Friday, February 1, 2013

အသင်း၏ရုံးခန်းနှင့်အစည်းအဝေများကျင်းပရန်ခန်းမများတောင်းဆိုခဲ့ခြင်း

သို့
            ပြည်ထောင်စုဝန်ကြီး
            ပညာရေးဝန်ကြီးဌာန
စာအမှတ်            ။တဆအ(ထက်/အောက်)/တောင်းဆို(ရုံး/ အစည်းအဝေး)/၀န်ကြီး/(၁)၂၀၁၂
နေ့စွဲ                  ။၂၀၁၂ ခုနှစ်၊ ဒီဇင်္ဘာလ ( ၁၀ ) ရက်နေ့

အကြောင်းအရာ။               တက္ကသိုလ်ဆရာ/ဆရာမအသင်းများ၏ရုံးခန်းနှင့်အစည်းအဝေးခန်းမများတက္ကသိုလ်အသီး သီးတွင်စီစဉ်ဆောင်ရွက်ပေးပါရန်တောင်းဆိုခြင်း
                        ၁။         အထက်ပါအကြောင်းအရာနှင့်ပတ်သက်၍ အလုပ်သမားအဖွဲ့အစည်းဥပဒေ (၂၀၁၁)နှင့် အလုပ်သမားအဖွဲ့အစည်း နည်းဥပဒေများနှင့်အညီဖွဲ့စည်းခဲ့သော အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်တက္ကသိုလ်များရှိ တက္ကသိုလ်ဆရာ/ဆရာမ အသင်းများသည် မြန်မာနိုင်ငံ၏ပညာရေးအဆင့်အတန်းနိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရေး၊ ကျောင်းသူ၊ကျောင်းသားများ၏ ပညာရေးအဆင့်အတန်းများလက်တွေ့ကျကျမြှင့်တင်ရေး၊ ကျောင်းသားကျောင်းသူများ၏ အခက်အခဲများကိုမိမိတို့ တတ်စွမ်း သည့်ဖက်မှ ကူညီဖြေရှင်းပေးရေး၊ တက္ကသိုလ်ဆရာ၊ဆရာမများ၏ လူမှုဘ၀များမြှင့်တင်ပေးရေး စသည့်မွန်မြတ်သောရည်ရွယ် ချက်များကိုအခြေခံပြီဖွဲ့စည်းခဲ့ရာ ၂၀၁၂ ခုနှစ်၊ စက်တင်္ဘာလ (၂၄) ရက်နေ့တွင် နိုင်ငံတော်အစိုးရမှ တရားဝင်အသင်းအဖွဲ့ များအဖြစ် အသိအမှတ်ပြုလက်မှတ်များထုတ်ပေးခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ တက္ကသိုလ်ဆရာ/ဆရာမအသင်းများအား နိုင်ငံတော် မှတရားဝင်အသင်းအဖွဲ့များအဖြစ် အသိအမှတ်ပြုခဲ့ပြီဖြစ်ကြောင်းကို တက္ကသိုလ်အသီးသီးရှိ ပါမောက္ခချုပ်များထံသို့ တရားဝင် အကြောင်းကြားစာများပေးပို့ခဲ့ပြီးဖြစ်ပါသည်။
၂။         ၄င်းအကြောင်းကြားစာနှင့်အတူ အချို့တက္ကသိုလ်များတွင် အသင်း၏ရုံးခန်းနှင့်အစည်းအဝေးခန်းမများရရှိရေး အတွက် သက်ဆိုင်ရာတက္ကသိုလ်ပါမောက္ခချုပ်များထံသို့လိပ်မူပြီး တရားဝင်စာတင်ခဲ့သော်လည်း သက်ဆိုင်ရာပါမောက္ခချုပ် များထံမှ ပူးပေါင်းပါဝင်မှုမရှိခဲ့ပါသောကြောင့် အသင်းများအတွက် အဆင်မပြေမှုများ၊ အခက်အခဲများဖြစ်ပေါ်ခဲ့ရပါသည်။ တက္ကသိုလ်မှတာဝန်အရှိဆုံးဖြစ်သော ပါမောက္ခချုပ်များအပါဝင်တာဝန်ရှိသူများသည် အထက်ဦးစီးဌာန၏ညွှန်ကြားမှုကိုခံယူ ကာ ချက်ချင်းဆောင်ရွက်ပေးပါမည်ဟုကတိပေးခဲ့ကြပါသော်လည်း အထက်ဦးစီးဌာနမှတရားဝင်ညွှန်ကြားချက်များ ရောက်ရှိ လာသောအခါ ပေးထားသည့်ကတိများကို လိုက်နာရန်ပျက်ကွက်ခဲ့ကြသည့်အပြင် အသင်းမှတာဝန်ရှိသူများကိုလည်း မောက်မာရင့်သီးစွာဖြင့်ဆက်ဆံခဲ့သည်များကိုကြုံတွေ့ခဲ့ကြရပါသည်။   ထို့ပြင်၊ ပါမောက္ခ/ဌာနမှူးများကိုလည်း အခန်းများကို စာသင်ခန်းများအဖြစ်အသုံးပြုနေရ၍ အခန်းများလစ်လပ်မှုမရှိကြောင်းကို လက်မှတ်များရေးထိုးစေခဲ့ပါသည်။ အဆိုပါ အခြေအနေအရပ်ရပ်များမှာ တက္ကသိုလ်အသီးသီးရှိဆရာ/ဆရာမအသင်းများအနေဖြင့် ရင်ဆိုင်ကြုံတွေ့နေကြရသော အခြေအနေအမှန်များဖြစ်ပါသည်။ အထက်ဖေါ်ပြပါ အခြေအနေအရပ်ရပ်ကို ပြန်လည်သုံးသပ်ပါက သက်ဆိုင်ရာပါမောက္ခချုပ် မျာ အနေဖြင့် -  
(က)      ၄င်းတို့ပေးထားသောကတိကို လိုက်နာရန်ပျက်ကွက်ခဲ့ခြင်းသည် ခေါင်းဆောင်ကောင်းပီသစွာ မိမိပေးထား သည်ကတိအပေါ် တာဝန်ယူမှုနှင့် တာဝန်ခံလိုစိတ်များမရှိခြင်း၊                 
(ခ)        တက္ကသိုလ်တစ်ခု၏ တာဝန်အရှိဆုံးသူဖြစ်ပါသော်လည်း ရုံးစည်းကမ်းလုပ်ထုံးလုပ်နည်းများနှင့်အညီ အသင်းအား တရားဝင်အကြောင်းကြားစာ အသိအမှတ်ပြု ပြန်ကြားခြင်းမပြုခြင်းသည် ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုပြဌာန်းပြီး၊ နိုင်ငံတော်သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ပေးခဲ့ သောအလုပ်သမားအဖွဲ့အစည်းဥပဒေ၊ နည်းဥပဒေများနှင့် အညီဖွဲ့စည်းထားသော နိုင်ငံတော်အသိအမှတ် ပြုတရားဝင်အသင်းတစ်သင်းအား အသိအမှတ်ပြုလေးစားမှုမရှိခြင်း၊ နိုင်ငံတော်၏ပြုပြင်ပြောင်းလဲရေးလုပ် ငန်းစဉ်များကိုလည်း လက်ခံအသိအမှတ်မပြုခြင်း၊ နှင့် နောက်ကြောင်းပြန်ဆွဲလိုခြင်း၊
(ဂ)        အသင်း၏တောင်းဆိုမှုနှင့်တိုက်ရိုက်ပတ်သက်သည့် အထက်ဌာနမှညွှန်ကြားချက်အား အသင်းအား အသိ ပေးမှုမရှိခြင်း၊ ဖုံးကွယ်ထားခြင်းတို့သည် နိုင်ငံတော်အစိုးရမှ အကောင်အထည်ဖေါ်ဆောင်နေသော ဒီမိုကရေစီစနစ်နှင့်ဆန့်ကျင်စွာ ပွင့်လင်းမြင်သာမှုမရှိခြင်း၊
(ဃ)      ယခုနှစ် ကမ္ဘာဆရာများနေ့ဆောင်ပုဒ်ဖြစ်သော “ဆရာများဘက်မှရပ်တည်ကြ” (Take a Stand for Teachers) ဆိုသည့်ကြွေးကြော်သံကို စာရွက်ပေါ်တွင်သာ လူကြားကောင်းရုံသက်သက်သာထားရှိလိုပြီး ဆရာကောင်း/ဆရာမကောင်းများ၏ စိတ်ဓာတ်ပြည်ဝစွာ လိုက်နာအကောင်အထည်ဖော်လိုစိတ်လုံးဝ မရှိခြင်း စသည့်အခြေအနေများကို ကျွန်ုပ်တို့ တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ သုံးသပ်တွေ့ရှိရ ပေသည်။
၃။         ထိုအခြေအနေ အရပ်ရပ်သည် သက်ဆိုင်ရာတက္ကသိုလ်အသီးသီးအတွက်သော်လည်းကောင်း၊ အသင်းများ အတွက်သော်လည်းကောင်း၊ တက္ကသိုလ်အသိုင်းအ၀ိုင်းတစ်ခုလုံးအတွက်သော်လည်းကောင်း သက်ဆိုင်ရာ ပါမောက္ခချုပ်များ ကိုယ်တိုင်နှင့် ဆရာ၊ဆရာမအားလုံးအတွက်သော်လည်းကောင်း အပြုသဘောဆောင်သော ရလာဒ်များကိုဆောင်ကြဉ်းပေးနိုင် မည်မဟုတ်ဟု ကျွန်ုပ်တို့အသင်းများအားလုံးမှ တစ်ညီတစ်ညွတ်တည်းယုံကြည်ကြပါသည်။ အပြန်အလှန်လေးစားမှု၊ ရိုးသားမှု၊ ပူးပေါင်းဆောင်ရွက်မှုများသည်သာ အခြေအနေအရပ်ရပ်အားလုံးအတွက် အကျိုးဖြစ်ထွန်းစေမည်ဟု ကျွန်ုပ်တို့အသင်းများမှ အလေးအနက်ယုံကြည်ပါသည်။ ကျွန်ုပ်တို့တက္ကသိုလ်ဆရာ/ဆရာမအသင်းများနှင့် တက္ကသိုလ်အသီးသီးမှ သက်ဆိုင်ရာ ပါမောက္ခချုပ်များအပါအ၀င် တာဝန်ရှိသူများကြားကွဲလွဲမှုကို ငြိမ်းချမ်းသောနည်းဖြင့်သာ ဖြေရှင်းပြေလည်စေနိုင်ရန် ကျွန်ုပ်တို့ အသင်းများအားလုံးမှ တစ်ညီတစ်ညွတ်တည်း ဆန္ဒရှိကြပါသည်။
၎။         ကျွန်ုပ်တို့တက္ကသိုလ်ဆရာ/ဆရာမအသင်းများသည် လူတစ်ဦးတစ်ယောက်အတွက် ပုဂ္ဂိုလ်ရေးဆိုင်ရာအကျိုး ပေါ်တွင်အခြေခံထားခြင်းမဟုတ်ဘဲ မြင့်မားမွန်မြတ်သောရည်မှန်းချက်များဖြင့် ဖွဲ့စည်းထားသောအသင်းများ ဖြစ်ပါသည်။ နိုင်ငံတော်သမ္မကြီးက “အရပ်ဖက်လူမှုအဖွဲ့အစည်းများ အားကောင်းလာခြင်းသည် ဒီမိုကရေစီထွန်းကားရေးကို အထောက် အကူပြုသည်” ဟူသောမိန့်ကြားချက်ကို ကျွန်ုပ်တို့အသင်းများမှ အလေးအနက်ယုံးကြည်ပြီး မိမိတို့ကျရာ အခန်းကဏ္ဍမှ ဦးလည်မသုန် ဖော်ဆောင်သွားရန်အဓိဌာန်ပြုထားပြီးဖြစ်ပါသည်။ အသင်း၏ရုံးခန်းနှင့်အစည်းအဝေခန်းမများရရှိရေးသည် ကျွန်ုပ်တို့အသင်းများအတွက် အသက်တစ်မျှအရေးကြီးလှသောအခြေခံလိုအပ်ချက်တစ်ခုဖြစ်သည်ဟု အသင်းများမှ တစ်ညီ တစ်ညွတ်တည်းခံယူပြီး လိုအပ်သည့်နည်းလမ်းပေါင်းစုံကို အသုံးပြုအကောင်အထည်ဖေါ်ဆောင်သွားရန် အသင်းများအား လုံးမှ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ချက်ချခဲ့ပြီးဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အသင်းအသီးအသီးအတွက် လိုအပ်နေသော ရုံးခန်းနှင့် အစည်းအဝေးခန်းမများကို သက်ဆိုင်ရာတက္ကသိုလ်အသီးသီးတွင် ယခုစာလက်ခံရရှိသည့်နေ့မှ တစ်လ(၁-လ) အတွင်းစီစဉ်ပေးပြီး နိုင်ငံတော်သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် တစ်တပ်တစ်အားပါဝင်ပေးပါရန်နှင့် အခြေအနေအရပ်ရပ်ကို အသင်းများသို့တရားဝင်အကြောင်းကြားစာများပေးပို့နိုင်ပါရန် တင်ပြအပ်ပါသည်။
တက္ကသိုလ်ဆရာ/ဆရာမများအသင်း
ရန်ကုန်တက္ကသိုလ်
တက္ကသိုလ်ဆရာ/ဆရာမများအသင်း
မန္တလေးက္ကသိုလ်
တက္ကသိုလ်ဆရာ/ဆရာမများအသင်း
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်

တက္ကသိုလ်ဆရာ/ဆရာမများအသင်း
မန္တလေးနိုင်ငံခြားဘာသာက္ကသိုလ်

တက္ကသိုလ်ဆရာ/ဆရာမများအသင်း
ဒဂုံတက္ကသိုလ်

တက္ကသိုလ်ဆရာ/ဆရာမများအသင်း
ရတနာပုံတက္ကသိုလ်


တက္ကသိုလ်ဆရာ/ဆရာမများအသင်း
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်


တက္ကသိုလ်ဆရာ/ဆရာမများအသင်း
မန္တလေးအဝေးသင်တက္ကသိုလ်








                                                                                               
မိတ္တူကို -
-       နိုင်ငံတော်သမ္မတ
-       ဥက္ကဋ္ဌ၊ ပြည်သူလွှတ်တော်
-       ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်
-       ဒုတိယဥက္ကဋ္ဌ၊ ပြည်သူလွှတ်တော်
-       ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်
-       ပြည်ထောင်စုဒုတိယ၀န်ကြီးများ၊ ပညာရေးဝန်ကြီးဌာန
-       Country Representative to Myanmar, International Labour Organization (ILO)
-       Regional Coordinator to Asia-Pacific, Education International (EI)
-       ပါမောက္ခချုပ်များ
-       ဒုတိယပါမောက္ခချုပ်များ
-       သက်ဆိုင်ရာခရိုင်မှတ်ပုံတင်အရာရှိ၊ အလုပ်သမားဦးစီးဌာန
-       အလုပ်သမားအခွင့်အရေးများစောင့်ကြည့်ရေးအဖွဲ့
-       ရုံးလက်ခံ

No comments:

Post a Comment

Twitter Bird Gadget