Sunday, February 10, 2013

အပြစ်မဲ့ ပန်းကလေးများ မနွမ်းကြေစေချင်(ဒေါက်တာစပါယ်သိန်းပေးပို့သည်)


အပြစ်မဲ့ ပန်းကလေးများ မနွမ်းကြေစေချင်

သစ်ပင်ကြီးများ နည်းပါး၍ ကားသံ၊ လူသံ ဆူညံသော မြို့လယ်တွင် နေခဲ့ရသောကြောင့် ရှေးယခင် နွေဦးရာသီများဆီက ဥသြတွန်သံများကို ကြားခဲ့ဖူးသော်လည်း အမှုမဲ့၊ အမှတ်မဲ့။ တေးပြုစာဆိုများ၊ စာရေးဆရာ၊ ကဗျာဆရာများစွာတို့က ဥသြကို အလွမ်းငှက်လေး အဖြစ် တင်စားကြသည်ကို ကြားဖူး၊ ဖတ်ဖူးခဲ့သော်လည်း အာရုံဝယ် စွဲမထင်။
ယခုနှစ်တွင် ရန်ကုန်မြို့လယ်မှ မြို့သစ်တစ်ခုသို့ ပြောင်းရွှေ့ခဲ့ပါသည်။ ကားမီးခိုးနံ့၊ ညော်နံ့မျိုးစုံတို့ဖြင့် မွန်းကျပ်သော အဖြစ်မှသည် လတ်ဆတ်သော လေကောင်း၊ လေသန့်များ ရှုရှိုက်ခွင့်ရသော အဖြစ်သို့။ ၂၄ နာရီလုံးလုံး စက္ကန့်မလပ် ဆူညံသော နေရာမှသည် မနက်ခင်းတွင် ကျေးငှက်တို့အသံဖြင့် နိုးထရ၍ ညချမ်းတွင် ပိုးမွှား၊ ပုရစ်သံတို့မှအပ ဆိတ်ငြိမ်စွာ အိပ်စက်ခွင့်ရသော ဒေသသို့။
မတ်လ အလယ်လောက်တွင် ဥသြငှက် တစ်ကောင်၏ အသံကို ကျွန်မ စတင်ပြီး သတိထားမိပါသည်။ မပီကလာဖြင့် ဟစ်ကြွေးနေသောကြောင့် ငှက်ငယ်ပေါက်စလေး ဖြစ်နိုင်သည်။ ကလေးငယ်လေး တစ်ယောက်၏ အသံအတိုင်းပင်။ ကျွန်မတို့အိမ်ဝန်းကျင်တွင် ဟိုမှသည်မှ ပျံသန်းရင်း မရပ်မနား အသံပြုနေရှာသည်။ ဥသြ . . ဥသြဆိုသော အသံကလေးမှာ အစပိုင်းတွင် ခပ်ခြားခြား။ နောက်ပိုင်း စိတ်ဆိုးမာန်ဆိုးဖြင့် ဆက်တိုက် အော်ဟစ်နေသည်မှာ သနားစဖွယ်။
            သူ့၏မိခင် ဥသြငှက်မသည် ကျီးငှက်သိုက်ထဲတွင် ၀င်ဥခဲ့ပါလိမ့်မည်။ ကျီးဥနှင့် ဥသြဥတို့မှာ ဆင်တူ၍ ကျီးမကြီးက အတူပင်ဝပ်ပြီး အကောင်ပေါက်စေခဲ့ပါလိမ့်မည်။ ငှက်ပေါက်စလေးများ ကိုလည်း သာတူညီမျှ ပြုစုစောင့်ရှောက်ခဲ့ပါလိမ့်မည်။ ထိုအချိန်အထိ ဥသြလေးမှာ အေးချမ်းစွာ နေခဲ့ရပါလိမ့်မည်။
အရွယ်ရောက်စ အသံမြည်စတွင် ကျီးကလေးတို့က “အ . .အ” အော်မြည်ချိန် ဥသြလေးကလည်း “ဥသြ” ဟု အော်မိပေလိမ့်မည်။ မိမိရင်သွေးမဟုတ်မှန်း သိသွားသော ကျီးမက နှုတ်သီးဖြင့် ဆိတ်ကာ၊ ဆိတ်ကာ အသိုက်မှ မောင်းထုတ်လိုက်ရာ မိဘမဲ့ရှာသော သနားစရာ ငှက်ကလေးမှာ ခိုနားရာ အသိုက်မဲ့၊ ရင်ခွင်ပျောက်တော့သည်။
မနက်ခင်းမှသည် ညနေတိုင်အောင် မမောမပန်း ဟစ်အော်နေရှာသည်။ ညနေစောင်း အိပ်တန်းတက်ချိန်တွင် သူ့အသံ မကြားရတော့။ ညနေအလင်းရောင် မှောင်ရီဝိုးဝါးကို အားကိုး၍ ဘယ်အသိုက်သို့ အိပ်တန်းတက်သည် မသိ။ တစ်ခါတစ်ရံ ညနက်သန်းခေါင်တွင် အလန့်တကြား ထအော်လိုက်သော ဥသြလေးကြောင့် အိပ်ယာမှ နိုးရပြန်သည်။ နံနက် လေးနာရီခန့်တွင်ကား နိုးစက်ပင်မလို။ ဥသြ . . ဥသြ ဆိုသည့် ငှက်သံ သေးသေးလေးက စူးစူးရှရှ မြည်စမြဲ။
ဥသြပေါက်စ စွာတေးလေးကား နှစ်ပတ်ခန့် ဆက်တိုက် အော်ဟစ်ပြီးသောအခါ အသံမကြားရတော့။ မိခင်ရင်းနှင့်ပင် ပြန်တွေ့လေသလား။ အတောင်စုံ အရွယ်ရောက်၍ အဝေးပျံသွားလေသလား။ ကျွန်မ မသိပါ။ သူ့အသံလေး မကြားရ၍ စိတ်ထဲ တစ်စုံတစ်ခု လိုနေသလိုပင်။ သိပ်မကြာပါ။ အသံသေးသေးလေးဖြင့် ဆက်ကာ၊ ဆက်ကာ အော်မြည်နေသော ဥသြသံလေး။ သေချာ နားစိုက်ထောင်သောအခါ ယခင်ငှက်ကလေး မဟုတ်။ လေယူ၊ လေသိမ်း အသံ အနိမ့်အမြင့်မတူ။ သည်တစ်ကောင်ကား ဒေါသသံမပါ။ သနားစဖွယ် လေးတွဲ့တွဲ့ အသံလေးဖြင့်။ တစ်ကောင်အော်မြည်ပြီး ပျောက်သွားလိုက်၊ နောက်တစ်ကောင် ပေါ်လာလိုက်ဖြင့် ငှက်ကလေး လေးကောင်၏ အသံကို ကြားရပြီးသောအခါ ငှက်အမျိုးအစား တူသော်လည်း တစ်ကောင်နှင့်တစ်ကောင် အသံမတူမှန်းကို သတ္တဗေဒပညာရှင်မဟုတ်သော၊ ငှက်ကလေးများနှင့် အကျွမ်းဝင်မှုမရှိသော ကျွန်မ သိလိုက်ရပါသည်။
ခိုနားရာ အသိုက်မဲ့၊ ရင်ခွင်ပျောက်ရှာသော ဥသြငှက်ကလေးများ၏ အသံကိုသာ ကျွန်မ ကြားရပါသည်။ သူကလေးတို့ကို ကျွန်မ၏ မျက်စေ့ဖြင့် မမြင်တွေ့ရပါ။ ၀မ်းနည်း အားငယ်စွာ ငိုညည်းနေရှာသူလေးတို့၏ သနားစဖွယ် မျက်နှာလေးများကို ကျွန်မ၏ အတွေးအာရုံထဲတွင် မြင်ယောင်ပြီး စိတ်ထိခိုက်ကြေကွဲရပါသည်။
ဥသြငှက်မများအား အသိုက်ဆောက်ပေးပြီး ကိုယ်တိုင်ဝပ်စေရန် လေ့ကျင့်သင်ကြား ပေး၍လည်း ရနိုင်မည်မထင်ပါ။ သဘာဝတရား၏ ဖြစ်မှု၊ ပျက်မှုများကို ကျွန်မတို့ လူသားများ မည်ကဲ့သို့ပြုပြင်နိုင်ပါမည်နည်း။
            မကြာသေးသော ကာလများအတွင်း ရုပ်မြင်သံကြား၊ သတင်းစာ၊ ဂျာနယ်များတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ အဖွဲ့အစည်းအသီးသီးမှ ခေါင်းဆောင်များနှင့် အစိုးရအဖွဲ့ အကြီးအကဲများ၏ ငြိမ်းချမ်းရေး ဆွေးနွေးနေမှုများကို မြင်တွေ့ရသောအခါ ၀မ်းသာ ကြည်နူးမိပါသည်။ စားပွဲဝိုင်းတစ်ခုတည်း အတူထိုင်၍ ဆွေးနွေးကြသောအခါ၊ တစ်ဦးနှင့် တစ်ဦး ပုခုံးခြင်းဖက်၊ လက်ခြင်းယှက်၍ နှုတ်ဆက်ကြပုံများကို တွေ့ရသောအခါ မျက်ရည်များလည်သည်အထိ ခံစားရပါသည်။ ကျွန်မတို့အားလုံးသည် အမိမြန်မာနိုင်ငံတော်၏ သား၊ သမီးများပင်။ ညီအကို၊ မောင်နှမ အရင်းအချာများပင်။ အမိမြေကိုချစ်ခြင်း ဟူသော နှလုံးသားတစ်ခုတည်းပင်။
            အမျိုးမျိုးသော အမှောင့်ပယောဂများကြောင့် ကျွန်မတို့ မိသားစုဝင် အချင်းချင်း တစ်ဦးကို တစ်ဦး အပြစ်မြင်ကာ ရန်စောင်နေကြသည်မှာ ကြာရှည်လှပါပြီ။ မောပန်းလှပါပြီ။ နှစ်ဦး၊ နှစ်ဘက် ဆုံးရှုံးနစ်နာမှု များလှပါပြီ။ စစ်ရေးနှင့် နိုင်ငံရေးအသိ အားနည်းသည့် ပြည်သူတစ်ဦးသာဖြစ်သော ကျွန်မ၏ အမြင်ကို ရိုးစင်းစွာ တင်ပြလိုပါသည်။ တိုက်ပွဲတို့၏ သဘောတရားနှင့် သေနင်္ဂဗျူဟာများကိုလည်း ကျွန်မ နားမလည်ပါ။ လက်ဝဲ၊ လက်ယာ နိုင်ငံရေးအမြင်တို့နှင့်လည်း အလှမ်းဝေးလှပါသည်။ တိုက်ပွဲတစ်ခုဖြစ်သည်ဟု ကြားရတိုင်း စိတ်ထိခိုက် ကြေကွဲရပါသည်။ နှစ်ဘက်လုံးတွင် ပါဝင်သူများမှာ သူစိမ်းများမဟုတ် ကျွန်မတို့၏ အကိုများ၊ မောင်ငယ်များ၊ ဦးကြီး၊ ဦးလေးများသာ မဟုတ်ပါလား။ မည်သူနိုင်သည်ဖြစ်စေ၊ မည်သူရှုံးသည် ဖြစ်စေ အသက်စတေးသွားရသူများမှာ ညီအကိုရင်းများ မဟုတ်ပါလား။ သွေးသားရင်းချာများ အချင်းချင်း အမိမြေပေါ်တွင် တစ်ဦးနှင့် တစ်ဦး အသက်စွန့် တိုက်ခိုက်နေကြသည်မှာ ရင်နာစရာ ကောင်းလှပါသည်။ ကျွန်မတို့ အားလုံး တစ်ဦးနှင့်တစ်ဦး သံသယရှင်းလင်း၍ နားလည်မှု တည်ဆောက်နိုင်သည့်အခါ စစ်မြေပြင်တွင်ကုန်ဆုံးရမည့် ညီအကိုများ၏ နုပျိုတက်ကြွမှုများသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးတွင် အားသွန်၊ ခွန်စိုက် ကျရာနေရာများတွင် တာဝန်ယူဆောင်ရွက်နိုင်ပေလိမ့်မည်ဟု ကျွန်မ ယုံကြည်ပါသည်။
            မိန်းမသား တစ်ဦးဖြစ်သော ကျွန်မအား စိတ်အထိခိုက်ဆုံးသော ဖြစ်ရပ်များမှာ . . .။ မင်းယောက်ျားအချင်းချင်း အမျိုးမျိုးသော အကြောင်းတရားတို့ဖြင့် တိုက်ပွဲဆင်နွှဲသောအခါ အပြစ်မဲ့ ပြည်သူ၊ ပြည်သားများ၊ (အထူးသဖြင့်) ကလေးငယ်များ၏ ကြောက်လန့်တကြား ပြေးလွှားနေမည့် ပုံရိပ်များပင်။ စစ်ပွဲဟူသည့် သွေးဆာနေသည့် နတ်ဆိုးကား အသက်ကြီးသည်၊ ငယ်ရွယ်သည် မခွဲခြား။ ယောက်ျား၊ မိန်းမ၊ ကလေးဟူ၍ မညှာတာ။ သူ၏ လက်လှမ်းမှီရာ အရပ်ရှိ သက်ရှိများအားလုံးနှင့် မြို့၊ ရွာ များကို ခြေမွ၊ ဖျက်စီးသည်။ အေးချမ်း၊ ပျော်ရွှင်နေသည့် မိသားစု ဘ၀များကို ပြိုကွဲ၊ ပျက်စီးစေသည်။
            စစ်ပွဲမတိုင်မှီကာလများအတွင်း မိဘအရိပ်တွင် ပျော်ရွှင်စွာ ဆော့ကစားနေသော၊ ငြိမ်းချမ်းစွာ ပညာသင်ကြားနေသော ကလေးငယ်များမှာ ဖြူစင်သော၊ သောကမဲ့သော မျက်ဝန်းများနှင့်။
            သေနတ်သံ၊ ဗုံးသံ၊ ယမ်းငွေ့နှင့် ကျည်ဆန်များအကြား အသက်လု ပြေးလွှားရသောအခါ သေသည်၊ ရှင်သည် မသေချာသော မိဘညီအကိုမောင်နှမများကို ဘယ်သို့ လိုက်ရှာရမည်မသိ။ ပျော်ရွှင်၊ ငြိမ်းချမ်းသော ဘ၀သည် အတိတ်တွင် ကျန်ခဲ့ပေပြီ။ စစ်ဘေးဒဏ်သင့် ဒုက္ခသည်များ စခန်းတွင် မိသားစုနှင့်အတူ ရှိနေသော ကလေးများမှာ အနည်းငယ်ဖြေသာပါလိမ့်မည်။ မိဘမဲ့ရှာသူလေးတို့၏ အနာဂါတ်ကား မရေရာ။
            သူကလေးတို့၏ သနားစဖွယ် မျက်နှာလေးများကိုသာ ဂျာနယ်များတွင် ကျွန်မ မြင်တွေ့ရပါသည်။ ကလေးငယ်တို့၏ စကားသံများကို မကြားရပါ။ သို့သော် ကျွန်မ၏ သောတ အာရုံတွင် ၀မ်းနည်းစွာ ငိုရှိုက်သံတို့ကို သူတို့၏မျက်ဝန်းလေးများမှ တစ်ဆင့် ခံစားကြားယောင် မိပါသည်။ အပြစ်မဲ့သော ပန်းကလေးများ မနွမ်းစေချင်ပါ။ ခါးသီး၊ မုန်းတီးဖွယ် စစ်ပွဲများကို ရပ်တန့်စေချင်ပါသည်။
            သဘာဝတရားကြောင့် အသိုက်မဲ့သော ဥသြလေးတို့အတွက် ကျွန်မတို့ စီမံ၊ ဖန်တီး ပေးရန် မဖြစ်နိုင်သော်လည်း လူသားတို့ကြောင့် ဖြစ်သော စစ်ပွဲများကို လူသားများသာ ရပ်တန့် နိုင်ပါလိမ့်မည်။ ကျွန်မတို့ တိုင်းရင်းသား ညီအကို၊ မောင်နှမများ နားလည်မှု၊ ယုံကြည်မှုများ တည်ဆောက်နိုင်သောအခါ စစ်ပြေးဒုက္ခသည် စခန်းများမှ အပြစ်မဲ့ လူမမယ်ကလေးများ၏ အားငယ်စွာ ငိုရှိုက်သံလေးတို့ အစား စာသင်ကျောင်း၏ရှေ့ နိုင်ငံတော်အလံတော် အောက်ဝယ် “များလူခပ်သိမ်း၊ ငြိမ်းချမ်းစေဖို့၊ ခွင့်တူညီမျှ၊ ၀ါဒဖြူစင်တဲ့ပြည် . .  တို့ပြည် . . တို့မြေ” ဟူသော အားမာန်တက်ကြွစွာ သီဆိုလိုက်သည့် နိုင်ငံတော်သီချင်းသံတို့သည် မြန်ပြည် မြောက်ဖျား ဆီးနှင်းဖုံးလွှမ်းသည့် ရေခဲတောင်များမှသည် တောင်ဘက်စွန်း ဘုရင့်နောင်အငူရှိရာ ပင်လယ်ကမ်းခြေများ အထိ။ အရှေ့ဘက် ရှမ်းတောင်တန်းများမှသည် အနောက်ဘက် ချင်းတောင်နှင့် ရခိုင်ရိုးမ များအထိ မြေပြန့်လွင်ပြင်များကို ဖြတ်သန်းကာ ပျံ့လွင့်ပေလိမ့်မည်။
အနာဂါတ် နိုင်ငံ့ရတနာများဖြစ်သည့် ကလေးငယ်များ၏ ဘ၀များ ငြိမ်းချမ်း၊ သာယာပါစေ။ ပင်လုံမြေမှ သန္ဓေတည်ခဲ့သော တိုင်းရင်းသား ညီအကို မောင်နှမများ၏ ပြည်ထောင်စု စိတ်ဓါတ်များ ပြန်လည်ခိုင်မာလာပါစေ။ တစ်ဦးနှင့် တစ်ဦး နားလည်၊ ယုံကြည်မှု များဖြင့် စည်းလုံးညီညွတ်စွာ၊ တွဲလက်ခိုင်မာစွာဖြင့် ဒီမိုကရေစီနိုင်ငံတော်သစ် ဆီသို့ အတူလျှောက်လှမ်းနိုင်ပါစေလို့ ဆုတောင်းလျှက် . . .။

ရှင်းသန့်လွင်
7 days News Journal
၂၀၁၂၊ မေလ၊ (၁၀)ရက်
အတွဲ - ၁၁၊ အမှတ် -၉

           

No comments:

Post a Comment

Twitter Bird Gadget