အားလုံးမှာ တာဝန်ရှိသည်
ကုဋေကြွယ်သား သူဌေးအား
ကျနော်တို့ ငယ်ငယ်တုန်းက ပထမတန်း မြန်မာဖတ်စာ စာအုပ်မှာ “ဆားတုံ
ဆရာတော်” ရေးတဲ့ ကုဋေ ရှစ်ဆယ်
သူဌေးသား အကြောင်း ရေးဖွဲ့ထားတဲ့ ကဗျာကို သင်ယူခဲ့ကြဘူးပါတယ်။ ဒီဇာတ်ကြောင်းဟာ ကလေးငယ်များအတွက်လည်း
အိပ်ယာဝင်ပုံပြင် ဖြစ်ခဲ့ပါတယ်။ “မောင်ငယ်ရင်သွေး၊ နာဘိသေးလော့။ ရှေးသရောခါ၊ ပြည်ဗာရာဝယ်”
အစချီ ကဗျာကို အားလုံးလည်း မှတ်မှတ်ရရ ရှိကြမယ်ထင်ပါတယ်။ “ကုဋေကြွယ်သား သူဌေးအားလျှင်၊ သားတစ်ယောက်ဖြစ်၊ ချစ်၍တစေ၊ အိမ်မှာနေ၍၊
စာပေမကျ၊ မိဘစုတေ့၊ ခန္ဓာရွေ့သော်၊ အရှေ့အနောက်၊ တောင်မြောက်ဘယ်မှာ၊ မသိပါငြား......”
ဆိုတဲ့ စကားလုံးလေးများဟာ အသက်အရွယ် ကြီးလာကြသည့်တိုင် ပါးစပ်ဖျားမှာ
စွဲနေခဲ့ကြပါတယ်။ ပညာမတတ်ခြင်းရဲ့ အပြစ်များကို ဒီကဗျာလေးက ညွှန်ပြခဲ့ပါတယ်။
ဒီကဗျာထဲက “အရှေ့ အနောက်
တောင်မြောက်ဘယ်မှာ” ဆိုတဲ့စကားလေးနဲ့ တိုက်ဆိုင်လို့ ပညာရေးစနစ်ရဲ့ အားနည်းချက်တွေကို
တင်ပြချင်ပါတယ်။ ပညာရေး ပြုပြင်ပြောင်းလဲဖို့ ပြင်ဆင်နေချိန်မှာ တစ်ထောင့်တစ်နေရာက
အထောက်အကူ ရစေမယ်လို့ ယုံကြည်မိလို့ပါ။
“မိဘ၊ ဆရာ ပူပေါင်း ကလေးပညာကောင်း” ဆိုတဲ့ စကားဟာ
သိပ်မှန်တဲ့ စကားဆိုတာ အားလုံး သိကြပါတယ်။ ဒါပေမယ့် ကျောင်းသားကိုယ်တိုင်က
ကြိုးစားအားထုတ်မှု မလုံလောက်ရင် မိဘနဲ့ဆရာ ဘယ်လောက် ပူပေါင်း ဆောင်ရွက်ပေမယ့် ပညာရေး
စနစ်ဟာ အောင်မြင်မှာ မဟုတ်ပါဘူး။ ဒါ့အပြင်
ကျောင်းသားများရဲ့ သင်ယူမှု၊ နားလည်တတ်ကျွမ်းမှုကို ဘယ်လို အကဲဖြတ်လို့ ဘယ်လို မှတ်တမ်းတင်ခဲ့ကြသလဲ
ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဆိုလိုချင်တာကတော့ ကျောင်းသားများ အမှန်တကယ်
တတ်ကျွမ်းမှုမရှိဘဲ အတန်းတင်ပေးခဲ့ကြတဲ့၊ အတန်းတင်ဖို့ ညွှန်ကြားခဲ့ကြတဲ့ တာဝန်ရှိသူမျာရဲ့
တာဝန်မဲ့ တဲ့ ဆောင်ရွက် ချက်များပင် ဖြစ်ပါတယ်။ ဒီလုပ်ရပ်တွေရဲ့ အကျိုးဆက်ဟာ
တိုင်းပြည် အနာဂါတ် မည်မျှအထိ ထိခိုက်နစ်နာစေခဲ့သလဲ ဆိုတာ လက်ရှိပညာရေး အခြေအနေက
သက်သေခံနေပါတယ်။
အာဂုံရမှ အာဂလူ
မြန်မာပညာရေး နိမ့်ကျလာတဲ့
အကြောင်းမျိုးစုံ၊ အကြောင်းများစွာထဲမှာ သင်ကြားပို့ချသူ ဆရာ/ဆရာမ (အချို့)ရဲ့
အားနည်းချက်များ ပါဝင်သလို ကျောင်းသား၊ ကျောင်းသူများရဲ့ လေ့လာစူးစမ်းမှုနဲ့
စိတ်ပါဝင်စားမှု အားနည်းချက်များလည်း ပါဝင်နေတာ မငြင်းနိုင်အောင်ပါဘဲ။
ဆရာ၊ဆရာမ အချို့တို့ရဲ့
အားနည်းချက်တွေထဲက အများသိပြီးဖြစ်တဲ့ တစ်ချက်ကိုပဲ နမူနာ တင်ပြပါမယ်။ “သင်သိသော ပန်းငါးပွင့်
အမည်ကို ရေးပါ” ဆိုတဲ့ မေးခွန်းမျိုးကို မေးရာမှာ ကျောင်းသားက သူအသင်ခံထားရတဲ့
သူကျက်ခိုင်းခံထားရတဲ့ ငါးပွင့်ထဲက သုံးပွင့်ရဲ့အမည်ကိုပဲ သတိရလို့၊ သူသိထားတဲ့
အခြားပန်းနှစ်ပွင့်အမည် ထည့်ဖြေ တာကို အမှတ်လျှော့ခံရတဲ့ ဖြစ်ရပ်မျိုးပါ။
ဒီဖြစ်ရပ်ဟာ ကျောင်းသားကျောင်းသူများရဲ့ ပတ်ဝန်းကျင်စူးစမ်းလေ့လာမှုကို ဦးစားပေး
စစ်မေးလိုတာ ဖြစ်သလို ပန်းအမည် ငါးမျိုး ပြည့်ရင် ကျောင်းသားရဲ့ ပတ်ဝန်းကျင်ကို
စူးစမ်းလေ့လာနိုင်စွမ်း အပြည့်ရှိတဲ့အတွက် အမှတ်ပြည့်ရသင့်တာ ဖြစ်ပါတယ်။ “သည်/၏”
မလွဲ၊ “ကြက်တူရွေး နှုတ်တိုက်”၊ “အာဂုံရမှ အာဂလူ”လို့ သတ်မှတ်ထားကြလေသလား ဗျာ။
စာသင်တာ
အတန်းအောင်ဖို့ သက်သက်လား
ဒါပေမယ့် နောက်တစ်ဘက်မှာကျပြန်တော့
ကျောင်းသား၊ ကျောင်သူများကလည်း မိမိတို့ သင်ယူထားတဲ့ အကြောင်း အရာများကို
မိမိပတ်ဝန်းကျင်နဲ့ မည်သို့ဆက်စပ် ပတ်သက်မှုရှိသလဲ၊ သင်ခန်းစာများက မိမိဘဝကို မည်သို့
တိုက်ရိုက် (သို့) သွယ်ဝိုက် အကျိုးပြုသလဲဆိုတာ လေ့လာဆန်းစစ် ကြဖို့လိုပါတယ်။
သင်ကြားလိုက်တဲ့ စာကို အလွတ်ရ လျှင်၊ စားမေးပွဲ ဖြေဆိုအောင်မြင်လျှင်ပဲ မိမိတို့
တာဝန်ကျေပြီဟု မမှတ်ယူကြဘဲ၊ အမှန်တကယ် တတ်သိ နားလည်လာ အောင်
ကြိုးပမ်းအားထုတ်ကြဖို့ ဖြစ်ပါတယ်။ ဒီကိစ္စမှာ
အင်မတန် အားနည်းနေတာ မြင်တွေ့နေရပါတယ်။
မဖြေတဲ့သူနဲ့
သေတဲ့သူ
ဒီနေရာမှာ ကျောင်းသားများဘက်က
အားထုတ်မှု နည်းလာရတဲ့ အကြောင်းရင်းကလည်း မှားယွင်းခဲ့တဲ့ စဉ်ဆက်မပြတ် အကဲခတ်ကာ ဘက်စုံပညာအရည်အချင်းမှတ်တမ်းချုပ် (CPR,
comprehensive personal record) ဆိုတဲ့ မှတ်တမ်းနဲ့ အတန်းတင် ပေးခဲ့တဲ့စနစ်ကြီးကို
ကျင့်သုံးကတည်းကပါ။ ၁၉၉၅ ခုနှစ်လောက်ကတည်းက စတင် ကျင့်သုံးလာလိုက်တာ ခုချိန်ထိ
ဆိုရပါဦးမယ်။ လပါတ်စာမေးပွဲများ၊ နှစ်ဝက်စာမေးပွဲ၊ နှစ်ဆုံးစာမေးပွဲတွေမှာ
မေးခွန်းလိုက် မထွက်ရုံတမယ် ကွက်တိ သင်၊ ကျောင်းသားများကလည်း ဖြတ်ညှပ်ကပ် ကျက်နဲ့
ချီတက်လာခဲ့ကြပါတယ်။ ဒီနေ့ခေတ် ကျောင်းသား အားလုံးနည်းပါးဟာ နဝမတန်း (၉တန်း) အောင်သည်အထိ “မအောင်မရှိ
ငါ့တပည့်” “မဖြေတဲ့သူနဲ့ သေတဲ့သူပဲ ကျမယ်” ဆိုတဲ့ ပညာရေး အမှောင်ခေတ်ကြီးကို
ဖြတ်သန်းလာလိုက်ကြတာ နှစ်ပေါင်း နှစ်ဆယ်လောက် ကြာခဲ့ပါပြီ။ (ယခုစာသင်နှစ် မှာလည်း သူငယ်တန်းမှ
၇တန်းထိ အကျမရှိစေဖို့ ညွှန်ကြားထားကြောင်း သိရပါတယ်)
ကုစား
ဒီပြဿနာအတွက် အခြေခံပညာ (မူ/လယ်/ထက်)က ဆရာ၊ ဆရာမတွေ မေးကြည့်ပြန်တော့လည်း
သူတို့မှာလည်း သူတို့ရဲ့ အခက်အခဲနဲ့ သူတို့ပါ။ အပတ်စဉ် (သို့) လစဉ် စာမေးပွဲတွေမှာ
“မအောင်”ရင် “အောင်” အောင် ထပ်သင်ရမတဲ့။ “ကုစား” စာမေးပွဲ ထပ်ဖြေခိုင်း၊
ထပ်စစ်ခိုင်းသတဲ့။ ကုစားဆိုတာ ၅၀မှတ်ဖိုး မေးခွန်းမှာ ၂၀မှတ် မရတဲ့သူတွေကို
ပြန်သင်၊ ပြန်စစ်လုပ်ရတာ ဖြစ်ပါသတဲ့။ အစောပိုင်းမှာ မေးခွန်း အသစ်
ထုတ်ခိုင်းခဲ့ပေမယ့် နောက်ပိုင်းမှာတော့
“မေးခွန်းဟောင်းတောင် မဖြေနိုင်လို့ကျတာ အသစ် မထုတ်နဲ့တော့၊ အဟောင်းကိုသာ
ပြန်ဖြေခိုင်းလိုက်”လို့ ညွှန်ကြားပြန်ပါသတဲ့။ ဒါမှ မအောင်ရင်
သင်ကြားပို့ချသူသာ ညံ့ဖျင်းတယ်လို့ မှတ်ယူကာ ဆရာ၊ ဆရာမ များခင်ဗျာ ထုချေလွှာ တင်ကြရပါသတဲ့။ လပတ်
စာမေးပွဲ အောင်သွားသူတွေကို အသစ် ဆက်သင်ရတာက တစ်လုပ်၊ ရှုံးထားတဲ့ သူတွေကို အဟောင်းပြန်သင်၊
ကုစား ထပ်စစ်ရတာက တစ်လုပ်နဲ့ ရှုပ်လာတော့ “မအောင်မရှိ ငါတပည့်” ဖြစ်ပါလေရောတဲ့။ ဒီလို
မမှန်ကန်တဲ့ ညွှန်ကြားချက်တွေကို ဆရာ၊ ဆရာမများကလည်း အများသိအောင် ဖော်ထုတ်သင့်သလို
မိဘများနဲ့ ပညာရေးကို စိတ်ဝင်တစား ဆောင်ရွက်ကြသူအားလုံး ပူးပေါင်းကာ တိုက်ဖျက်ကြဖို့
သင့်ပါပြီ။
အောင်ချက်ရာခိုင်နှုန်း
နောက်
အောင်ချက်ရာခိုင်နှုန်း ဘယ်လောက်ရှိရမယ် ဆိုတာကြီးကလည်း အံ့အားသင့်စရာပါ။ စာသင်ကြားခြင်း ဆိုတာကို ရာခိုင်နှုန်းနဲ့ တိုင်းတာခြင်းဟာ အင်မတန်
စိတ်ပျက်စရာပါ။ အရည်အချင်းနဲ့ အရေအတွက်ကို ပုံသေနည်း ထားကာ တွက်ချက်ဖို့
မဖြစ်သင့်ပါဘူး။ အတန်း တစ်တန်းနဲ့ တစ်တန်း၊ တစ်ကျောင်းနဲ့ တစ်ကျောင်း၊ ဒေသတစ်ခုနဲ့
တစ်ခု ကျောင်းသား/ကျောင်းသူများရဲ့ အရည်အချင်း၊ ဆရာ/ဆရာမများရဲ့ အရည်အချင်း၊
မိဘများရဲ့ပံ့ပိုးနိုင်မှု စတာတွေ မတူနိုင်တာမို့ ကြိတ်နှုန်း၊ ပျှမ်းမျှ တွက်ချက်
နှိုင်းယှဉ်ခြင်းဟာ အလုပ်မဖြစ်နိုင်ပါ။ တစ်ကျောင်းချင်း (သို့) ဒေသတစ်ခုချင်း
အနေဖြင့်သာ အကဲဖြတ်သင့်ပေမယ့် တစ်နိုင်ငံလုံး အောင်ချက်ဘယ်လောက်၊
ဘယ်ရာခိုင်နှုန်းဆိုတာ မဖြစ်သင့်ပါ။ ရာခိုင်နှုန်းကို မှတ်တမ်းမှတ်ရာအဖြစ်
ထားဖို့နဲ့ သင်ကြားမှု၊ သင်ယူမှုရဲ့ အားနည်းချက် အားသာချက်ကို တွက်ချင့်ဖို့သာ
ဖြစ်သင့်ပါတယ်။
ကိုလိုနီခေတ်
ပညာရေး အဆင့်လောက်သာ
ဒါပေမယ့် ဒီအချက်တွေကို
အလေးမထားပဲ မနှစ်က ရာခိုင်နှုန်း ဘယ်လောက်မို့ ဒီနှစ် ဘယ်လောက်ဖြစ် ရမယ်၊ အဲဒီရာခိုင်းနှုန်းမျိုး ဆက်ရဖို့၊
ရာခိုင်နှုန်းတိုးဖို့ဆိုကာ “မအောင်” “အောင်”အောင်လို့ moderation လုပ်နေတာ တော့ဖြင့်
စိတ်ပျက်ဖွယ်ရာ ဖြစ်ပါတယ်။ ဒီလို moderation လုပ် အမှတ်ဖြည့်၊
အအောင်ပေးခြင်းအားဖြင့် အရည်အချင်း မပြည့်မီသူတွေကို တက္ကသိုလ်ကို ပို့လိုက်ကြပါတယ်။
တက္ကသိုလ်ရောက်ပြန်တော့ တက္ကသိုလ်ဆိုတာကလည်း ရွှေကျောင်းပြောင်ပြောင်၊ ဝမ်းခေါင်ခေါင်ပါ။
ခေတ်နဲ့ လျော်ညီတဲ့ သင်ရိုးညွှန်းတမ်း၊ သင်ရိုးမာတိကာ၊ သင်ထောက်ကူ ပစ္စည်း၊ အဆင့်မီ စာကြည့်တိုက်၊
internet access center စတာတွေနဲ့ ဆရာ/ဆရာမများရဲ့ အရည်အချင်း မပြည့်မီမှု စတာတွေနဲ့
ပေါင်းလိုက်တော့ လက်ရှိ ဘွဲ့ရ ပညာမတတ်တွေဆိုတာ ပေါ်လာတာပေါ့။ အဲဒီတော့ အရည်အချင်း ရှိ၊ မရှိက အဓိကလား၊ အရေအတွက် ပြည့်မီရေးက အဓိကလား
စဉ်းစားရပါမယ်။ “ဘူးပေါက်တာမလိုချင် ရေပါတာပဲ လိုချင်” ဆိုသူများက “အရေအတွက်မှသည်
အရည်အချင်းဆီသို့”ဆိုကာ အောင်ချက်ကို အရေအတွက်နဲ့
မွေးထုတ် နေဦးမယ် ဆိုရင်တော့ ကိုလိုနီခေတ် ပညာရေးအဆင့် လောက်ပဲ ရပါမယ်။
တစ်ခါက နယ်တက္ကသိုလ်
အဝေးသင်ဌာနခွဲ တစ်ခုမှာ ရာနှုန်းပြည့်(၁၀၀%)
ကျလို့ ထုချေလွှာ တင်ခိုင်းခံရတာ ကြုံခဲ့ရဘူး ပါတယ်။ ကျောင်းသားနှစ်ယောက်ပဲရှိတဲ့ အတန်းမှာပါ။
စာမကြိုးစားလို့ ကျတာက တစ်ယောက်၊ စာမေးပွဲ လာရောက် မဖြေဆိုဖြစ်တာက တစ်ယောက်နဲ့ ရာနှုန်းပြည့်
ကျပါလေရော။ အဲဒီကျောင်းသား နှစ်ယောက် အတွက် သင်ကြားပို့ချသူများကို ထုချေလွှာ တင်ခိုင်းပါသတဲ့။
နှစ်ယောက်တည်းရှိတဲ့ အတန်းမှာ နှစ်ယောက်လုံး အောင်ရင်ကော ၁၀၀% ရာနှုန်းပြည့် အောင်လို့
ယုတ္တိမတန်ဖူးဆိုကာ ထုချေလွှာများ တောင်းဦးမလား မပြောတတ်။ ကြိုးစားသူ၊ ထူးချွန်သူ များတဲ့နှစ်မှာ
ရာနှုန်းကောင်းနိုင်ပေမယ့် နည်းတဲ့နှစ်မှာတော့ ရာနှုန်းကျမှာပါပဲ။ ဒါကို နှစ်အလိုက် တန်းညှိစာရာ
မလိုပါ။
လက်ပိုက်ကြည့်နေခဲ့ကြ
နောက်တစ်ချက်က မိဘများဘက်ကလည်း
ဒီစနစ်မကောင်းဘူးဆိုတာ မသိလို့လား၊ သိသူများကလည်း မပြောသာ တဲ့ ခေတ်မို့လား၊
ဘာပဲဖြစ်ဖြစ် မိမိသားသမီး တစ်နှစ်တစ်တန်း မှန်မှန်အောင်နေတာ ဘာမကြိုက်စရာများ ရှိသလဲလို့
တွေးထား ကြလေသလား။ ထစ်ကနဲရှိ ဆရာ၊ ဆရာမများကို အပြစ်တင်စောကြသူများဟာ ဒီစံနစ်ကို
ချမှတ်ခိုင်းသူများ ကိုတော့ဖြင့် ဘာကြောင့် မဝေဖန်ခဲ့ကြသလဲ၊ အပြစ်မပြောခဲ့ကြသလဲ၊
အခွင့် မသာခဲ့ကြရုံနဲ့ လက်ပိုက်ကြည့်နေခဲ့ကြသလား။ နောက်တစ်ချက်က မိဘပံ့ပိုးမှု ကောင်းကောင်းနဲ့ စေတနာမှန်တဲ့ အရည်အချင်းပြည့်တဲ့
ဆရာ၊ ဆရာမတွေနဲ့ ကြုံရသူ ဆိုလျှင်တောင်မှ ကျောင်းသား/သူများကိုယ်တိုင်
သိချင်တတ်ချင်စိတ်ရှိဖို့က အရေးကြီးလှပါတယ်။ ကိုယ်တိုင်က လည်း စာလိုချင်သူ၊
ပညာလိုချင်သူ ဆိုလျှင်တော့ စံနစ်ဆိုးရဲ့ သားကောင်ဘဝကနေ လွတ်အောင်
ရုန်းထွက်နိုင်ကြမှာပါ။ လက်ရှိ အနေအထားအရတော့ ရုန်းမထွက်နိုင် သူသာ များပါတယ်။ စာကျက်နိုင်လို့၊
စာရလို့ အတန်း အောင်ခဲ့ရင်တောင် အမှန်တကယ် နားလည်တတ်ကျွမ်းမှု ရှိ မရှိကိုဖြင့်
သံသယ ဝင်စရာပါ။ မိဘများကလည်း မိမိသားသမီး အရည်အချင်း မှီတာ၊ မမှီတာ မဆန်းစစ်ကြတော့ပဲ
အတန်းတက်ရေးကို နည်းမျိုးစုံ သုံးကြပြန်ပါတယ်။
ဒီလိုနဲ့ပဲ အားလုံးသော မိဘ၊
ဆရာ၊ ကျောင်းသားများဟာ ဒီစနစ်ဆိုးကြီးကို ကြိုက်ကြိုက်၊ မကြိုက်ကြိုက်
လက်ခံလာခဲ့ကြရတာ တော့ ဆယ်စုနှစ်
နှစ်ခုစာနီးပါးလောက် ကြာပါလေရော။ တချို့များဆို
ဆယ်တန်း ရောက်လာ တာတောင် ခုနစ်(၇)အလီကို မှန်အောင် မရတဲ့လူနဲ့၊ (၂၀) ထဲက (၈) နှုတ်ဖို့
လက်ထောင် ခြေထောက်ထောင်နဲ့ ဖြစ်လာ ပါလေရော။ မယုံမရှိပါနဲ့၊ ကျနော့် ကိုယ်တွေ့မို့ပါ။
ပြောမယုံ ကိုယ်တိုင် ကြုံဘူးသူတွေလည်း ရှိကြမှာပါ။ ဒီလို ကျောင်းသားတွေသာ
များလာလျှင်ဖြင့် အနာဂါတ်အရေး ရင်မောစရာပါ။ ရောက်နေတဲ့ အသက်အရွယ်၊ အတန်းနဲ့
တတ်သိနားလည်မှုတို့ ကိုက်ညီမှု ရှိဖို့ရန်ဟာ အင်မတန် အရေးကြီးလှပါတယ်။
ကြိုးစားအားထုတ်မှု
ပညာရေး နိမ့်ကျနေရတဲ့
အကြောင်းများစွာထဲမှာ အဓိကအချက်တစ်ချက်ကတော့ ကျောင်းသားများရဲ့ “ပညာ” အပေါ်မှာ
စိတ်ဝင်စားမှုနဲ့ ကြိုးစားအားထုတ်မှု အားနည်းခြင်းလည်း ပါဝင်ပါတယ်။ တက္ကသိုလ်
ကျောင်းသားများဆိုလျှင် စာသင်ချိန် အများစုမှာ စာသင်ခန်းထဲ မရှိကြပါဘူး။
စာမေးပွဲကြီးအတွက် အမှတ်တိုက်ရိုက်ရမယ့် practical နဲ့ tutoial ချိန်တွေမှာသာ
မပျက်မကွက် တက်နေကြပြီး lecture ချိန်တွေမှာ သိပ်မတက်ကြတော့တာ မြင်မကောင်းအောင်
ဖြစ်နေပါတယ်။ ကျောင်းတွင်းမှာဆို ကဲင်တင်း(canteen) တွေမှာနဲ့ ကျောင်းပြင်မှာဆို
ပန်းခြံတွေ၊ ရုပ်ရှင်ရုံတွေ၊ အပန်းဖြေ ကစားကွင်းတွေမှအစ အအေးခန်း ဧည့်ရိပ်သာ များအထိ
ရောက်နေကြတာ အားလုံးအသိပင် ဖြစ်ပါတယ်။ ကျောင်းစာကိုသာ စိတ်မဝင်စား ရုံမက ကိုယ့်ပတ်ဝန်းကျင်ကိုပင်
စိတ်ဝင်စားမှု အားနည်းနေတာကို အံ့အားသင့်ဖွယ်၊ ရင်နှင့်ဖွယ် မြင်တွေ့ ခဲ့ရပါတယ်။
တစ်ရက်မှာ တက္ကသိုလ်ဝင်တန်းတက်နေတဲ့ ကျောင်းသား(ရန်ကုန်)အချို့ကို
စာသင်ပေးရင်း အကြောင်းအရာ တစ်ခုနဲ့ တိုက်ဆိုင်လို့ မေးမိသွားပါတယ်။ “အရှေ့အရပ်နဲ့ အနောက်အရပ်က
ဘယ်မှာလဲ” လို့။ ဒီမေးခွန်းဟာ မေးစရာ လိုလို့လား ထင်ရင်တော့ ရန်ကုန်က ကျောင်သားများကိုတော့
ကိုယ်တိုင် မေးကြည့်ကြပါဦး ခင်ဗျာ။
စာပေ
မကျ
ကျနော့်ကို ကျောင်းသားများ ပြန်ဖြေတာက “အရှေ့” ဆိုတာ သူတို့
“မျက်နှာမူထားရာ အရပ်”တဲ့။ “အနောက်”ဆိုတာ သူတို့
“နောက်ကျောဘက်အရပ်” တဲ့။ အမှန်မှာတော့ မျက်နှာမူရာအရပ် အတွက် “အ” မထည့်ပဲ “ရှေ့” လို့သုံးပြီး အရပ်မျက်နှာအတွက်တော့ “အရှေ့”လို့
သုံးမှ မှန်မှာပါ။ ထားပါတော့ သူ့အရပ်နဲ့ သူ့ဇာတ်၊ သူ့ဒေသစကားအရ မှန်ပါတယ်။ ကျနော်က
ဒါကိုမေးတာမဟုတ်ဘူးလို့၊ မေးချင်တာက “အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ”
လို့ ပြောပြပါတယ်။
ဒီတော့ ကျောင်းသားတစ်ယောက်က “နေထွက်ရာ အရပ်ကို အရှေ့ပါ” တဲ့၊
“နေဝင်တဲ့ အရပ်ကို အနောက်ပါ” တဲ့။ “ဒါဆို မြောက်နဲ့ တောင်ကကောကွာ”လို့ ကျနော် ဆက်မေးလိုက်ရင်း
ကိုယ့်ဟာကိုယ်လည်း တွေးမိပါတယ်။ သူတို့ ငယ်ငယ် ကျက်ခဲ့၊ ဆိုခဲ့တာလေး အမှတ်ရသွားဟန်တူရဲ့လို့။
“နေထွက်ရာ အရပ်ကို မျက်နှာမူပါ၊ လက်နှစ်ဘက်ကို ဘေးသို့ ဆန့်တန်းပါ၊” ဆိုတဲ့ စာသားလေးကိုပေါ့။
ဒါဆိုရင်တော့ လက်ယာဘက်ကို တောင်အရပ်၊ လက်ဝဲဘက်ကို မြောက်အရပ်လို့ ဖြေကြတော့မှာပေါ့။
ငယ်ငယ် မှတ်က နားလည်ထားထားတာတွေ အမှတ်ရလာပြီဆို ဝမ်းသာမယ်ကြံကာရှိသေး ကျောင်းသားလေးတစ်ယောက်က
ဆက်ဖြေပါတယ်။
“ဆရာ၊
မြောက်အရပ်က ဒီမှာ”တဲ့ ဆိုကာ အပေါ်ကို လက်ညှိုး
ထိုးပြပါတယ်။ “တောင်အရပ်က အောက်ပါ” တဲ့။
“ဟိုက်….. ဘာဖြစ်လို့ မြောက်အရပ်က အပေါ် ရောက်နေရတာလဲ” ဆိုတော့
“အို ဆရာကလည်း၊ ငယ်ငယ်က ပထဝီဝင်မှာ သင်ရတယ်လေ၊ ဆရာ”တဲ့၊ “မြေပုံမှာ အထက်က မြောက်၊ အောက်က
တောင်လေ”တဲ့။ ကောင်းကြရောဗျာ။
ကျနော် ခေတ်စကားနဲ့ ပြောရရင် အရမ်းအရမ်းကို စိတ်လေသွားတယ်ဗျာ။
ကုဋေရှစ်ဆယ် သူဌေးသားကို
ကျနော် ဖြတ်ကနဲ သတိရသွားမိတယ်။ ကုဋေရှစ်ဆယ်
သူဌေးသားကို မိဘက ကျောင်းမထားခဲ့လို့၊ “စာပေ မကျ” ခဲ့လို့ “အရှေ့အနောက်၊
တောင်မြောက်ဘယ်မှာ” မခွဲခြားနိုင်ခဲ့တာလေ။ ခုတော့ မိဘက
စာပေ “ကျ” အောင် ကျောင်းထားပါရဲ့နဲ့ဗျာ..။ ဖြစ်မှ ဖြစ်ရလေတယ်။
ဒီ “အရှေ့အနောက်၊
တောင်မြောက်ဘယ်မှာ” မသိခြင်းရဲ့ အကြောင်းရင်းနဲ့ နောက်ဆက်တွဲ အကျိုးဆက်ကို စဉ်းစားလိုက်
တော့ အင်မတန် ရင်လေးဖွယ်အခြေအနေကို မြင်တွေ့ရပါတယ်။ ဒီနေရာမှာ “အရှေ့အနောက်” မသိတဲ့ကျောင်းသား
ဘယ်နှစ်ယောက် ရှိလို့လဲ စောဒကတက်နိုင်ပါတယ်။ ကျနော် ဆိုလိုတာက ဒီ“အရှေ့အနောက်” မဖြေနိုင်တဲ့
အဖြစ်က ဥပမာအဖြစ် ပြောချင်တာပါ။ အဓိက ပြောချင်တာက သင်ကြားမှုနဲ့ သင်ယူမှုတွေ အံချော်နေမှုတွေကို တင်ပြချင်တာပါ။ ဆားတုံဆရာတော်
ဆိုလိုခဲ့တာလည်း အရှေ့အနောက် သက်သက်ကို ပြောလိုရင်းမဟုတ်ပဲ လောကအကြောင်း၊ ဘဝအကြောင်း
သိသင့်၊ သိအပ်၊ သိကောင်းစရာ ဝိဇ္ဇာ၊ သိပ္ပ လူ့ကိစ္စပညာရပ် များကို ဆိုလိုတယ်လို့ နားလည်မိပါတယ်။
ပညာသင်ယူရခြင်းရဲ့
မူလရည်မှန်းချက်
ဒါကြောင့်
သင်ကြားသူများဘက်က ထိရောက်တဲ့ သင်ကြားမှု ပေးနိုင်ဖို့လိုသလို သင်ယူသူများဘက်မှလည်း
စာမေးပွဲအောင်ရုံ၊ အတန်းတက်ရုံ၊ အမှတ်ကောင်းရုံ အတွက်သာ အဓိကမထားပဲ ပညာသင်ယူရခြင်းရဲ့ မူလရည်မှန်းချက်များကို
ပေါက်မြောက်အောင်မြင်ဖို့ ကြိုးစားကြရပါမယ်။
ပညာသင်ယူရခြင်းရဲ့
မူလရည်မှန်းချက်များကတော့
(၂) decision making
skill ဆုံးဖြတ်နိုင်စွမ်းသော
ကျွမ်းကျင်မှု၊
(၃) problem solving
skill ပြသနာဖြေရှင်းနိုင်စွမ်းသော
ကျွမ်းကျင်မှု၊
(၅) synthesis skill ပေါင်းစပ်နိုင်စွမ်းသော ကျွမ်းကျင်မှု၊
(၆) analytical skill ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းသော ကျွမ်းကျင်မှု၊
(၇) self-study skill ကိုယ်တိုင်လေ့လာနိုင်စွမ်းသော
ကျွမ်းကျင်မှု၊
(၈) communication skill ပြောဆိုဆက်သွယ်နိုင်စွမ်းသော
ကျွမ်းကျင်မှု၊
(၉) consideration skill စိတ်ဓာတ်ရင့်ကျက်တည်ငြိမ်နိုင်စွမ်းသော
ကျွမ်းကျင်မှု၊
(၁၀) control skill ထိန်းသိမ်းနိုင်စွမ်းသော
ကျွမ်းကျင်မှု၊
(၁၁) leadership skill ခေါင်းဆောင်နိုင်စွမ်းသော
ကျွမ်းကျင်မှု၊
(၁၂) management skill စီမံခန့်ခွဲနိုင်စွမ်းသော
ကျွမ်းကျင်မှု တို့ပဲ ဖြစ်ပါတယ်။
ဒါကြောင့် အနာဂါတ်
ပညာရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရာမှာ အထက်ပါစွမ်းရည်များကို ရရှိစေနိုင်မယ့်
သင်ကြားမှု သင်ယူမှုပုံစံများ ဖော်ဆောင်ရမှာ ဖြစ်သလို မိဘ၊ ဆရာ၊ ကျောင်းသား တက်ညီလက်ညီ
ဝိုင်းဝန်း ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
သို့မှသာ ပညာရည်ပြည့်
လူ့အသိုင်းအဝိုင်းကို တည်ဆောက်နိုင်မှာဖြစ်ပြီး အေးချမ်းသာယာ၊ စည်ပင်ဝပြောသော အနာဂါတ်
နိုင်ငံတော်ကြီးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။ ဒီအရေးဟာ နိုင်ငံ့အရေး၊ နိုင်ငံသားတိုင်းအရေး
ဖြစ်ပါတယ်။ “အိမ်တိုင်းမှာ ကျောင်းသား ရှိသည်”။ ထို့ကြောင့် “ အားလုံးမှာ တာဝန်ရှိသည်” လို့ ဆိုချင်ပါတယ်။
(ဒဂုံတက္ကသိုလ်)
ဦးဇော်မျိုးလှိုင် (ဂ/မမန(နိုင်)၁၂၁၈၉၄)
လက်ထောက်ကထိက၊ ရူပဗေဒဌာန၊
ဒဂုံတက္ကသိုလ်။
Ph- ၄၄၈၀၅၂၃၂၁