Friday, October 4, 2013

ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့ပေးပို့သော အထိမ်းအမှတ် စုပေါင်းသ၀ဏ်လွှာ

တက္ကသိုလ်ဆရာ/ဆရာမများအသင်း
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ဒဂုံတက္ကသိုလ်၊ရန်ကုန်တက္ကသိုလ်၊ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊မန္တလေးတက္ကသိုလ်များ၏
၂၀၁၃၊အောက်တိုဘာလ(၅)ရက်နေ့တွင်ကျရောက်သော
ကမ္ဘာ့ဆရာများနေ့အခမ်းအနားသို့ပေးပို့သော အထိမ်းအမှတ် စုပေါင်းသ၀ဏ်လွှာ

၁၃၇၅ ခုနှစ် သီတင်းကျွတ်လဆန်း(၁)ရက်နေ့(စနေနေ့)၂၀၁၃ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ကမ္ဘာနိုင်ငံအသီးသီးမှ မိမိတို့နိုင်ငံတော်၏ပညာရေးကဏ္ဍအသီးသီရှိ ဆရာ၊ဆရာမအပေါင်းတို့ကို ကိုယ်စိတ်နှစ်ပါးကျန်းမာချမ်းသာကြပါစေကြောင်း ယနေ့ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်တွင် ဦးစွာပဏာမ နှုတ်ခွန်း ဆက်သလိုက်ပါသည်။
          မိမိတို့တက္ကသိုလ်ဆရာ၊ဆရာမအသင်းများသည် စတင်ဖွဲ့စည်းတည်ထောင်ချိန်မှယနေ့ချိန်တိုင် မြန်မာ နိုင်ငံပညာရေးကဏ္ဍမှ ဆရာဆရာမများအားလုံး၏ လူမှုဘ၀မြင့်မားရေး၊ ပညာရေးကဏ္ဍတိုးတက်လာရေးတို့ အတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ ညီညီညာညာစုပေါင်းဆောင်ရွက်လာခဲ့ပါသည်။ အောင်မြင်မှုများရှိခဲ့သလို၊ အခက်အခဲ အမျိုးမျိုးကိုလည်း ဖြတ်ကျော်ခဲ့ကြရပါသည်။ ဆက်လက်၍လည်း အရေးကြုံလာပါက ဆရာ၊ဆရာမ ဘက်မှအမြဲရပ်တည်ဆောင်ရွက်နေမည့်အကြောင်းကိုလည်း ယနေ့အခမ်းအနားရှိ ဆရာ၊ဆရာမများ ရှေ့မှောက် တွင် လေးနက်စွာပြောကြားလိုပါသည်။ မိဘပြည်သူများအနေနှင့်လည်းဆရာ၊ဆရာမတို့၏ လူမှုဘ၀မြင့်မားရေး ကိစ္စတွင်မိမိတို့တတ်နိုင်သည့်ဘက်မှဝိုင်းဝန်းကူညီဆောင်ရွက်ကြရန် လိုအပ်ပါမည်ဟုလည်း မိမိတို့တက္ကသိုလ် ဆရာဆရာမအသင်းများက ယုံကြည်မျှော်လင့်ပါသည်။
          ယခုအခါ တက္ကသိုလ်ဆရာဆရာမများအသင်းများ စုပေါင်း၍ နိုင်ငံတော်၏ပညာရေးမူဝါဒအတွက် အထောက်အကူပြုရာပြုကြောင်းဖြစ်သည့် အဆင့်မြင့်ပညာရေးဆိုင်ရာ မူဝါဒသဘောထားစစ်တမ်းတစ်စောင် ကိုလည်း ကောက်ယူလျက်ရှိပါသည်။ တက္ကသိုလ်ပညာရေးမူဝါဒများကို ပြုပြင်ပြောင်းလဲမှုဆောင်ရွက်ရာတွင် အများပြည်သူများ၏ဆန္ဒကိုလွတ်လပ်စွာထုတ်ဖော်စေရန်ရည်ရွယ်၍ ဤစစ်တမ်းကိုကောက်ယူခြင်းဖြစ်ပါသည်။ ဖြေဆိုသူများ၏ပူးပေါင်းကူညီမှုဖြင့် ဒီမိုကရေစီပညာရေးစနစ်ကို ဖော်ဆောင်နိုင်လိမ့်မည်ဟုလည်း မျှော်လင့် ထားပါသည်။ ဒီမိုကရေစီပညာရေး အမှန်တကယ်ထွန်းကားလာမှသာ တိုင်းပြည်၏ပညာရေးကဏ္ဍလည်း တိုးတက်လာပြီး ကျောင်းသူကျောင်းသား၊ ဆရာဆရာမ၊ ကျောင်းသားမိဘပြည်သူများနှင့် နိုင်ငံအနာဂတ်      ဦးမော့လာနိုင်မည်ဟု မိမိတို့အသင်းများကယုံကြည်ပါသည်။
          ပြီးခဲ့သည့် သြဂုတ်၊ စက်တင်ဘာလအတွင်း မိမိတို့တက္ကသိုလ်ဆရာဆရာမများအသင်းများ စုပေါင်း ရပ်တည်ပေးကြရသည့် အခြေခံပညာမှ ကျောင်းဆရာမတစ်ဦး အရေးယူခံထားရသည့်ဖြစ်စဉ်မျိုးတွင် ဆရာ ဆရာမများ၏ လူမှုဘ၀တိုးတက်မြင့်မားရေးသည် မည်သို့သောအခြေအနေတွင်ရောက်ရှိနေကြာင်းကို အလေး အနက်ဝိုင်းဝန်းစဉ်စားကြရန်လိုအပ်လာကြောင်းတွေ့နိုင်ပါသည်။ တရားဥပဒေစိုးမိုးမှု၊ တရားစီရင်ရေးနှင့်ဝန်ထမ်း စည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများကိုကျော်လွန်ချိုးဖောက်ကာ မတရားအပြစ်ပေး အမိန့်ချမှုများကြောင့် ကျောင်းဆရာ၊ဆရာမဘ၀မှ မထွက်ချင်ဘဲ ထွက်ခဲ့ကြရသောသူများ၊ မိမိဂုဏ်သိက္ခာကျဆင်းခဲ့ရသော်လည်း အလုပ်ထိခိုက်မှာစိုး၍ ငြိမ်ခံနေရသော ဆရာဆရာမများမည်မျှရှိနေမည်ကို မတွေးဝံ့အောင်ပင်ရှိပါသည်။ ထို့အတူ ကျောင်းဆရာဆရာမနှင့် အငြိမ်းစားဝန်ထမ်းမိသားစုများ၏ စားဝတ်နေရေးကိုအခက်တွေ့စေသည့် နေစရာအိမ်စီစဉ်မပေးဘဲလက်ရှိနေစရာအဆောက်အဦးမှ အမိန့်စာနှင့်ဖယ်ရှားခိုင်းခြင်းစသော ဖြစ်ရပ်များသည် ထိုဆရာ၊ ဆရာမများဘက်မှ ၀ိုင်းဝန်ရပ်တည်ပေးကြရမည့်အနေအထားဖြစ်ပါသည်။
          မြန်မာနိုင်ငံတော်သည် နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်၏ ဦးဆောင်ဦးရွက်ပြုမှုနှင့်အတူ ပြည်ထောင်စု အဆင့်အစိုးရအဖွဲ့တစ်ရပ်လုံးက ဒီမိုကရေစီနိုင်ငံတစ်ခုအသွင်သို့ အရှိန်အဟုန်နှင့်ပြုပြင်ပြောင်းလဲနေမှုများ ကြောင့်နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအဘက်ဘက်မှ တိုးတက်လာလျက်ရှိပါသည်။ ထိုသို့တိုးတက်နေသော အချိန်တွင် တိုင်းပြည်၏ အဓိကပင်မရေသောက်မြစ်ဖြစ်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးသည် ပညာရေးကဏ္ဍတွင် ဆရာဆရာမတို့၏ လူမှုဘ၀တိုးတက်မှုများ နောက်ကျကျန်နေမည်ကိုလည်းစိုရိမ်မိပါသည်။ ဤအခြေအနေအတွက် အနာဂတ်ဒီမိုကရေဒီနိုင်ငံတော်အတွက် ကြိုးစားဆောင်ရွက်နေသော နိုင်ငံတော် သမ္မတကြီးနှင့်ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့ဝင်များ၊တိုင်းသူပြည်သားများ၊ကျောင်းသားများ၊ ဆရာဆရာမများ အားလုံးဝိုင်းဝန်းစဉ်းစား အဖြေရှာကြရမည်ဟုလည်းထင်မြင်ပါသည်။
          ယခုနှစ် ကမ္ဘာဆရာများနေ့ ကြွေးကြော်သံဆောင်ပုဒ်မှာ (A call for teachers ! ) ဆရာဆရာမ အရေးကိစ္စ၊ တို့တူတကွတောင်းဆိုကြ ဟူ၍ဖြစ်ပါသည်။ ဆရာ၊ဆရာမများ၏ လူမှုဘ၀မြင့်မားရေးသည် တိုင်းပြည်တစ်ခုတိုးတက်ရေးအတွက် အလွန်အရေးကြီးသောအချက်ဖြစ်သည်နှင့်အညီ ထို့အခြေအနေများ အတွက် ကမ္ဘာသူကမ္ဘာသားများအားလုံးက ၀ိုင်းဝန်းစဉ်စား၊ ၀ိုင်းဝန်းရပ်တည်ပေးကြရန်လိုကြောင်း ဖော်ပြလိုက် သောကြွေးကြော်သံဆောင်ပုဒ်ဟုမြင်ပါသည်။ ထိုဆောင်ပုဒ်ကိုလက်ကိုင်ပြုကာ မိမိတို့နိုင်ငံမှ ပြည်သူအပေါင်း တို့သည်လည်း ဆရာ၊ဆရာမအရေးကို မိမိတို့အရေးကဲ့သို့သဘောပိုက်ကာ ၀ိုင်းဝန်းကူညီ ဆောင်ရွက် ကြရန်လည်း ယနေ့အခမ်းအနားတွင် တိုက်တွန်းနိုးဆော်လိုက်ရပါသည်။ ပညာရေးသည်သာ ထိုနိုင်ငံ၏ အရာရာကိုဖြေရှင်း ပေးနိုင်ပါလိမ့်မည်။ ဤသို့ဆိုလျှင် ပညာရေးကို အကောင်အထည်ဖော်ပေးကြရမည့် ဆရာဆရာမများ၏ အခန်းကဏ္ဍသည် မည်မျှအရေးကြီးသည်ကို မြင်တွေ့ရပါလိမ့်မည်။
ကမ္ဘာကြီး၏မည်သည့်နေရာတွင်မဆို စာသင်ကျောင်းအတွင်းမှ ကျောင်းသားကျောင်းသူတို့၏ အရှေ့တွင် စာသင်ကြားပို့ချရမည့် ဆရာဆရာမတို့သည် မည်သူတစ်ဦးတစ်ယောက်၏ ပယောဂကြောင့်နှင့်မှ ဂုဏ်သိက္ခာမကျဆင်းစေရ၊ မည်သို့သောပုဂ္ဂိုလ်မျိုး၏အခွင်အာဏာ အလွဲသုံးစား ပြုမှုကြောင့်နှင့်မှ လူမှုဘ၀နိမ့်ကျခြင်းမရှိစေရ။
ထို့အတွက် မိမိတို့ကမ္ဘာသူ ကမ္ဘာသားအားလုံးက ကာကွယ်ပေးသွာမည်ဖြစ်ကြောင်း အထက်ပါကြွေးကြော်သံ ဆောင်ပုဒ်အတိုင်း ထပ်ဆင့်ကြွေးကြော်လိုက်ပါသည်။

(A call for teachers! ) ဆရာဆရာမအရေးကိစ္စ၊ တို့တူတကွတောင်းဆိုကြ။
ကမ္ဘာနိုင်ငံအသီးသီးမှ ဆရာဆရာမတိုင်း အတွက် အရေးကိစ္စကြုံလာတိုင်း ပူးပေါင်းပါဝင်ကြပါစို့။
         
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ဒဂုံတက္ကသိုလ်၊ရန်ကုန်တက္ကသိုလ်၊
ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊မန္တလေးတက္ကသိုလ်များ
၁၃၇၅ ခုနှစ် သီတင်းကျွတ်လဆန်း(၁)ရက်နေ့(စနေနေ့)
၂၀၁၃ခုနှစ် အောက်တိုဘာလ(၅)ရက်နေ့


No comments:

Post a Comment

Twitter Bird Gadget