Monday, August 26, 2013

ပညာရေးဝန်ကြီးဌာနအားပြင်းထန်စွာကန့်ကွက်ရှုတ်ချခြင်း

တက္ကသိုလ်ဆရာ/ဆရာမများအသင်း
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်များ (မဟာအောင်မြေမြို့နယ်)
နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က (၅) မှ အလယ်တန်းပြဆရာမ၊
ဒေါ်စိုးစိုးခိုင်အား ရာထူးမှထုတ်ပယ်ခြင်းအပေါ်ပြင်းထန်စွာကန့်ကွက်ရှုတ်ချခြင်း
၁၃၇၅ ခုနှစ်၊ ၀ါဆိုလဆုတ် (၆) ရက်နေ့ (တနင်္လာနေ့)
၂၀၁၃ ခုနှစ်၊ သြဂုတ်လ (၂၆) ရက်နေ့

၁။   နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က (၅) တွင် အလယ်တန်းပြရာထူးဖြင့် တာဝန်ထမ်းဆောင်နေလျက်ရှိ သော ဆရာမဒေါ်စိုစိုးခိုင်အား (၁) ၁၀-၆-၂၀၁၃ မှ ၁၄-၆-၂၀၁၃ အထိခွင့်မဲ့ပျက်ကွက်ခြင်း၊ (၂)  ခွင့်ပြုချက်မဲ့ခရီးဝေးထွက်ခွာခြင်း၊ (၃) နိုင်ငံရေးအဖွဲ့အစည်းများနှင့်ပါဝင်ပတ်သက်ခြင်း စသည့်စွပ်စွဲချက်များဖြင့် ပညာရေးဝန်ကြီးဌာနမှရာထူးမှထုတ်ပယ်ခဲ့ခြင်းအား တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ ကာယကံရှင် ဆရာမ ဒေါ်စိုးစိုးခိုင်နှင့်ထပ်တူ လွန်စွာအံ့သြတုန်လှုပ်ဝမ်းနည်းမိပါသည်။
၂။   လုပ်သက် (၁၈) နှစ်ပြည့်သည်အထိ နိုင်ငံတာဝန်ကိုကျေပွန်စွာတာဝန်ထမ်းဆောင်ခဲ့သည့် နိုင်ငံဝန်ထမ်းတစ်ဦးအား ခွင့်မဲ့ (၅) ရက် ပျက်ကွက်ရုံမျှ၊ ခွင့်ပြုချက်မဲ့နယ်ဝေးခရီးသွားခဲ့ရုံမျှဖြင့် ရာထူးမှထုတ်ပယ်သည်အထိ အရေးယူခဲ့ခြင်းသည် ပြစ်မှုနှင့်ပြစ်ဒဏ်လုံးဝ မျှတမှုမရှိသည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံဝန်ထမ်းဥပဒေ၊ ၀န်ထမ်းစည်းမျဉ်း ၊စည်းကမ်းများကိုမျက်ကွယ်ပြုပြီး၊ ပုဂ္ဂိုလ်ရေးအာဃာတဆန်ဆန် လုပ်ပိုင်ခွင့်အာဏာကိုလွန်ကဲစွာအသုံးပြုပြီး ဆောင်ရွက်ခဲ့သည်ဟု သုံးသပ်ရပါသည်။
၃။   နိုင်ငံဝန်ထမ်းတစ်ဦး မြန်မာနိုင်ငံ၏သမိုင်းတွင်မော်ကွန်းတင်ရမည့်ကမ္ဘာကျော် ၈၈၈၈ အရေးတော်ပုံငွေရတုအခမ်းအနားသတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်မိသည့်အတွက် နိုင်ငံဝန်ထမ်းတစ်ဦးအား ရာထူးမှထုတ်ပယ်ခြင်းသည် နိုင်ငံတော်သမ္မတဦးသိန်းစိန်မှ ဦးဆောင်ဦးရွက်ပြုပြီး ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့တစ်ရပ်လုံးမှ အကောင်အထည်ဖေါ်ဆောင်ရွက်နေသော ဒီမိုကရေစီပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်ကြီးတစ်ရပ်လုံးအပေါ် ပညာရေးဝန်ကြီးဌာနမှ မထီမဲ့မြင်ပျက်ရယ်ပြုသည့် သဘောသက်ရောက်နေ ပါသည်။ ထိုပြင်၊ ၈၈၈၈ အရေးတော်ပုံသည် လူတစ်ဦးတစ်ယောက်၊ အသင်းအဖွဲ့တစ်ခု၊ လူတန်းစားအလွှာတစ်ခုတည်းနှင့် သက်ဆိုင်သည်မဟုတ်ဘဲ မြန်မာနိုင်ငံသားပြည်သူတစ်မျိုးသားလုံးနှင့်သက်ဆိုင်သည့်အတွက် ပညာရေးဝန်ကြီးဌာန၏ပြုမှုဆောင် ရွက်ချက်များသည် မြန်မာပြည်သူတစ်ရပ်လုံးနှင့် မြန်မာ့သမိုင်း၏အကြီးအကျယ်ဆုံးအရေးတော်ပုံကြီးအား သေးသိမ်အောင် ဆောင်ရွက်လိုက်သည့်သဘောသက်ရောက်နေပါသည်။
၎။   မိမိတို့ တက္ကသိုလ်ဆရာ/ဆရာမအသင်းများအနေဖြင့် စည်ကမ်းဥပဒေပျက်ကွက်ခဲ့သော နိုင်ငံဝန်ထမ်းတစ်ဦးအား ပုဂ္ဂိုလ်ရေး ဆန်ဆန် ကာကွယ်လို၍မဟုတ်ဘဲ ပြစ်မှုနှင့်ပြစ်ဒဏ်အား ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့် ညီညွတ်စေရန်သာရည်ရွယ်ပါသည်။
၅။   နေပြည်တော်ကောင်စီနယ်မြေ၊ ဇမ္ဗူသီရိမြို့နယ်၊ အ.ထ.က (၅) တွင် အလယ်တန်းပြရာထူးဖြင့် တာဝန်ထမ်း ဆောင်နေလျက်ရှိ သော ဆရာမဒေါ်စိုစိုးခိုင်၏အမှုကိစ္စသည် ကာယကံရှင်တစ်ဦးတည်း၏ကိစ္စဟု မှတ်ယူ၍မရဘဲ၊ ပညာရေးဝန်ကြီးဌာနအောက်တွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဆရာ/ဆရာမများ (အဆင့်မြင့်/အခြေခံ)၊ ၀န်ထမ်းများ၏ဘ၀လုံခြုံရေးကို တိုက်ရိုက်ခြိမ်း ခြောက်နေသောအရေးအရာကိစ္စဖြစ်သည်ဟုယူဆရသည့်အတွက်လည်းကောင်း၊ အပိုဒ် (၂) နှင့် (၃) တွင် ဖော်ပြခဲ့သည့်အတိုင်း လုပ်ပိုင်ခွင်အာဏာကိုလွန်ကဲစွာအသုံးပြုပြီး ပုဂ္ဂိုလ်ရေးဆန်ဆန်အာဃာတဖြင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ယူဆရသည့်အတွက် ကြောင့်လည်းကောင်း၊ နိုင်ငံ၏ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်နှင့် နိုင်ငံ၏သမိုင်းမော်ကွန်းဝင် ၈၈၈၈ အရေးတော်ပုံ ကြီးနှင့် မြန်မာတစ်မျိုးသားလုံးအား သေးသိမ်အောင်ပြုမူခဲ့ခြင်း ဖြစ်သည်ဟုယူဆရသည့်အတွက် ပညာရေးဝန်ကြီးဌာန၏ပြုမူ ဆောင်ရွက်ချက်အား မိမိတို့တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ  တစ်ညီတစ်ညွတ် တည်း ပြင်းထန်စွာကန့်ကွက်ရှုတ်ချပါသည်။
၆။   ပညာရေးဝန်ကြီးဌာနအနေဖြင့် အထက်ဖေါ်ပြပါကိစ္စရပ်များအား အပြည့်အ၀တာဝန်ခံရမည်ဖြစ်ပြီး၊ ဖြစ်စဉ်တစ်ရပ်လုံးအား ပုဂ္ဂိုလ်ရေးအာဃာတ၊ အဂတိတရားကင်းရှင်းစွာဖြင့် ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ပြန်လည်စီစစ်သုံးသပ်ရန်၊ အများပြည်သူအား ယနေ့မှစ၍ (၁၅) ရက်အတွင်း ဥပဒေနှင့်အညီပွင့်လင်းမြင်သာမှုရှိစွာဖြင့် ပြန်လည်ရှင်းလင်ချက်ပေးရန်နှင့် ပျက်ကွက်ပါက ဥပဒေနှင့်အညီ ပြည်တွင်းအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ အပြီးတိုင်ပြေလည်အောင် ဖြေရှင်းသွားမည်ဖြစ်ကြောင်း မိမိတို့တက္ကသိုလ်ဆရာ/ဆရာမအသင်းများမှ ကန့်ကွက်လွှာကိုအသိပေးထုတ်ပြန်လိုက်သည်။    

1 comment:

  1. ဆရာ၊ဆရာမများအသင်းကို ထောက်ခံအားပေးပါတယ်။ အထက်ပါ ဆရာဒေါ်စိုးစိုးခိုင်ကိစ္စ ထုတ်ပြန်ချက်နှင့်ပတ်သက်၍လည်း အပြည့်အဝ ထောက်ခံပါတယ်။

    ReplyDelete

Twitter Bird Gadget