တန်းနိုင်သည်အထိ ကြိုးစားကြည့်ချင် ပါသေးသည်။
ပန်းတိုင်ပျောက်နေချိန်တွင် ကျွန်မ ဖတ်ဘူးသော မဟာဇနက္ကဇာတ်တော်မှ စာသားတစ်ချို့ကို သတိရမိသည်။ ကမ်းမမြင်၊ လမ်းမမြင်သော မဟာသမုဒ္ဒရာတွင် ကူးခတ်နေသော ဇနက္ကမင်းသား အား မေခလာနတ်သမီးမှ အဘယ်ကြောင့် ယခုကဲ့သို့ အားထုတ်နေကြောင်း မေးသော် မင်းသားက “လုံ့လ၊ ၀ီရိယ အကျိုးကို ငါမြင်၍ ကူးခတ်သည်” ဆိုသည့် စကားအား မကြာခဏ တစ်ကိုယ်တည်း ရေရွတ်ရင်း အားတင်းထားရသည်။
၂၀၁၁ ခုနှစ်တွင် ပါရဂူဘွဲ့ရရှိသော်လည်း ၀န်ကြီးဌာနတစ်ခုတွင် သာမာန်ဝန်ထမ်းအဖြစ် အလုပ်ဝင်ခဲ့သည်။ ကျွန်မ ရောက်ရှိသော နေရာတိုင်းတွင် လေ့လာသင်ယူရန် ဘာသာရပ်များစွာ ရှိနေပါသည်။ ကျယ်ပြန့်လှသော ဘာသာရပ်နယ်ပယ်များစွာကို ကျွန်မ စိတ်ဝင်စားပါသည်။ ယခုအချိန်တွင် ကျွန်မပြုလုပ်လိုသော သုတေသနများကို ကူညီအားပေးသော ဌာနတွင် ပျော်မွေ့ နေသော်လည်း . . .။
          ၂၀၁၂ ခုနှစ်၊ မတ်လ (၃၀)ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပညာရေး ၀န်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် နည်းပြ၊ သရုပ်ပြ ရာထူးများ လျှောက်ထားရန် ဆိုသည်ကို ဖတ်မိသောအခါ အနာဖေးတက်၍ တည်ငြိမ်စပြုနေသော ဒဏ်ရာဟောင်း ပြန်ပေါ်လာသည်။ ကြေညာချက်ကို အားတင်း၍ ဖတ်ကြည့်သောအခါ “ပညာအရည်အချင်း - အနိမ့်ဆုံး မဟာဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။ အသက် ကန့်သတ်ချက် – ၂၀၁၂ ခုနှစ်၊ မေလ ၃ ရက်နေ့တွင် အသက် ၃၅ နှစ်ထက် မကျော်လွန်သူ၊ မဟာသုတေသနဘွဲ့ ရရှိပြီးသူဖြစ်ပါက ၃၇ နှစ်ထက် မကျော်လွန်သူ၊ ပါရဂူဘွဲ့ ရရှိပြီးသူ ဖြစ်ပါက ၄၂ နှစ်ထက် မကျော်လွန်သူ ဖြစ်ရမည်။” ၀မ်းသာစိတ်များ လူတစ်ကိုယ်လုံး ပျံ့နှံ့သွားသည်။ “ဖြေဆိုရမည့် ဘာသာရပ်- အင်္ဂလိပ်စာ၊ သက်ဆိုင်ရာ ဘာသာရပ်။” ဤစာကြောင်း အရောက်တွင် ကျေနပ်စိတ်များဖြင့် မျက်ရည်များဝဲလာသည်။ ဟုတ်ပါသည်။ အနာဂါတ်၏ မျိုးဆက်သစ်များကို လေ့ကျင့်၊ သင်ကြားပေးမည့်သူများအား ယခုကဲ့သို့ ရွေးချယ်သင့်ပါသည်။
          ကြေငြာချက် အဆုံးနားတွင် “ပါရဂူဘွဲ့ ရရှိပြီးသူများသည် လူတွေ့နှုတ်ဖြေကိုသာ ဖြေဆိုရမည်” တဲ့ . .။ ဘုရား . . ဘုရား။ ကျွန်မ၏ မျက်စေ့အား မယုံနိုင်လောက်အောင်ပင်။ သေချာစေရန် ထပ်ခါ၊ ထပ်ခါ ဖတ်မိသည်။ ချက်ခြင်းပင် ကျွန်မနှလုံးသားထဲမှ ကံ့ကော်ရနံ့ကို ရလိုက်မိသလို ခံစားရသည်။
          ဒီဘ၀ ဒီမျှသာဟု စိတ်လျှော့ထားသော အိပ်မက်ဟောင်း။ ယခုအချိန်တွင် တက္ကသိုလ် ဆရာမများဖြစ်နေသော ကျွန်မထက် အသက်ရော၊ အတန်းပါ ငယ်ရွယ်သည့် ညီမလေးများနှင့် ဆုံတွေ့တိုင်း ဖြစ်မိသော သိမ်ငယ်စိတ်။ ရောက်ရှိသည့် နေရာဌာနတွင်သာ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါတော့မည်ဟု အားတင်းထားရသည့်စိတ်များ။
          ၃-နှစ်တာ ကာလအတွင်း ခံစားခဲ့ရသမျှကို မေ့လိုက်ပါတော့မည်။ နှလုံးသားထဲမှ ကံ့ကော်ရနံ့၏ ခေါ်ဆောင်ရာအတိုင်း အမိတက္ကသိုလ်ရင်ခွင်သို့ ပြန်လာခဲ့ပါမည်။ ကျွန်မအား အမိ တက္ကသိုလ်မှ ပြန်လည်လက်ကမ်းကြိုဆိုမည် ဆိုပါက ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်သည့်နေရာတွင် ကျွန်မတတ်စွမ်းသမျှ အုတ်လေးတစ်ချပ်၊ သဲပွင့်ငယ် တစ်မှုန်အဖြစ် ပါဝင်ပါမည်။ ကျွန်မ၏ရင်တွင်းမှ ထွန်းလင်းနေသော ဆီမီးတိုင်လေး တစ်တိုင်အား အကြိမ်ကြိမ်၊ အဖန်ဖန် လက်ဆင့်ကမ်း ထွန်းညှိပေးခြင်းဖြင့် ပညာဟူသော အလင်းရောင် အ၀န်းအ၀ိုင်း ကျယ်ပြန့်စေပါမည်။ မမျှော်လင့်ရဲသော်လည်း မ၀ံ့မရဲဆုတောင်းမိပါသည်။ ကျွန်မတို့ ပေးဆပ်၊ မြှပ်နှံခဲ့ရသော အချိန်အတိုင်းအတာအရ သင့်လျှော်သော နေရာတစ်ခုများ သတ်မှတ်ပေးခဲ့မည် ဆိုပါလျှင် အတိုင်းထက်အလွန် ပျော်ရွှင်မိပေမည်။
          ကျွန်မတို့အပေါ် ကိုယ်ချင်းစာတရားဖြင့် စာနာ၊ နားလည်ပေးခဲ့သော တာဝန်ရှိသူ အားလုံးကို လေးစား၊ ကျေးဇူးတင်စွာဖြင့် . . . ။

                                                                                                                                       ရှင်းသန့်လွင်
                                                                                                                                       7 day News Journal
                                                                                                                                          အတွဲ၁၁၊ အမှတ် ၈
                                                                                                                                  ၂၀၁၂ခုနှစ်၊ မေလ ၃ ရက်

No comments:

Post a Comment

Twitter Bird Gadget